စာဖတ်များလေ အမှန်ဘက်ကို ပိုနီးစပ်လေလို့ ဆိုတဲ့ ဒေါက်တာ ခင်မောင်လွင်ရဲ့ အောင်မြင်မှု သဘောတရား

By မဇ္ဈိမ
25 November 2015
စာဖတ်များလေ အမှန်ဘက်ကို ပိုနီးစပ်လေလို့ ဆိုတဲ့ ဒေါက်တာ ခင်မောင်လွင်ရဲ့ အောင်မြင်မှု သဘောတရား

လူတွေဟာ အောင်မြင်မှုကို ရဖို့အတွက် နေ့စဉ်နေ့တိုင်း ကြိုးစားရုန်းကန် နေကြရပါတယ်။ အောက်ဆုံးဘဝကနေ ကြိုးစား ရုန်းကန်ရသူတွေ ရှိသလို ပြည့်စုံပြီးသား ဘဝတွေကနေ အောင်မြင်မှုတွေကို ဆက်တိုက် ရှာဖွေ သူတွေလည်း ရှိနေပါတယ်။ ဒီတစ်ပါတ်မှာ ကျွန်တော်တွေ့ဆုံ မေးမြန်းသွားမယ့်သူကတော့ Fame  ဆေးဝါးလုပ်ငန်းကို အောင်မြင်စွာ ဦးဆောင်နေတဲ့ ဒေါက်တာ ခင်မောင်လွင် ဖြစ်ပါတယ်။

သူ့ရဲ့မိဘတွေဟာ နိုင်ငံဝန်ထမ်းများ ဖြစ်ပြီးတော့ ဖခင်ကတော့ တပ်မတော်သား တစ်ဦး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သူဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ အတွက် ဘဝမှာ မပြည့်စုံမှုတွေနဲ့ ကြိုးစားခဲ့ရပေမယ့် ယခုချိန်မှာတော့ အောင်မြင်တဲ့ ဘဝတစ်ခုကို ရရှိနေပြီ ဖြစ်ပါတယ်။ အခုလို အောင်မြင်မှုကို ရဖို့အတွက် ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရသလဲ ဆိုတာကို သိရှိနိုင်စေဖို့ အောင်မြင်သူနဲ့ အတူ တွေ့ဆုံ စကားပြောကြည့်ပါမယ်။

 

ဆရာမွေးတာတော့ မန္တလေးမှာ မွေးတာပါ။ အဖေက စစ်မှုထမ်းပါ။ စစ်မှုထမ်းဆိုတော့ မန္တလေး နန်းတွင်း ထဲမှာ မွေးခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမှာ မွေးတယ်ဆိုပေမယ့်  မန္တလေးမှာ သိပ်အကြာကြီး မနေရဘူး။ အဖေက တပ်က ဝန်ထမ်းဆိုတော့ တပ်ကနေ လျှောက်ပြီးတော့ ပြောင်းနေရတာပေါ့နော်။ ဆရာ မန္တလေးမှာ မွေးပြီး  ပြင်ဦးလွင် ရောက်တယ်။ ပခုက္ကူရောက်တယ်။ ရှမ်းပြည်နယ် တောင်ပိုင်း လွယ်လင်ဆိုတာ ရှိပါတယ်။ အဲဒီမှာနေရတယ်။  လွယ်လင်မှာ ဆရာ ကျောင်းစတက်တာ။

လွယ်လင်မှာ သူငယ်တန်း စတက်တယ်။ နောက်လွယ်လင်မှာ နေပြီးတော့ ကွတ်ခိုင်ကို ပြောင်းရတယ်။ ကွတ်ခိုင် ကနေပြီးတော့ တောင်ကြီးကို ပြောင်းရတယ်။ တောင်ကြီးကနေပြီးတော့ လာရှိုးကို ပြောင်းရတယ်။ လာရှိုးမှာ ၅တန်း၊ ၆တန်း၊ ၇တန်း၊ ၈တန်း ပေါ့နော်။ လာရှိုးကနေပြီးတော့ ပုသိမ်ကို ရောက်တယ်။ ပုသိမ်မှာ ဆယ်တန်း အောင်တယ်ပေါ့။ ပုသိမ်က အောင်ပြီးတဲ့ အခါကျတော့ ရန်ကုန် ပြောင်းလာတယ်။ ရန်ကုန်မှာ ကောလိပ် တက်တယ်၏။ ရန်ကုန်မှာပဲ ဆေးတက္ကသိုလ် ၂ ကနေ ဆရာဝန်ဖြစ်တယ်။ ဒါကတော့ အကျဉ်းချုပ် ပေါ့နော်။

 

ဆေးကျောင်းတက်နေရင်း တစ်နေ့မှာတော့ စစ်မှုထမ်း ဥပဒေကြောင့် တပ်မတော်တွင်းမှာ တာဝန်ထမ်းဆောင်ဖို့ အတွက် အကြောင်းဖန် လာခဲ့ပါတယ်။

မှန်ပါတယ် ဆရာ ဆေးတက္ကသိုလ်နှစ် ရန်ကုန်မှာ တက်တယ်ပေါ့နော်။ အဲလိုတက်နေတုန်းမှာ  တပ်က နေပြီးတော့ ဆေးတက္ကသိုလ် ဗိုလ်လောင်းဆိုပြီး ခေါ်တယ်။ ဘာလို့ခေါ်ရလဲ ဆိုတော့ အဲဒီတုန်းက တပ်ထဲမှာ ဆရာဝန် ရှားပါးမှု ဖြစ်လာတယ်။ ရှားပါးမှု ဖြစ်လာတာ ကြောင့်မို့လို့ ပြည်သူ့စစ်မှုထမ်း ဆရာဝန်ဆို ပြီးတော့ အရပ်ဖက်  ဆရာဝန်တွေကို စစ်မှုထမ်းခိုင်း ပြီးတော့ နိုင်ငံတော်စစ်မှုထမ်း ဥပဒေအရ ၃နှစ် မထမ်းမနေရ ဆိုပြီးတော့ ခေါ်ပြီးတော့မှ ဆရာဝန် လုပ်ခိုင်းတဲ့ အခြေအနေမျိုးပါ။

အဲတော့ တပ်ထဲမှာ ဆရာဝန်ရှားပါတဲ့ အတွက်ကြောင့်မို့လို့ လူကြီးတွေကနေပြီးတော့မှ ဆေးတက္ကသိုလ် ကျောင်းသား ဘဝကနေမှ သူတို့ တပ်မတော်မှာ လိုအပ်တဲ့ ဆရာဝန်တွေကို ခေါ်မယ်ဆို ပြီးတော့ ဖြစ်ပါတယ်။ ဒါဆရာတို့ နှစ်မှ စလုပ်တာပေါ့နော်။ ဟိုအရင်ကတည်းက ရှိခဲ့ဘူးတယ်။ ဒါပေမယ့် အဲလို မလုပ်တာ ကြာလှပြီ။ ဆရာတု့ိ နှစ်ကျမှ စခေါ်တဲ့ အခါ ဆရာတို့ကလည်း တပ်မတော်မှာ အမှုထမ်း ချင်တာနဲ့ အဖေကလည်း စစ်သားဖြစ်တာနဲ့ ဒါကြောင်မို့ ဆရာ လျှောက်လိုက်တယ်။

လျှောက်လိုက်တဲ့ အခါ ဆရာ အရွေးခံရတယ်ပေါ့လေ။ အရွေးခံတော့ ကျောင်းတစ်ကျောင်းကို အတန်း တစ်တန်းမှာ လေးငါးဆယ်ယောက် ရွေးတယ်။ ရွေးတဲ့ အခါမှာ ဆရာတို့ အတန်းထဲမှာဆို ၆ယောက်ပေါ့။ ယောက်ျားလေး ၃ ယောက် မိန်းကလေး ၃ ယောက် အရွေးခံရပါတယ်။ အရွေးခံရပြီးတော့ ဒုတိယနှစ်က စပြီးတော့ တစ်လ တစ်ကြိမ် Traning  သွားရတယ်။ သူတို့ရဲ့ တပ်မတော်နဲ့ ပတ်သက်တာတွေ သူတု့ိ သင်ပေးတာ တွေ နားထောင်ရတယ်။ အဲဒီကနေပြီးတော့ ကျောင်းလည်း ပြီးရော ဆရာဝန်လည်း ဖြစ်ရော ဆရာ တပ်ထဲ   တန်းရောက်သွာတယ်။  ဆိုလို တဲ့ အဓိပ္ပာယ်ကတော့ ဒုတိယနှစ် ကျောင်းသား ဘဝကတည်းက ဗိုလ်လောင်းနဲ့ ဆရာတို့က နေရတယ်။ ပြီးတဲ့အခါမှာ တပ်ထဲမှာ ဆရာ ၅နှစ်တိတိ နေခဲ့ပါတယ်။

 

တပ်မတော်တွင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ရှေ့တန်းစစ်မြေပြင်ကိုလည်း ရောက်ရှိခဲ့ရပါတယ်။ ဒီလိုမျိုး ကြမ်းတမ်းတဲ့ ဘ၀ အတွေ့အကြုံတွေဟာ သူ့အတွက်တော့ အမြဲတမ်း အမှတ်တရ ရှိနေတယ်လို့ ပြောပြပါတယ်။

စစ်မြေပြင် ထွက်တော့ ဆရာတို့သွားရတဲ့ အချိန်က ၈၅/၈၆ ပေါ့။ အဲချိန်တုန်းက ကရင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ တအားလုပ်တဲ့ အချိန်ပေါ့နော်။ အသေပျောက်တွေ အကျအဆုံးတွေလည်း များတယ်။ စစ်ဆင်ရေးကလည်း အကြီးမားဆုံးလို့ ပြောလို့ရတယ်။ အဲဒီမှာ ဆရာတို့ စစ်ဆင်ရေး ပါသွားတယ်ပေ့ါနော်။ စစ်ဆင်ရေး ပါသွားတော့ အရင်တုန်းကတော့ မြို့ပေါ်မှာ နေရတာပေါ့ကွယ်။ တောထဲဆိုတာ ဘာမှ မသိဘူး။ စစ်ဆင်ရေး ဆိုတာလည်း ဘာမှ မသိဘူး။ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာပေါ့နော်။ ရုပ်ရှင်ထဲမှာတော့ မြင်တော့ ဒီလောက် ဆိုးဆိုးရွားရွား မဖြစ်ဘူး။

ကိုယ်တိုင် ကိုယ်ကျတွေ့တော့ စစ်ဆင်ရေးသွားနေရင်း မိုင်းတွေ ထိတယ်။ မိုင်းထိတဲ့သူတွေက ခြေထောက်တွေဆိုလည်း သစ်ပင်ပေါ် တက်ချိတ်ပေါ့နော်။ ပြီးရင် လူကလည်း အော်ဟစ်ပေါ့။ သွေးရဲ သံရဲပေါ့။ စစ်ကြောင်းသွားနေတုန်း ရန်သူကလည်း ဘေးကနေ ပစ်မလား ပြုမလား ရှိသေးတယ်။ အဲကြားထဲမှာ ဆရာတို့က အသက်ကယ်တဲ့ သူလုပ်ရတယ်။ အဲကတစ်ဆင့်မှ ဆရာတို့က အခုသိတဲ့ တာလေတို့ မဲလတို့ မော်ဖူးကေတို့ ရှမ်းရွာသစ်တို့ မဲသဝေါတို့ အဲဒီနေရာတွေ ဆရာ အကုန်ရောက်ခဲ့တယ်။

စစ်ဆင်ရေးက အားလုံးနှစ်ခေါက်ပေါ့နော်။ တပ်မ ၄၄ နဲ့ တစ်ခေါက် ရောက်တယ်။ တပ်မ ၆၆ နဲ့ တစ်ခေါက် ရောက်တယ်။ အဲဒီစစ်ဆင်ရေး ကာလတွေဟာ ဆရာဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့ရက်တွေ ဖြစ်ပါတယ်။  တစ်ခါတလေကျရင် ဆရာတို့က ညဘက်ကြီး တိုက်ပွဲတွေ ဖြစ်တယ်ဆိုလို့ ရှိရင် ညကြီးမှာ ဘာမှလည်း မမြင်ရတော့ဘူး မှောင်ကြီး မဲကြီးမှာ ဘာဖြစ်လို့ ဖြစ်နေမှန်းလဲ မသိဘူး။  တိုက်ပွဲ ဖြစ်တယ်ဆိုရင် သေနတ်ထိတဲ့ သူကတော့ အော်တာပေါ့နော်။ ကိုယ့်ကို အားကိုးချင်တယ်။ ဆေးတပ်ဖွဲ့ လာပါ။ ဘယ်သွားရမလဲမသိဘူး။ ဘယ်လိုသွားရမလဲ မသိဘူး။ ဒါမျိုးတွေလည်း ဆရာ ကြုံရတယ်။

 

ဆရာရဲ့ဘဝမှာ စစ်ဘက်ဆိုင်ရာမှာ အမှုထမ်းဆောင်ခဲ့တော့ ခုလက်ရှိဘဝမှာကော ဘယ်လောက်ထိ အဲဒီအတွေ့ အကြုံတွေနဲ့ ဘယ်လောက်ထိ အထောက်ပံ့ ဖြစ်ခဲ့လည်း ဆရာ။

အများကြီး ဖြစ်တာပေါ့။ နံပါတ်တစ် စည်းကမ်းပိုင်း ဆိုင်ရာပေါ့။ ဆရာတို့ လုပ်ခဲ့တဲ့ ဆေးရုံမှာ ရှိတဲ့ ဆရာ/ဆရာကြီး တွေပေါ့ ဆရာ အမြဲပြောပြတယ်။ ဗိုလ်မှူးကြီး သိန်းကျော်တို့ ဗိုလ်မှူးကြီး ကြည်လွင်တို့ တပ်ထဲမှာဆို လူတိုင်းသိကြပါတယ်။ သူတို့ဟာ အင်မတန်း စည်းကမ်းကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေပေါ့။ ဒါမျိုးလူတွေက ခုချိန်မှာဆို ဆရာတို့ မတွေ့ရသလောက် ဖြစ်သွားပြီ။

နံပါတ်တစ်က Traning  ကောင်းကောင်းရတယ်။ ပြီးရင် နောက်တစ်ခုက စစ်စည်းကမ်းပေါ့။ စစ်စည်းကမ်းဆိုတဲ့ နေရာမှာ ဆရာပထမဆုံး ဆရာ သတင်းပို့တဲ့ အခါမှာ ဆရာ MO  အနေနဲ့ ရောက်သွားတယ်။  ရောက်သွားတဲ့ အခါမှာ ဆရာ့ ဆရာ ဗိုလ်မှူးကြီး သိန်းကျော်က ကိုခင်မောင်လွင်တဲ့ ခင်ဗျား MO  တစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားကို ခင်ဗျားသိလားတဲ့။ အစ်ကိုက အကြမ်းဖျင်းပဲ သိတာပေါ့နော်။ မသိလို့ ရှိရင် ခင်ဗျား အလုပ်မဝင်နဲ့ဦး စာကြည့်တိုက်သွားပြီး ခင်ဗျား စာသွားဖတ်လိုက်ဦး ဆိုပြီးတော့ ကျွန်တော့်ကို ပထမဆုံး  သင်ခန်းစာ ပေးလိုက်တာပေါ့နော်။ အဲတာ ကျွန်တော်မှာ စာကြည့်တိုက်သွားပြီး MO  တစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ဖတ်ပြီးတော့ ပြောပြီးတော့မှ အလုပ်ဝင်လို့ ရတယ်ပေါ့နော်။ အဲလိုမျိုး တိကျတဲ့ ဆရာတွေပေါ့နော်။

နောက်တစ်ခုက ရှေ့တန်းသွားတယ်။ တောထဲရောက်တယ်။ တောထဲရောက်တော့ တစ်ခါမှ ဒီလို ပင်ပန်းဆင်းရဲတာကို အိမ်မှာ နေတုန်းက မခံစားခဲ့ရဘူးပေါ့နော်။ မြို့မှာ ပင်ပန်းဆင်းရဲဆိုတာ တောထဲက ဒီနေ့စကားနဲ့ဆို ပျင်းတောင်း ပျင်းသေးတယ်။ တောထဲမှာ တကယ့် အနေထိုင်အစားသောက် အောက်ကလည်း မိုင်း အပြင်က လက်နက်ကြီးက ကျ အဲလိုမျိုး နေလာတဲ့ အခါကျတော့ နေလာတဲ့ အခါကျတော့ တော်ရုံတန်ရုံ ကို အခက်အခဲလို့ မထင်တော့ဘူး။ တော်ရုံတန်ရုံ အခက်ခဲတွေကို ကျော်ဖြတ်တဲ့ အခါမှာ အများကြီး အထောက်ကူ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင်တော့ ရင်ကျက်မှုပေါ့နော်။ အချို့ သူငယ်ချင်းးတွေဆို တော်ရုံတန်ရုံ ကိစ္စလေးတွေနဲ့ စိတ်ညစ်ကြတယ်။ ဘာမှ စိတ်ညစ်စရာမလိုဘူး။ သူတို့ကို အားပေးလို့ ရတယ်ပေါ့နော်။ ကိုယ်ကိုယ်တိုင် ဒါမျိုးကြုံတွေ့ထားတဲ့ အတွက်ကြောင့်မို့လို့ တော်ရုံတန်ရုံ ကိစ္စလည်း မမှုဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့ အခါမှာ အများကြီးး အထောက်အကူ ဖြစ်တယ်ပေါ့နော်။ အဲဒီလို စိတ်ဓါတ်ခွန်အား ပေးနိုင်တာ အဲဒီ တောထဲက အတွေ့အကြုံပဲ။

 

တပ်မတော်တွင်မှာ တာဝန်ထမ်းဆောင်ရင်း ၈၈ အရေးခင်းကာလ ရောက်တဲ့ အခါမှာတော့ သူရဲ့ဘဝမှာ မမျှော်လင့်တဲ့ တစ်ဆက်ချိုး အပြောင်းလဲတွေနဲ့ ကြုံတွေခဲ့ရပါတယ်။

တကယ့်တော့ ဆရာတို့ Permanent သမားတွေပေါ့နော်။ တပ်ထဲမှာ ရေရှည်နေဖို့ပဲ။ ဒါပေမယ့် ခက်တာက ဘာဖြစ်တာလဲဆိုတော့ ၈၈ အရေးခင်း ဖြစ်လာတယ်။ ၈၈ အရေးခင်းဖြစ်တဲ့ အခါမှာ မြန်မာနိုင်ငံ ဆရာဝန် အသင်းနဲ့ ဆရာတို့က ပါဝင်ပြီးတော့ တက်ကြွစွာ လှုပ်ရှားတဲ့ အတွက်ကြောင့်မို့လို့ တပ်ကနေ ဆရာတို့ကို အနားပေးလိုက်တယ်။ အနားပေးလိုက်တော့ တပ်ထဲကနေ ဆရာတို့ အပြင်ရောက်လာတယ်။ မမျှော်လင့်ဘဲ အပြင် ရောက်လာတာပေါ့နော်။ ဒါလဲ ဆရာတို့ ကျေကျေနပ်နပ်ပါ။ ကိုယ့်ယုံကြည်ချက်နဲ့ ပေါ့နော်။ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ့်လုပ်တဲ့ အတွက်ကြောင့်မို့လို့ ဆရာတို့ကို အပြင်ကို အငြိမ်းစား ပေးလိုက်တယ်ဆိုတော့ ဒါဘာပဲ ဖြစ်ဖြစ်ဆရာ ကျေနပ်တယ်။

အပြင်ရောက်တဲ့ အခါမှာ နဂိုကတည်းက အတွေ့ကြုံတွေ ရှိပြီးသားပဲ။ အပြင်မှာ ဆရာတို့ အပြင်စီးပွားရေး တစ်ခု လုပ်တယ်ပေါ့နော်။ လုပ်တဲ့ အခါမှာ ဆရာပထမပိုင်းတော့ ဆေးခန်းထိုင်တယ်။ ဆရာစာသင်တာ ဝါသနာပါတဲ့ အတွက်ကြောင့်မို့လို့ စာသင်တဲ့ အလုပ်ကို လုပ်တယ်။ အလုပ်နှစ်ခု လုပ်တယ်။ အဲလို လုပ်ပြီးတော့မှ ဒါ ၅နှစ်လောက် လုပ်တယ်ပေါ့နော်။ လုပ်ပြီးတဲ့ အခါ ဆရာ ဆေးခန်းဖွင့်တာလဲ ဆရာ အောင်မြင်ပါတယ်။ စာသင်တာလဲ ကျောင်းသားတွေ အများကြီးပဲ။

အဲဒီကနေ  ၁၉၉၄ ခုနှစ် ရောက်လာတဲ့ အခါမှာ ဆရာ Fame  ဆိုပြီးတော့ Business  လုပ်ချင်တယ်။ ဆရာဝါသနာပါတာက အပင်တွေနဲ့ ပတ်သက်လို့ အပင်တွေနဲ့ တင်မဟုတ်ဘူး ဆေးဝါးနဲ့ ပတ်သက်လို့ပေါ့။ ဆေးဝါးနဲ့ ပတ်သက်လို့ ဆရာ ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ချင်တယ်။ ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းကို ဆရာ လုပ်ချင်တယ်။ ဒါကြောင့်မို့ ၉၄ ခုနှစ်ကစပြီးတော့ ဒီ Frame  ဆေးဝါး ထုတ်လုပ်ငန်းကို လုပ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆရာရဲ့ Fame  ဆေးဝါးလုပ်ငန်းဟာ မြန်မာနိုင်ငံမှာဆို အထင်ကရဖြစ်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောလို့ရတယ် ဆရာ။ ခုလိုအောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို စစချင်းမှာ အောင်မြင်အောင် ဘယ်လို ရုန်းကန်ခဲ့ရလဲ ဆရာ။ ပထမဦးဆုံးပေါ့။

စလုပ်ခါစတော့ ရုန်းကန်ခဲ့ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပညာရပ်တွေက ဆရာတို့ ကျောင်းမှာ မသင်ခဲ့ရဘူးပေါ့။ ဆရာ ဆရာဝန်တစ်ယောက် ဖြစ်တယ်။ ဆရာဝန်ဆိုတာ ဆေးပဲ ကုတတ်တာလေ။ ဆေးထုတ်တဲ့ အလုပ်ကို ဆရာတို့က မလုပ်တတ်ဘူး။ ဆေးဝါးနဲ့ ပတ်သက်လို့ သုံးပဲ သုံးတတ်တာ။ ဘယ်လို လုပ်ရတယ်ဆိုတာ နားမလည်ဘူး။ ဒါတွေနဲ့ ပတ်သက်လို့ ဆရာ ၁၉၉၄ ခုနှစ်မှာ စလုပ်ချင်တယ် ဆိုတော့ လေ့လာရတာ ပေါ့နော်။ ပထမဆုံးတော့ မြန်မာနိုင်ငံမှာ လေ့လာတယ်။ ပြီးတော့ နိုင်ငံခြားထွက်ပြီး လေ့လာတယ်ပေါ့နော်။ အဲကရတဲ့ အတွေ့ကြုံနဲ့ ကိုယ်တိုင် ဆရာ စလုပ်တာပေါ့။

စလုပ်တဲ့ အခါမှာ ဒုတိယ စတဲ့ ဆရာကတော့ မြန်မာနိုင်ငံ ဆေးဝါးစက်ရုံ MPF ပေါ့နော်။ အရင်တုန်းကတော့ BPI   လို့ခေါ်တယ်။ ၉၄ ခုနှစ်မှာ ဆရာတို့က စပြီးတော့ BPI  နဲ့ လုပ်ငန်းတွေ အကျိုးတူ ပူးပေါင်းလုပ်တယ်။ အကျိုးတူ ပူးပေါင်း လုပ်ဆောင်တဲ့ အခါမှာ ဆရာက အဲဒီ BPI  စက်ရုံကြီးထဲကို ထဲထဲဝင်ဝင် လေ့လာခွင့် ရတယ်။ အဲမှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆရာ ရင်းနှီးတယ်ပေါ့နော်။ အဲတော့ မြန်မာနိုင်ငံ ဆေးဝါး စက်ရုံမှာရှိတဲ့ ဝန်ထမ်းတွေ ဆရာတွေ အတော်များများက ဆရာရဲ့ ဆရာသမားတွေလို့ ပြောလို့ရတယ်။ မသိတာ ရှိရင် သူတို့ကို မေးတယ်။

ဆရာတို့က နိုင်ငံခြားက ကုန်ကြမ်းတွေ သွင်းတယ်။ စက်ပစ္စည်းတွေ သွင်းတယ်။ BPI  ကနေပြီးတော့ ဆေးတွေ ထုတ်တယ်။ အဲတော့ ဆရာစပြီးတော့ လုပ်ကတည်းက ဒါတွေ အကုန်လုံးကို လေ့လာတယ်။ လေ့လာတဲ့ အခါမှာ ဒီစက်ရုံတစ်ရုံကို ဘယ်လို လုပ်ရတယ်ဆိုတာ လေ့လာခွင့်ရတယ်။ အဲတော့ ကုန်ကြမ်းလည်း ဒီအတိုင်းပဲ ဆရာတို့က နိုင်ငံခြားကနေပြီးတော့ ကုန်ကြမ်းဝယ်တယ်ဆိုပေမယ့် ကိုယ့်က  ဒီလုပ်ငန်းကို လုပ်ချင်တဲ့သူဖြစ်တဲ့ အတွက် ကုန်ကြမ်းကို နိုင်ငံခြားကနေ ဝယ်ရုံနဲ့ မပြီးသေးပဲ ကုန်ကြမ်း ထုတ်လုပ်တဲ့ နေရာထိပါ ဆရာတို့က မင်းတို့ စက်ရုံတွေကို လာကြည့်ချင်တယ်။ သူတို့က ခွင့်ပြုတယ်ဆိုရင် သွားကြည့်တယ်ပေါ့နော်။ သွားကြည့်တော့ ကုန်ကြမ်းဘယ်လို ထုတ်လုပ်ရတယ်ဆိုတာ ဆေးဝါးကုန်ကြမ်း တစ်ကနေစပြီးတော့ "က" ကြီးကနေ "အ" အထိ ဘယ်လို လုပ်တယ်ဆိုတာ သိတယ်။

ပြီးတော့ အဲကုန်ကြမ်းကိုမှ ဆရာတို့ဝယ်တယ်။ ဝယ်ပြီးတော့မှ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံမှာ ကုန်ချော ဖြစ်အောင်ထုတ်တယ်။ ကုန်ချော ဖြစ်ပြီးတဲ့ အခါမှာ ဈေးကွက်ထဲကို ဖြန့်တယ်။ ဖြန့်တာလဲ ကိုယ်တိုင် လုပ်တယ်ပေါ့နော်။ အဲဒီတော့ ဒီအချိန်တစ်ခုတည်းမှာ ကုန်ကြမ်း "က" နေပြီးတော့ နောက်ဆုံး ကုန်ချော စားသုံးသူ လက်ထဲ ရောက်တဲ့ အထိ တစ်ခုလုံးကို ဆရာ လေ့လာခွင့်ရခဲ့တယ်။  ၅နှစ်/၆နှစ်လောက် လေ့လာတဲ့ အခါမှာ ဆရာ တီးမိခေါက်မိ  ဖြစ်သွားတယ်။

မြန်မာနိုင်ငံ ဆေးဝါးစက်ရုံမှာ ၁၉၉၄ ခုနှစ်က စလုပ်တော့ ၁၉၉၉ပေါ့နော် ၅နှစ်လောက်ကြာတဲ့ အခါမှာ ဆရာကိုယ်ပိုင် လုပ်ချင်တဲ့ ဆန္ဒ ဖြစ်လာတယ်။ ကိုယ်ပိုင်လုပ်ချင်တဲ့ ဆန္ဒဖြစ်လာတဲ့ အခါမှာ အရင်တုန်းကတော့ အစိုးရစက်ရုံနဲ့ ပူးပေါင်းလုပ်တာပေါ့လေ။ ပူးပေါင်းလုပ်တော့ တစ်ချို့အရာတွေက ကိုယ့်ဖြစ်ချင်တဲ့ ဆန္ဒ မဖြစ်ဘူးပေါ့။ သူတို့နဲ့ ပေါင်းလုပ်တော့ သူတို့က ခွင့်ပြုတာ ရှိတယ်။ ခွင့်မပြုတာ ရှိတယ်။ ကန့်သန့်ချက်တွေ ရှိတာပေါ့နော်။

၉၉ ခုနှစ်မှာ ကံကောင်းတဲ့ အချက်က မြန်မာနိုင်ငံမှာ စက်မှုဇုန်တွေ ဖော်ထုတ်ပြီ ဆိုပြီး ဖြစ်လာတယ်။ စက်ရုံဆောက်ချင်တဲ့ သူတွေကို စက်မှုဇုန်တွေမှာ နေရာပေးမယ်။ စက်မှုဇုန်မှာ မြေကွက်တွေ လျှောက်ပါ ဆိုတော့ ဆရာတို့ မြေကွက်လျှောက်တယ်။ မြေကွက်လျှောက်တော့ ခုမှာရောက်နေတဲ့ နေရာပေါ့နော်။ ဒါ ၃ ဧက ရှိပါတယ်။ အဲမှာစပြီးတော့ ကိုယ်ပိုင်စက်ရုံစပြီး လုပ်မယ် လုပ်တယ်။ ဒါပေမယ့် စခါစ အရင်းအနှီးက မရှိဘူးလေ။ အရင်းအနှီးမရှိတော့ မြေကွက်လေး ဝယ်ဖို့တောင်မှ ပိုက်ဆံလေးစုပြီး ဝယ်ရတာ။ ပြီးရင် BPI နဲ့ အလုပ် လုပ် ရတဲ့ပိုက်ဆံလေးနဲ့ ခြံစည်းရိုးလေးခတ် ပြီးရင် BPI နဲ့ အလုပ် အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်တာပေါ့နော်။ တည့်တည့်ပြောရရင်တော့ မြန်မာနိုင်ငံ ဆေးဝါးစက်ရုံနဲ့ ပူးပေါင်းပြီး အကျိုးတူလုပ်ကိုင်လို့ရတဲ့ အကျိုးရလဒ်တွေနဲ့ ဒီဘက်ကနေပြီးတော့ လုပ်ငန်းကို ဖြည်းဖြည်းချင်း  စတင်တည်ထောင်တာ ဖြစ်ပါတယ်။

 

ဒါကတော့ ဆရာရဲ့ အပိုင်းနှစ်ပိုင်းကို ကျော်ဖြတ်ခဲ့ရတာပေါ့နော်။ တစ်ဖက်မှာ ပြန်ကြည့်တဲ့ အခါကျတော့ ဆရာက ဆရာဝန် တစ်ယောက်ဖြစ်တဲ့ အခါကျတော့ စီးပွားရေး ပညာရှင် တစ်ယောက်မဟုတ်ခဲ့ဘူး။ အဲတော့ ဒီဆေးတွေကို Marketing  လုပ်တဲ့ အခါမှာ စီးပွားရေး အတွေ့အကြုံအတွက် ဆရာ ဘယ်လိုမျိုးတွေ သင်ယူခဲ့ရသလဲ။

သင်ယူရတာပေါ့။ နံပါတ်တစ်ကတော့ စာဖတ်ရတာပေါ့လေ။ နိုင်ငံခြားသွားတဲ့ အခါမှာ ဆရာဘာမှ မဝယ်ဘူး ကိုယ့်အတွက် အင်္ကျီအဝတ်စားတွေ ဘာမှမဝယ်ဘူး။ စာအုပ်တွေပဲ ဝယ်တယ်။  အင်္ဂလန်ရောက်တဲ့ အခါမှာလဲ စာအုပ်တွေပဲ ဝယ်တယ်။ စင်ကာပူမှာလည်း စာအုပ်တွေဝယ်လို့ ကောင်းပါတယ်။ စာအုပ်တွေ ဖတ်ရတယ်။ ဆရာတို့က အဓိက ကျောင်းမှာ သင်ပေးလိုက်တာ ဆေးကုသဖို့ပဲ သင်ပေးလိုက်တာကိုး။ Business နဲ့ ပတ်သက်လို့ တစ်လုံးမှ သင်ခဲ့ဘူးတာ မဟုတ်ဘူးလေ။ စီးပွားရေး တက္ကသိုလ်လည်း တက်ခဲ့ရတာ မဟုတ်ဘူး။ တစ်ခုကောင်းတာက ကျောင်းက သင်တဲ့ အတွက်ကြောင့်မို့လို့ အင်္ဂလိပ်လို စာအုပ်တွေ ဖတ်တတ်လာတယ်။ အင်္ဂလိပ်လို စာအုပ်ဖတ်တဲ့ အတွက်ကြောင့်မို့လို့ Communication အတွက်က မခက်တော့ဘူးပေါ့နော်။ နဂိုကတည်းက ဆရာက စာဖတ်ဝါသနာပါတယ်။ Business နဲ့ပတ်သက်တဲ့ စာအုပ်တွေ ဆရာအကုန်ဖတ်တယ်။ ဖတ်တဲ့ အခါမှာ စီးပွားရေး လုပ်ငန်းကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာတယ်။ သိလာတဲ့ အခါမှာ Business ပတ်သက်တဲ့ Principal တွေနဲ့ လုပ်ငန်းကို စလုပ်တယ်ပေါ့နော်။ ဒါကတစ်ခုပေါ့ ။

နောက်တစ်ခုက ခုနကလို နည်းပညာတွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးဆိုတာ ရောင်းတာ ဝယ်တာ ငွေကြေးစီမံ ခန့်ခွဲတာပဲ ရှိသေးတယ်။ ပြီးရင် နည်းပညာလိုလာတယ်။ နည်းပညာနဲ့ ဆိုင်တဲ့ စာအုပ်တွေလည်း အကုန်ဖတ်ရတယ်ပေါ့နော်။ အဲဒီစာအုပ်တွေလည်း ဆရာဝယ်လာတယ်။  အဲတော့ ပြောချင်တာက စာဖတ်ရင် လုပ်လို့ရတယ်ဆိုတာပါပဲ။

 

သူ့ရဲ့ ပင်မလမ်းကြောင်းဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး စီးပွားရေး ပညာရှင်တစ်ယောက် မဟုတ်ပေမယ့်လည်း လက်ရှိမှာတော့ အောင်မြင်တဲ့ Fame ဆေးဝါးလုပ်ငန်းကို ဦးဆောင်နေခြင်းဟာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါက်တာခင်မောင်လွင် ဟာ သူ့ရဲ့ စက်ရုံက ဝန်ထမ်းများအတွက် စက်ရုံအတွင်း အဆင့်မြင့် စာကြည့်တိုက်တစ်ခုကို တည်ထောင်ထားပြီးတော့ စာများများ ဖတ်ဖို့ အတွက် လေ့ကျင့် သင်ကြားပေးလျက်ရှိပါတယ်။

ဒါဆိုရင် နှစ်ပိုင်းဖြစ်သွားတာပေါ့။ တော်တော်များများလူတွေက တက္ကသိုလ်တွေ သွားရင်စာသင်တယ်။ ဒါပေမယ့် ဆရာဘဝမှာတော့ ဆရာသင်ခဲ့တာတွေ အတော်များများက Self-Study  နဲ့လုပ်ခဲ့တာဆိုတော့ ဒီလိုမျိုး နှစ်ခုပေါ့ ကွာခြားချက်အနေနဲ့ ဆရာ ဘယ်လို မြင်လဲ ဆရာ။

 

အဓိကတော့ တတ်ချင်တဲ့ ဆန္ဒက အဓိက ပါ။ ဘယ်နည်းနဲ့ပဲ သင်သင်ပေါ့။ ဥပမာ အားဖြင့်ဆိုရင် တက္ကသိုလ်ကျောင်းက မိဘက ပို့တယ်။ ပို့လို့သာ သွားရတယ်။ ကိုယ်သင်ချင်တဲ့စိတ် စိတ်ပါဝင်စားမှု မရှိရင်တော့ ဘယ်လောက်ပဲ တက္ကသိုလ် ကြာကြာနေ တတ်တဲ့သူ ဖြစ်မှာ မဟုတ်တော့ဘူး။ လက်မှတ်တော့ရမယ်။ ကိုယ်တိုင်က လိုလားမှုမှ မရှိတာ အဲသလိုမျိုး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ Self-Study   လုပ်တာသည် ကိုယ်သိချင် တတ်ချင်တာကို ဖတ်တဲ့ အတွက်ကြောင့်မို့လို့ တစ်ခေါက်ဖတ် တစ်ခေါက် ခေါင်းထဲ ရောက်တယ်။ ကျောင်းတက်တာနဲ့ မတူဘူး။ ဒါကြောင့်မို့ သိချင်တတ်ချင်တဲ့ စိတ်က အရမ်းလွှမ်းမိုးနေတဲ့ အခါကျတော့ ဘာစာအုပ်ပဲ ဖြစ်ဖြစ် ဖတ်ရတာလဲ ခက်ခဲတယ်လို့ မရှိဘူး။ အဲကြောင့်မို့လို့ Self-Study   လုပ်တာသည့် ကျောင်းတက်တာ ထက် ခေါင်းထဲကို ပိုပြီးတော့ ဝင်တယ်လို့ ဆရာထင်ပါတယ်။

 

ဆရာ့ဘဝမှာ ပြီးခဲ့တာတွေ  ပြန်ကြည့်မယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုလည်း အရဲစွန့်ပြီးတော့ စတင်ခဲ့တယ် ပေါ့နော်။ အခုဆိုလည်း ဆရာ လုပ်ငန်းတွေ အမြဲတိုးချဲ့နေတယ်ဆိုတော့ ဘယ်အချက်က ဆရာ့ကို ဒီလိုမျိုး ကြိုးစားချင်စိတ်ဖြစ်အောင် တွန်းအားပေးခဲ့တာလည်း ဆရာ။

ဘယ်အချက်ကလည်းဆိုတော့ အဓိက ဝါသနာပေါ့နော်။ ဆရာက ဆေးထိုးတဲ့ အလုပ်ကို ဝါသနာပါတယ်။  ဆရာဒီလုပ်ငန်းကို စလုပ်တုန်းက နိုင်ငံခြားကနေ ဆေးသွင်းပြီးတော့ ရောင်းတဲ့ အလုပ်ကို စလုပ်တယ်။ ဒါ စီးပွားရေး စလုပ်တာကို ပြောတာနော်။ ဒါလွယ်တယ်ပေါ့လေ နိုင်ငံခြားကနေ ကုမ္ပဏီ ၆ခု ကနေပြီးတော့ ဆေးတွေကို ဝယ်လိုက်တယ်။ ပြီးရင် ပြည်တွင်းမှာ ဖြန့်တယ်။ ထားပါတော့လေ။ နိုင်ငံခြားက တစ်ကျပ်နဲ့ ဝယ်တယ်။ ဒီမှာ တစ်ကျပ်ခွဲနဲ့ ရောင်းတယ်။ ငါးမူးမြတ်တယ်။ ဒါပေမယ့် အဲလုပ်ကိုကိုယ့်က Enjoy  မဖြစ်ဘူးနော်။ ဒီဆေးတွေကို သူများထုတ်တဲ့ဆေး ကိုယ်ယူတယ်။ ပြီးရင် ရောင်းတယ်။ တစ်နှစ်ကို ဘယ်လောက်မြတ်တယ်ပေါ့နော်။ ဒါကို ဆရာက မသာယာဘူး။ ဆရာလုပ်ချင်တဲ့ အလုပ်က ကိုယ်တိုင်ကိုယ်ကျ ဆေးထုတ်လုပ်ပြီးတော့ ကိုယ်ထုတ်ချင်တဲ့ ဆေးကိုထုတ်မယ်။ ပြီးရင် ဒီဆေးကို ပြည်တွင်း ဖြန့်မယ်ပေါ့။အဲအလုပ်ကို  လုပ်ချင်လို့ ကျွန်တော် ဒီဘက်ကိုပြောင်းလာတယ်ပေါ့။

အဲတော့ တကယ်တော့ ဝါသနာပေါ့။ ဝါသနာက အရမ်းလွှမ်းမိုးနေတာပေါ့။ ဒီအလုပ်ကို လုပ်ချင်တဲ့ ဝါသနာ ၊   သီချင်းဆို ဝါသနာပါတဲ့သူက သီချင်းမဆိုရရင် မနေနိုင်ဘူး။  စာရေးတဲ့ သူကလည်း သူ့စာကို ဖတ်ချင်ဖတ်၊ မဖတ်ချင်နေ၊ သူက ရေးနေရရင် ကျေနပ်တယ်ဆိုတဲ့ သဘောပေါ့နော်။ ဒါက ဝါသနာကို အခြေခံပါတယ်။ ဒါကြောင့် ကိုယ်ကလဲ ဒီအလုပ်ကို ဝါသနာပါတဲ့ အတွက် ဝါသနာက ဆရာကို မောင်းနှင်တာပေါ့။

အဲအချိန်မှာ တစ်ဖက်ကလည်း ဘာဖြစ်လဲဆိုတော့ အောင်မြင်လာတဲ့ အခါမှာ Market က Demand လုပ်လာပြီ ဒီပစ္စည်းတွေ ဝယ်ချင်တယ် ဖြစ်လာတဲ့ အခါမှာ Production ဘက်ကို မြှင့်ရမယ်။ အခုဆို ဆရာတို့က producion  စက်ရုံ ၂၄ နာရီ လည်တယ်။  ဘာဖြစ်လို့လဲ ဆိုတော့ ဆရာတို့ ထုတ်တဲ့ဆေးဟာ ထုတ်လို့ မလောက်ဘူး။ ပစ္စည်းပြတ်နေတဲ့ အမျိုးက ၂၀ လောက်ရှိတယ်။ အဲ ၂၀လောက်က ဘာလို့လဲ ဆိုတော့ သူတို့က ပိုက်ဆံကို ကြိုပေးထားတာ။ ထွက်လို့ရှိရင် သူတို့ကို အရင်ပေးပါ သူလိုချင်တယ် ဖြစ်လာတယ်။ ဆရာတို့ ငွေကြိုတင်ပေးတဲ့သူက ဦးစားပေးပေါ့နော်။ အဲချိန်မှာကိုယ့်က မလုပ်လို့ မရတော့ ဘူးပေါ့နော်။ ဝယ်လိုအားတွေက ရှိနေပြီဆိုရင် ဒီအလုပ်ကို ကိုယ်က အောင်မြင်အောင် လုပ်ရတော့မယ် လုပ်တဲ့ အခါမှာ စက်အသစ်တွေ ထပ်ချဲ့ရတော့မယ်နော်။

စက်အသစ်တွေ ထပ်ချဲ့မယ်ဆိုရင် ဒီစက်တွေက အရင်တုန်းက စက်တွေနဲ့ မတူတော့ဘူး နည်းပညာက မြင့်လာပြီလေ။ ဒီစက်တွေကို သွားလေ့လာပြန်ရော။ ဒီစက်တွေကို နိုင်ငံခြားကို သွားကြည့်ရမယ်။ စက်ရောင်းတဲ့ သူတွေ ရှိမယ်။ အဲဒီအခါကျမှ ဒီအရာတွေကို  ထုတ်လုပ်တဲ့ နည်းစနစ်တွေ စသည်အားဖြင့်ပေါ့နော်။ ဒါတွေက တွန်းအားတွေပေါ့နော်။ ဒါကြောင့်မို့ လုပ်ငန်းက တဖြေးဖြေး တိုးချဲ့လာပြီးတော့ ပိုပြီးတော့ ကြီးလာတယ်လို့လဲ ပြောလို့ရတယ်။

 

စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် စီးပွားရေး အမြင်သာမကပဲနဲ့ မိမိရဲ့ ကုန်ပစ္စည်း အရည်အသွေး ကောင်းမွန်ပြီး နိုင်ငံတကာ အဆင့်မီဖို့ အတွက်လည်း အမြဲတမ်း ဂရုစိုက်နေရတယ်လို့ ပြောပြပါတယ်။ အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ဖို့ အတွက် ဆိုရင်တော့ အမျှော်အမြင် ရှိကြဖို့ လိုတဲ့ အကြောင်းကိုလဲ ဆက်ပြီးတော့ ပြောပြပါတယ်။

ဆရာ့ရဲ့ လုပ်ငန်း အနေနဲ့ကော ဆရာတို့ လုပ်ငန်းက အပြိုင်အဆိုင် ရှိတာပေါ့နော်။ အဲတော့ ဆရာ့အနေနဲ့ ကိုယ်က အမြဲတမ်း ရှေ့ကို ရောက်နေအောင် ဘယ်လိုမျိုး ပြင်ဆင်ထားလေ့ရှိလဲ ဆရာ။

ဆရာကတော့ နောက်ဆယ်နှစ် ဘာဖြစ်မလဲ ဆိုတာ အမြဲတမ်း Focus လုပ်ထားတယ်။ ဆရာ့မှာ Plan  လုပ်ထားတယ်။ နောက်ဆယ်နှစ် မြန်မာနိုင်ငံ ဘာဖြစ်မလဲပေါ့နော်။ အဲဒီဆယ်နှစ်ကို ခုကတည်းက ပြင်ဆင်ရတယ်။ ဆရာ ဒီလုပ်ငန်းတွေက ခုလဲ အမြဲ တိုးချဲ့နေတယ်။

ဆရာတို့က မကြာခင် AEC  ပေါ်လာမယ်နော်။ အဲဒီတော့ အာဆီယံ နိုင်ငံအားလုံး သ့ူပစ္စည်းလဲ ကိုယ့်ဆီလာရောင်းမယ်။ ကိုယ့်ပစ္စည်းလည်းသူ့ဆီ သွားရောင်းမယ်။ အဲဒီအခါမှာ ဆရာတို့က နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ယှဉ်ရတော့မယ်။ အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ မြန်မာ ကုမ္ပဏီတွေနဲ့ပဲ ယှဉ်တာကြတော့ သိပ်ကြီးမားမား မရှိဘူး။ အာဆီယံ Level  ဖြစ်လာတဲ့ အခါကျတော့ ကျန်တဲ့ နိုင်ငံတွေက ကိုယ့်ထက်သာတဲ့ နိုင်ငံတွေ အများကြီး ဖြစ်လာတော့မယ်။ သူတို့တွေက မြန်မာနိုင်ငံ Market  ထဲကို ဝင်လာမယ်။ ထားပါတော့ Fame  ကထုတ်တဲ့ ပစ္စည်းတစ်ခု ဒီပစ္စည်းကို အခြား စင်ကာပူပဲ ဖြစ်ဖြစ် ဗီယင်နမ်ပဲ ဖြစ်ဖြစ် ယိုးဒယားဖြစ်ဖြစ် ဆရာတို့နဲ့ လာပြီး ယှဉ်ရောင်းတဲ့အခါမှာ သူတို့ထက် ကိုယ်က သာနေဖို့ အရေးကြီးတယ်။ အဲလိုသာနေဖို့အတွက် ဆရာတို့က ခုကတည်းက Plan  တွေ အများကြီး လုပ်ရတယ်။

အဲဒီတော့ ဆရာတို့ မြင်ပါတယ်။ ခု AEC  ဝင်လာပြီးတဲ့ အခါမှာ အချို့ မြန်မာ ကုမ္ပဏီတွေ ပေါ့နော်။ သူတို့ ပြင်ဆင်မှု လုပ်မထားရင် သူတို့ အရှုံးကို ရင်ဆိုင်ရလိမ့်မယ်။ အရှုံးရင်ဆိုင်မယ် စီးပွားပျက်မယ်ပေါ့။ စီးပွားပျက်ပြီးတော့ ကိုယ့်ပစ္စည်းတွေ ပျက်စီးမယ်။ စက်ရုံတွေ မလည်နိုင်တော့ဘူး စက်ရုံမလည်နိုင်ရင် လူတွေလည်း အလုပ်လက်မဲ့ ဖြစ်မယ်။ ပြီးရင် ကိုယ့်ဆီက လူတွေက သူများနိုင်ငံမှာ သွားပြီး အလုပ်လုပ်ကြရမယ်။ စသည်အားဖြင့်ပေါ့နော်။ အရင်တုန်းက ကိုယ့်က လုပ်ငန်းရှင်ပေါ့။ နောက်တစ်ခါ နိုင်ငံခြား ကုမ္ပဏီမှာ မန်နေဂျာ သွားလုပ်ရမယ်။ အဲလိုမျိုး ဘဝရောက်သွားမယ်။

ဒါကြောင့်မို့ ဒါတွေဟာ Europe  မှာလည်း ဖြစ်ခဲ့ဖူးတယ်။ အဲတော့ ညံ့တဲ့သူက ခံရမှာပဲနော်။ ညံတဲ့သူ ခံရမှာ ဖြစ်တဲ့အတွက် မညံ့အောင် ခုကတည်းကကြိုးစားရမယ်။ ကြိုးစားဖို့အတွက် ဘာလိုသလဲဆိုတော့ အဓိက စာဖတ်ရမယ်နော်။ အနည်းဆုံးတော့ စာဖတ်ရမယ်။ ကိုယ့်နိုင်ငံမှာ ကိုယ်နဲ့ ယှဉ်မယ့်သူတွေရဲ့ အနေထားကို လေ့လာရမယ်။ သွားလည်းကြည့်ရမယ်။ ဒါမျိုးတွေ ပြင်ဆင်မှု လုပ်ထားမယ် ဆိုရင်တော့ ကိုယ့်က ရပ်တည်နိုင်မယ်ပေါ့။

ခုခေတ်ကလေးတွေက စာသိပ်မဖတ်ဘူး။ စာသိပ်မဖတ်တဲ့ အတွက်ကြောင့်မို့လို့ အချို့ တိုးတက်ရမယ့်အရာ မတိုးတက်ဘူး ဖြစ်သွားတယ်။ ဆရာ့ဆီမှာ တပည့်တွေ အများကြီး ရှိတယ် သူတို့ကို စာဖတ်ခိုင်းရတယ်။ စာဖတ်ခိုင်းတယ် ပြန်ပြောခိုင်းတယ်။  စာအုပ်စာပေက အရမ်းအရေးကြီးတယ်။ သားလည်း အင်္ဂလန်မှာနေခဲ့ဖူးတယ်။ အင်္ဂလိပ် လူမျိုးတွေ ဘာကြောင့်တိုးတက်တယ်။ ဥရောပ သားတွေ ဘာကြောင့်တိုးတက်လဲ စာဖတ်တယ်နော်။ စာဖတ်ခြင်းဟာ တိုးတက်ခြင်းရဲ့ အခြေခံ ဖြစ်ပါတယ်။ အဲတော့ စာလဲ ဖတ်မယ် တစ်ဖက်ကလည်း လက်တွေ့ လုပ်ငန်းတွေလည်း တတ်အောင်ပေါ့။ လုပ်ငန်းမှာ မိမိကိုယ်မိမိ အရည်အသွေးတိုးတက်အောင် လုပ်ထားရင် ကိုယ်က တကယ့်နေရာကောင်းကိုရသွားမယ်။ လစာကောင်းကောင်းရသွားမယ်။ ဒါမျိုးတွေ ဆရာ မြင်ချင်ပါတယ်။

ကိုယ်က အမြဲတမ်း Focus   လုပ်ပါ။ နောက်ဆယ်နှစ်မှာ ဘာဖြစ်မယ် ကိုယ်လုပ်တာ မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်။ မှန်ခြင်း မှားခြင်းဟာ စာဖတ်အားပေါ်မှာ မူတည်တယ်။ စာများများ ဖတ်လေလေ အမှန်တရား ဘက်ကို ပိုနီးစပ်လေလေ။ စာမဖတ်ဘဲနဲ့ ဘလိုင်းကြီးလုပ်ရင်တော့ အမှန်တရားဘက်ကို  မနီးစပ်ဘူးပေါ့။ ဒါကြောင့်မို့ စာများများဖတ်ပါ။ Focus  လုပ်ပါ။ အဲဒီ Focus ကို  ကိုယ်ဖြစ်ချင်တာနဲ့ ကိုက်အောင် Plan လုပ်ပါ။

 

ခုကျွန်တော်တို့ Meet The Succefful  အစီစဉ်ကို ကြည့်နေတဲ့ သူတွေ ထဲမှာ ဘဝကို ကြိုးစားပြီး အောင်မြင်နေတဲ့ သူတွေ ရှိသလို ကြိုးစားရင်းနဲ့မှ မအောင်မြင်ပဲ စိတ်ဓါတ်ကျနေတဲ့ သူတွေလည်း ရှိပါတယ်။ အဲတော့ အဲလို လူမျိုးအတွက်ကော စကားလက်ဆောင်လေး ပြောပေးပါဆရာ။

အဓိက ကိုယ့်ရဲ့တာဝန်က ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ကြိုးစားတဲ့ သူအတွက်က အောင်မြင်မှုဆိုတာ အနှေးနဲ့ အမြန် ရမှာပါပဲ။ မရဘူးဆိုတာ မရှိဘူး။ ကြိုးစားတဲ့ သူတိုင်းက အောင်မြင်မှုဆိုတာ အမြဲရှိတယ်။ အောင်မြင်ခြင်းဆိုတဲ့ ဆုလဒ်သည် ကြိုးစားတဲ့ သူအတွက် ဖြစ်ပါတယ်။ ထိုင်နေတဲ့ သူအတွက် မဟုတ်ပါဘူး။ အဲတော့ ခုလောလောဆယ် အောင်မြင်ချင်မှလဲ အောင်မြင်ပါမယ်။ အဲတော့ ကြိုးစားဖို့သည် မိမိတာ ဝန်သာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကြိုးစားပါ။ ခုမအောင်မြင်ပေမယ့်လည်း နောက် အောင်မြင်ပါလိမ့်မယ်။

နောင်အောင်မြင်အောင် ဘာလုပ်ရမလဲ ဒါကို ကြံကြံတဲ့ စိတ်ထား ရှိဖို့လိုပါတယ်။ ပြီးလို့ရှိရင်လေ့လာ မှတ်သားဖို့ လိုပါတယ်။ဒီနည်းနဲ့ မအောင်မြင်ရင် နောက်ထပ် ဘာနည်းရှိသေးလဲဆိုတာ ရှာဖို့လိုပါတယ်။ ဒီနည်းမအောင်မြင်တာကို အတင်း ဒါကြီးပဲတွန်းနေရင်တော့ အောင်မြင်မှုဟာ ရချင်မှ ရပါမယ်။ Alternative Way ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ Alternative Way ဆီက တစ်ခုတည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေ သုံးလေးခု ရှိတတ်ပါတယ်။ Alternative Way ကနေသွားခြင်းအား ဖြင့် မိမိရဲ့ ပန်းတိုင်အရောက်သွားပါလို့ ဆရာ့ အနေနဲ့ ပြောချင်ပါတယ်။