မြန်မာစစ်တပ်ကို ဝေဖန်ရန် အိန္ဒိယ ထပ်မံ နှုတ်ဆိတ်နေ

မြန်မာစစ်တပ်ကို ဝေဖန်ရန် အိန္ဒိယ ထပ်မံ နှုတ်ဆိတ်နေ
အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရသူ Anurag Srivastava

မြန်မာနိုင်ငံက အခြေအနေများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒုတိယအကြိမ် တွေ့ဆုံမဆွေးနွေးခင် နာရီပိုင်း၌ အိန္ဒိယနိုင်ငံက မိတ်ဖက်နိုင်ငံများနှင့်အတူ မြန်မာအရေးကို ဆွေးနွေးနေပြီး မြန်မာနိုင်ငံမှ ပြဿနာများကို ငြိမ်းချမ်းသော လမ်းစဉ်ဖြင့် ဖြေရှင်းသွားသင့်သည်ဟု သောကြာနေ့၌ ပြောသည်ဟု အိန္ဒိယနိုင်ငံထုတ် The Indian Express သတင်းစာက ရေးသားထားသည်။

တရုတ်၏ ကြီးထွားလာသော ဩဇာနှင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းနိုင်ရေးတို့အတွက် စိုးရိမ်ပူပန်လျက် အိန္ဒိယနိုင်ငံသည် မြန်မာစစ်တပ်ကို ဝေဖန်မှု မပြုဘဲ ထပ်မံ ရှောင်ကြဉ်လိုက်ခြင်းပဲ ဖြစ်သည်။

အိမ်နီးချင်း မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများ ဖြစ်ပွားလျက် ရှိနေစဉ် အိန္ဒိယ၏ လက်ရှိအထိ ပြောဆိုထုတ်ပြန်ချက်များသည် လက်တွေ့အလုပ်ဖြစ်ရေးဝါဒအပေါ် အခြေခံလျက် ရှိနေသည်။

“မြန်မာနိုင်ငံက အခြေအနေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ဒီ အရေးကို မိတ်ဖက်နိုင်ငံတွေနဲ့လည်း ဆွေးနွေးနေပါတယ်၊ ကျွန်တော်တို့ ပြောလိုတာက ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဒီ အရေးကိစ္စကို ဖြေရှင်းသင့်ပါတယ်”ဟု အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရသူ Anurag Srivastava က သောကြာနေ့တွင် ပြောသည်။

ထို သဘောထားမှာ အိန္ဒိယသံရုံးက ဖေဖော်ဝါရီ ၂၈ ရက်၌ တွစ်တာ၌ ရေးသားဖော်ပြလာသည့်အတိုင်းပဲ ဖြစ်သည်။ အဆိုပါ တွစ်တာရေးသားချက်တွင် “အိန္ဒိယ သံရုံးအနေဖြင့် ဒီကနေ့မှာ မြန်မာနိုင်ငံက ရန်ကုန်နဲ့ အခြားမြို့တွေမှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်တာအတွက် အလွန့်ကို စိတ်မကောင်း ဝမ်းနည်းရပါတယ်”ဟု ရေးသားထားသည်။ ထိုနေ့က ဆန္ဒပြပွဲများအတွင်း လူအုပ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းကြောင့် လူ ၁၈ ဦး သေဆုံးကြောင်း ကုလသမဂ္ဂအရ သိရသည်။

“ကျဆုံးသွားရသူတွေရဲ့ မိသားစုတွေနဲ့ ချစ်ခင်သူတွေကို ကျွန်တော်တို့ ရင်ထဲကနေ ဝမ်းနည်းရတဲ့အကြောင်း သိစေချင်ပါတယ်၊ ငြိမ်းချမ်းတဲ့ လမ်းကြောင်းကနေ ဆွေးနွေးပွဲတွေကတစ်ဆင့် ပြဿနာတွေကို ဖြေရှင်းသွားဖို့ ကျွန်တော်တို့ အားလုံးကို တိုက်တွန်းလိုပါတယ်”ဟု အိန္ဒိယသံရုံးက ဆိုသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုငငံက စစ်ခေါင်းဆောင်များကို ရှုတ်ချရမည့်အစား ငြိမ်းချမ်းပြီး အပြုသဘောဆောင်သော နည်းလမ်းဖြင့် မတူကွဲပြားမှုများအား ဖြေရှင်းရန် ပေါင်းဖက်ဆောင်ရွက်ရေးအတွက် စစ်တပ်အား နားချရေး မိတ်ဖက်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားသင့်သည်ဟု လက်ခံထားပုံ ရှိနေသည်။

မူရင်း။    ။ India steers clear of criticising Myanmar military | India News,The Indian Express
https://indianexpress.com/article/india/india-steers-clear-of-criticisin...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly