ဗြဟ္မပုတ္တရမြစ် ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်အတွင်း စတင်ရန် တိဘက် တိုက်တွန်း

ဗြဟ္မပုတ္တရမြစ် ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်အတွင်း စတင်ရန် တိဘက် တိုက်တွန်း

တရုတ်နိုင်ငံအနေဖြင့် ဗြဟ္မပုတ္တရမြစ်ပေါ်တွင် တည်ဆောက်မည့် အငြင်းပွားဖွယ်ရာ ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်အတွင်း စတင်ရန် တိဘက်ကွန်မြူနစ်ပါတီအကြီးတန်းအရာရှိတစ်ဦးက မတ်လ ၈ ရက်တွင် တိုက်တွန်းလိုက်သည်။

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ချီဒယ်လာက စီမံကိန်းအတွက် ဘက်စုံစီမံကိန်းရေးဆွဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ခြင်းကို အမြန်ဆုံးပြီးဆုံးအောင် လုပ်ဆောင်သင့်ကြောင်း ကိုယ်စားလှယ်အဖွဲ့၏ ရှင်းလင်းတင်ပြပွဲတွင် ပြောကြားခဲ့ဟု တရုတ်ပါလီမန်မှ ထုတ်ပြန်ခဲ့သည်။

တိဘက်မှာ "ဒီနှစ်အတွင်းတည်ဆောက်ရေးလုပ်ငန်းကို စတင်ရန်ကြိုးပမ်းသင့်ပါတယ်" ဟု သူက ပြောသည်။

တိဘက်၌ YarlungTsangbo ဟုလူသိများသော မြစ်ပေါ်တွင် တရုတ်၏ ဧရာမရေအားလျှပ်စစ်စီမံကိန်းကြောင့် အိန္ဒိယတွင်မြစ်အောက်ပိုင်း ရေကြောင်းစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး၊ ရေပြတ်လပ်မှုကို ပိုမိုဆိုးရွားစေပြီး ရေကြီးမှုများကိုပင်ဖြစ်ပေါ်စေနိုင်သဖြင့် အိန္ဒိယတွင်စိုးရိမ်ပူပန်မှုများမြင့်တက်လာနေသည်။

ယင်းမြစ်သည် မိုင်ပေါင်း၁၈၀ဝကျော်စီးဆင်းပြီး တိဘက်၊အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဆင်းသွားသည်။

၂၀၂၁မှ၂၀၂၅ခုနှစ်ကာလအတွင်း နိုင်ငံ၏ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများအနက်မှ ပြီးခဲ့သည့်သီတင်းပတ်က တရုတ်၏ငါးနှစ်စီမံကိန်းအသစ်တွင် ယင်း YarlungTsangbo မြစ်အောက်ပိုင်းရေအားလျှပ်စစ် အခြေစိုက်စခန်းစီမံကိန်းကို စာရင်းထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းမြစ်တွင် ၆၀ ဂစ်ဂါဝပ် အထိ ထုတ်လုပ်သောစီမံကိန်းကို တည်ဆောက်နိုင်လိမ့်မည်ဟု အစိုးရ မီဒီယာများမှဖော်ပြခဲ့သည်။ ယင်းသည် ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံ၏၂၂.၅ ဂစ်ဂါဝပ် ထုတ်လုပ်သောThree Gorges Dam စီမံကိန်းထက်ကျော်လွန်သွားမည်ဖြစ်သည်။

တရုတ်သံတမန်တစ်ဦးက ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ယင်းစီမံကိန်းသည် “ ကနဦးစီစဉ်ချက်နှင့် သရုပ်ပြခြင်းအဆင့်”တွင်သာ ရှိသေးသည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ရေသိုလှောင်နိုင်စွမ်းတိုးမြှင့်နိုင်ရေးနှင့် တရုတ်စီမံကိန်း၏ သက်ရောက်မှုများကို တန်ပြန်ရန်အတွက် ကိုယ်ပိုင်ရေကာတာ တည်ဆောက်ရန်အစီအစဉ်များကို စဉ်းစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly