အမေရိကန်စစ်တပ်ရဲ့ စစ်တိုင်းတွေကို ဦးစီးဖို့ အမျိုးသမီးဗိုလ်ချုပ်ကြီး ၂ ဦးကို ဘိုင်ဒင် ရွေးချယ်

အမေရိကန်စစ်တပ်ရဲ့ စစ်တိုင်းတွေကို ဦးစီးဖို့ အမျိုးသမီးဗိုလ်ချုပ်ကြီး ၂ ဦးကို ဘိုင်ဒင် ရွေးချယ်
Photo - AFP

မတ် ၉

အမေရိကန်စစ်တပ်ရဲ့ စစ်တိုင်းနှစ်ခုကို ဦးဆောင်မယ့် တပ်မှူးတွေအဖြစ် အမျိုးသမီးနှစ်ဦးကို ခန့်ထားဖို့ သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့မှာ အဆိုပြု ကြေညာခဲ့ပါတယ်။ ယင်းအတွက်ကြောင့် အဆိုပါ အမျိုးသမီးနှစ်ဦးဟာ အမေရိကန်မှာ စစ်တိုင်း တပ်မှူးဆိုတဲ့ အဆင့်မြင့်စစ်ဘက်ရာထူးတွေ ရယူမယ့် ဒုတိယနဲ့ တတိယမြောက် အမျိုးသမီးတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ဂျက်ကွယ်လင်း ဗန် အိုဗို့စ်တ်ဟာ သယ်ယူပို့ဆောင်ရေး စစ်တိုင်းဌာနချုပ်ကို ဦး‌‌ဆောင်ဖို့ ရွေးချယ်အဆိုပြုခံရပြီး သူမဟာ လက်ရှိအချိန်မှာ စစ်တပ်ရဲ့ အမြင့်ဆုံး ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ရာထူးအဆင့်အထိ ရရှိထားခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

အလားတူ ကြယ်သုံးပွင့်အဆင့်ရှိ စစ်တပ်ဗိုလ်ချုပ်ကြီး လော်ရာ ရစ်ချတ်ဆန်ဟာလည်း  ဗဟိုနဲ့ လက်တင်အမေရိကကို လွှမ်းခြုံတဲ့ တောင်ပိုင်း စစ်တိုင်းကို ဦးဆောင်ဖို့ အမည်စာရင်းသွင်းခံရပါတယ်။ သူမဟာလည်း ကြယ်လေးပွင့်အဆင့်ကို ရရှိမှာ ဖြစ်ပါတယ်။

ဆိနိတ်လွှတ်တော်က ဒီ အမည်စာရင်းသွင်းမှုတွေကို အတည်ပြုမယ်ဆိုရင် ဗန် အိုဗို့စ်တ်နဲ့ ရစ်ချတ်ဆန်တို့ဟာ စစ်တပ် စစ်တိုင်းတစ်ခုကို ဦးစီးပဲ့ကိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးဖြစ်ခဲ့တဲ့ လိုရီ ရော်ဘင်ဆင် နောက်ပိုင်း စစ်တိုင်းတွေကို ဦးဆောင်မယ့်အမျိုးသမီး တပ်မှူးတွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ လိုရီ ရော်ဘင်ဆင်ကတော့ အမေရိကန်စစ်တပ်ရဲ့ မြောက်ပိုင်း စစ်တိုင်းဌာနချုပ်ကို ဦးဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မှာ အနားယူခဲ့ပါတယ်။

“ဒီ အမျိုးသမီးနှစ်ယောက်စလုံးဟာ သူမတူ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်း၊ တည်ကြည်မှုနဲ့ နိုင်ငံအပေါ် တာ၀န်ကျေစွာ ထမ်းဆောင်မှုတို့ကို ထုတ်ပြထားပြီး ဖြစ်ပါတယ်” လို့ ဘိုင်ဒင်က ယမန်နေ့က အိမ်ဖြူတော် မိန့်ခွန်းတစ်ရပ်မှာ အဆိုပါ အမျိုးသမီးဗိုလ်ချုပ်ကြီးနှစ်ဦးအကြောင်း ပြောသွားခဲ့ပါတယ်။

“ဒီနေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်၊ ဒီအမျိုးသမီးတွေရဲ့ အတားအဆီးတွေ ချိုးဖျက် စွမ်း‌ဆောင်ထားနိုင်ခဲ့မှုတွေကို ကျွန်တော်တို့ အသိအမှတ်ပြု ကြည့်ရှုဖို့ လိုပါတယ်” လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။
အမေရိကန်စစ်တပ်မှာ စစ်တိုင်း ၁၁ ခုရှိပြီး အားလုံးကို ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးတွေက ဦးဆောင်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly