နိုင်ငံရေးသမားများ တရုတ်ကို သစ္စာခံကြောင်း ကျမ်းကျိန်ဆိုစေရေးအတွက် ဟောင်ကောင် စီစဉ်

နိုင်ငံရေးသမားများ တရုတ်ကို သစ္စာခံကြောင်း ကျမ်းကျိန်ဆိုစေရေးအတွက် ဟောင်ကောင် စီစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်မကြီးရေးရာ၀န်ကြီး အီရစ်ခ် ဆန်း (Photo: EPA)

ရွေးကောက်ပွဲ၌ ပါ၀င်သည့် နိုင်ငံရေးသမားများအနေဖြင့် ဟောင်ကောင်နှင့် တရုတ်အပေါ် သစ္စာခံကြောင်း ကတိသစ္စာဆို ကျမ်းကျိန်ကြရန်လိုအပ်သည်ဆိုသော ရွေးကောက်ပွဲဆိုင်ရာ အပြောင်းအလဲများကို ဟောင်ကောင်အစိုးရက ထုတ်ပြန်ကြေညာထားခဲ့သည်။ နိုင်ငံရေးသမားများအနေဖြင့်သစ္စာခံကြောင်း တိုင်တည်ရမည်ဖြစ်ပြီး ထိုကဲ့သို့ မလုပ်ဆောင်ပါက အရည်အချင်းမပြည့်မှီသူဟု သတ်မှတ်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်သလို နောက်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုကို ငါးနှစ် အပိတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

'မျိုးချစ်သောသူများသာ အုပ်ချုပ်ခွင့်ရမည့်ဟောင်ကောင်'ဥပဒေမူကြမ်းတစ်ရပ်ကို အမှုဆောင်ကောင်စီက အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်းကို မတ်လထဲတွင် အဆိုတင်သွားမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်မကြီးရေးရာ၀န်ကြီး အီရစ်ခ် ဆန်းကအင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောခဲ့သည်။

“ခင်ဗျားအနေနဲ့ မျိုးချစ်စိတ်ထက်သန်တယ်လို့ ပြောပြီး (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) က ဦးဆောင်တဲ့ စနစ်တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ စနစ်ရဲ့ အခြေခံဝိသေသလက္ခဏာတွေကို လေးစားလိုက်နာခြင်း မရှိဘူး ဒါမှမဟုတ် ခင်ဗျားအနေနဲ့ အဖျက်အမှောက်လုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ အဲဒါမျိုးကို လက်ခံသွားမှာ မဟုတ်ပါဘူး”ဟု ဆန်းကပြောခဲ့သည်။ “ ‘ကျုပ်ကတော့ မျိုးချစ်စိတ်ထက်သန်တဲ့သူဗျ၊ ဒါပေမယ့် နိုင်ငံကို ဦးဆောင်တာ တရုတ်ကွန်မြူနစ်ပါတီ ဖြစ်နေလို့မလေးစား မလိုက်နာဘူး’ ဆိုပြီးတော့ ခင်ဗျားအနေနဲ့ ပြောလို့ မရနိုင်ပါဘူး”

ဟောင်ကောင်ကို “မျိုးချစ်ပုဂ္ဂိုလ်များ” စီမံခန့်ခွဲမှုကို သေချာစေရန် သိသာထင်ရှားသော အပြောင်းအလဲများ လာမည်ဖြစ်ကြောင်း ပေကျင်းမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထုတ်ဖော်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထိုကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းက ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ကို ဗြိတိန်က တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့ပြီးနောက် ၂၃ နှစ်အကြာတွင် တရုတ်အနေဖြင့် သဘောကွဲလွဲမှုအသံများကို ဆက်လက်သည်းခံသွားတော့မည်မဟုတ်ကြောင်း ပြသရန် ရည်ရွယ်သည့် ရှင်းလင်းပြတ်သားသော လက္ခဏာရပ်တစ်ခုလည်းဖြစ်သည်။ ဟောင်ကောင်ကို ဗြိတိန်က တရုတ်ပြည်မကြီးဆီ ပြန်လည်လွှဲခဲ့စဉ်က ယင်းအနေဖြင့် နှစ် ၅၀ ကြာကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ခွင့်များ ရရှိနိုင်သည် ဆိုသည့် ကတိတစ်ခုနှင့် လွှဲပေးခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်က ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်ကို တရုတ်တို့ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်းအာဏာပိုင်များသည် ၎င်းတို့အပေါ်တွင် လုံလုံလောက်လောက် သစ္စာခံခြင်း မရှိဟုယူဆရသည့် ယင်းမြို့၏ဥပဒေပြုကောင်စီ အဖွဲ့၀င်များကို ထုတ်ပယ်ရန် လုပ်ဆောင်ခဲ့သလို ဝါရင့် အတိုက်အခံခေါင်းဆောင်များကိုလည်းတရားမ၀င် စုဝေးခြင်း၊ ပြည်ပအင်အားစုများနှင့် လိမ်လည်ပေါင်းကြံခြင်း အပါအ၀င် စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။

တရုတ်အစိုးရသည် ယင်း၏ ကတိစကားကို စောင့်ထိန်းရန် ပျက်ကွက်ပြီး ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်ကို အုပ်ချုပ်ခြင်းအတွက် “နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဘောင်ကို လက်တွေ့အားဖြင့် အဆုံးသတ်နေပြီ ဆိုပြီး အစိုးရအပေါ် ဝေဖန်သူများနှင့် အနောက်အုပ်စုခေါင်းဆောင်များက စွပ်စွဲထားခဲ့ကြသည်။

ဥပဒေမူကြမ်းက စည်းမျဉ်းများကို နောက်ပြန်အရေးယူစေမှု ကျင့်သုံးရန် ခွင့်ပြုပြီး ခရိုင်ကောင်စီဝင်များအထိ ကျမ်းကျိန်ဆိုဆိုစေသည်။ အဆိုပါ ခရိုင် ကောင်စီ၀င်များသည် ပြည်တွင်း နိုင်ငံရေးသမားများဖြစ်ပြီး ၂၀၁၉ နှစ်ကုန် ရွေးကောက်ပွဲများတည်းက ဒီမိုကရေစီလိုလားသူများဖြစ်ကြသည်။ ပြင်ဆင်ချက်များအရ ၎င်းတို့သည် ဟောင်ကောင်ကို တရုတ်၏ အထူး စီမံအုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်နှင့် အခြေခံဥပဒေဖြစ်သော မြို့၏ အသေးစား ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို သစ္စာခံကြောင်းကတိပြုရလိမ့်မည်ဖြစ်သည်။

ကတိသစ္စာဆို ကျမ်းကျိန်တိုင်တည်မှုကို ချိုးဖောက်ထားခဲ့သည်ဟု စစ်ဆေးတွေ့ရှိရသည့် မည်သူမဆိုအနေဖြင့် ဆိုင်းငံ့ခံရနိုင်သလို တရားစွဲဆိုခံရခြင်း၊ အရည်အချင်းမပြည့်မှီသူဟု သတ်မှတ်ခံရမည့် အလားအလာနှင့် ရင်ဆိုင်ရနိုင်သည်။ အရည်အချင်းမပြည့်မှီသူဟုသတ်မှတ်ခံရသည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် နောက်ငါးနှစ်ကြာအတွင်း နောက်ထပ် ရွေးကောက်ပွဲ ၀င်ခွင့်ရနိုင်တော့မည် မဟုတ်ဘဲ ထိုကာလသည် လေးနှစ်လျင်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲစက်၀န်းနှစ်ခုအတွက် ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်နိုင်သော ကာလအတိုင်းအတာတခု ဖြစ်သည်။

ဟောင်ကောင် လွတ်လပ်ရေးအတွက် ဦဆောင်အားပေးသည့် သို့မဟုတ် ပံ့ပိုးသည့်မည်သူမဆို၊ သို့မဟုတ် ဟောင်ကောင်နှင့်ပတ်သက်သည့် တရုတ်၏ အချုပ်အချာအာဏာ သို့မဟုတ် ယင်းကဲ့သို့အချုပ်အချာအာဏာ ကျင့်သုံးမှုကို အသိအမှတ်ပြုရန် ငြင်းဆန်သည့် မည်သူမဆိုသည် အဆိုပြုထားသည့် ပြင်ဆင်ချက်များအရ အရည်အချင်းမပြည့်မီဘဲ စည်းကမ်းနှင့်မညီညွတ်၍ ပိတ်ပင်ခံရနိုင်သည်ဟု ဆန်းက ပြောသွားခဲ့သည်။

လူတန်းစားမရွေး အစိုးရ ဥပဒေမူကြမ်းများကို ဆန့်ကျင်ခြင်း၊ ဟောင်ကောင် အမှုဆောင်အရာရှိချုပ် ရာထူးမှ ဆင်းစေရန် တွန်းအားပေးခြင်း၊ “ဆန္ဒခံယူပွဲအတုများ” ကျင်းပခြင်း တို့အပါအ၀င် လုပ်ဆောင်ချက်များကို ယခု ဥပဒေမူကြမ်းက ပိတ်ပင်ထားသည်။ ထို့ပြင် ဟောင်ကောင်နှင့် တရုတ်အလံများ၊ နိုင်ငံတော်သီချင်း သို့မဟုတ် နိုင်ငံသင်္ကေတများကို စော်ကားခြင်း သို့မဟုတ် မတော်တလျော်ပြုခြင်းတို့ကို စည်းကမ်းမညီညွတ်၍ ပိတ်ပင်နိုင်သည့် ပြစ်မှုများအဖြစ် ယင်းတွင် စာရင်းသွင်းထားသည်။

တိုင်တည်ကတိသစ္စာဆိုမှုရဲ့ တည်ကြည်လေးနက်မှုကို ထင်ဟပ်စေဖို့အတွက် ဒီပြဋ္ဌာန်းချက်အတိုင်း လိုက်နာဖို့ပျက်ကွက်တဲ့ မည်သူမဆိုအနေနဲ့ ရွေးကောက်ပွဲအတွက် သူတို့ရဲ့ ၀င်အရွေးခံနိုင်စွမ်းအပေါ် ပိတ်ပင်ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရသင့်ပါတယ်” ဟု ဆန်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly