အိန္ဒိယ ဓာတ်အားပေးလိုင်းအား ဆိုက်ဘာတိုက်ခိုက်သည်ဆိုသော သတင်းများကို တရုတ်ငြင်းဆို

By Zee 5
05 March 2021
အိန္ဒိယ ဓာတ်အားပေးလိုင်းအား ဆိုက်ဘာတိုက်ခိုက်သည်ဆိုသော သတင်းများကို တရုတ်ငြင်းဆို

ပေကျင်း (ANI)

အိန္ဒိယ ဓာတ်အားပေးလိုင်းအား ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်ဆိုသော စွပ်စွဲသတင်းကို တရုတ်အစိုးရက ငြင်းဆိုခဲ့ပြီး ယင်းကဲ့သို့ တာဝန်မဲ့သော ကလိမ်ကကျစ်ကျသော အလုပ်မျိုးကို မလုပ်ဆောင်ကြောင်း တုန့်ပြန်ပြောကြားလိုက်သည်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်က “ဆိုက်ဘာလုံခြုံရေးအတွက် အဓိက လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အမျိုးမျိုးသော ဆိုက်ဘာတိုက်ခိုက်မှု ပုံစံတွေကို ဆန့်ကျင်ပါတယ်”ဟု ပြောကြားသည်။

“ဆိုက်ဘာတိုက်ခိုက်မှုကို မှန်းသမ်းပြောလို့ မရပါဘူး။ မူရင်းဇစ်မြစ်ကို လိုက်ဖို့ အလွန်ခက်ခဲပါတယ်။ ခိုင်လုံတဲ့ အထောက်အထားမရှိပဲ အဖွဲ့အစည်းတစ်ခုခုကို စွပ်စွဲခြင်းဟာ အလွန်ကို တာဝန်မကျေရာ ရောက်ပါတယ်။ ဒီလို တာဝန်မဲ့ပြီး ကလိမ်ကျစ်ကျတဲ့ အလုပ်မျိုးကို တရုတ်က ကန့်ကွက်ပါတယ်”ဟု ဝမ်က ပြောသည်။

တရုတ်အစိုးရ ထောက်ပံ့ထားသည့် အုပ်စုများက အိန္ဒိယ၏ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားကာ ဆော့ဖ်ဝဲ ဗိုင်းရပ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ဆိုက်ဘာလုံခြုံရေးအဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လက ဂယ်လ်ဝမ်တောင်ကြားတွင် နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားပြီး လအနည်းငယ်အကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် တွေ့ရှိချက်များကို နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းသတင်းတွင် မွမ်ဘိုင်းမြို့တော်၏ လျှပ်စစ်မီးများ ပြတ်တောက်သွားခြင်းသည် တရုတ်က ဓာတ်အားလိုင်းကို ဆိုက်ဘာတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အိန္ဒိယအနေဖြင့် ၎င်း၏သဘောထားရပ်တည်ချက်ကို မလျှော့ပါက တစ်နိုင်ငံလုံး မီးများပြတ်တောက်သွားမည်ဟု သတိပေးချက်တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

မက်ဆာချူးဆက်ပြည်နယ် အခြေစိုက် ဆိုက်ဘာ ကုမ္ပဏီတစ်ခုဖြစ်သည့် Rocorded Future ၏ အစီရင်ခံစာတစ်ခုတွင် တရုတ်အစိုးရက ပံ့ပိုးထားသော အုပ်စုတစ်ခုသည် အိန္ဒိယ၏ ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဝေရေး အခြေခံအဆောက်အဦများ၏ အဓိကကျသော နေရာ တစ်ဒါဇင်နီးပါးခန့်ကို

ဝင်ရောက်ချုပ်ကိုင်နိုင်သည့် ဆိုက်ဘာ တိုက်ခိုက်ရေး နည်းပညာတစ်ခုကို အသုံးပြုထားကြောင်း ဖော်ပြထားသည်။

တရုတ်အစိုးရက ပံ့ပိုးထားသော အုပ်စုများသည် အိန္ဒိယအဖွဲ့အစည်းများအပေါ် ပိုမိုပစ်မှတ်ထားသည့် သံသယဖြစ်ဖွယ်ရာများကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းကပင် Recorded Future ၏ Insikt Group က သတိပြုမိထားကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

“၂၀၂၀ ပြည့် နှစ်လယ်ပိုင်းမှစ၍ Recorded Future ၏ လေ့လာတွေ့ရှိချက်တွင် အိန္ဒိယ၏ ဓာတ်အားကဏ္ဍအား ပစ်မှတ်ထား၍ ခြေရာခံစောင့်ကြည့်မှု ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly