ကမ္ဘာတစ်လွှား ကျောင်းမတက်ရတဲ့ ကျောင်းသား ၁၆၈ သန်း ရှိနေရာ ကျောင်းတွေ ပြန်ဖွင့်ရန် ယူနီဆက်ဖ် တိုက်တွန်း

ကမ္ဘာတစ်လွှား ကျောင်းမတက်ရတဲ့ ကျောင်းသား ၁၆၈ သန်း ရှိနေရာ ကျောင်းတွေ ပြန်ဖွင့်ရန် ယူနီဆက်ဖ် တိုက်တွန်း

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ဟာ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ကျောင်းစာရေးစားပွဲခုံအလွတ်ပေါင်း ၁၆၈ သန်းကို မတ်လ ၂ ရက်နေ့မှာ စီရီချထားတာကို မြင်တွေ့ရပါတယ်။

စာရေးစားပွဲ ခုံတစ်ခုံတိုင်းဟာ ကိုဗစ်-၁၉ လော့ဒေါင်းကြောင့် တစ်နှစ်နီးပါး ကျောင်းတွေ ပိတ်ထားရလို့ ကျောင်းမတက်နိုင်တဲ့ ကလေးငယ် တစ်သန်းကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

အခုလို စီရီခင်းကျင်းချထားတာကို ‘ကပ်ဘေးစာသင်ခန်း’လို့ ခေါ်ပြီး ကျောင်းသားကျောင်းသူလေးတွေကို စာသင်ကျောင်းဆီ စိတ်လည်လာဖို့နဲ့ ဖြစ်နိုင်သမျှ ကျောင်းတွေ စောစောပြန်ဖွင့်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းတဲ့အနေနဲ့ လုပ်ဆောင်ထားတာပါ။

ယူနီဆက်ဖ်မှ ကမ္ဘာ့ပညာရေးဆိုင်ရာ အကြီးအကဲ ရောဘတ်ဂျင်ကင်းက “ကျွန်တော်အတွက်တော့ ခုလို ကျောင်းမတက်နိုင်ဖြစ်နေတဲ့ ကျောင်းသားတွေအရေးဟာ စိုးရိမ်စရာပါ၊ ဒီ စာသင်ခုံ ၁၆၈ ခုံဟာ ကလေး ၁၆၈ သန်းကို ကိုယ်စားပြုပါတယ်၊ ဒီလောက် နှုန်းထားအထိ ကျောင်းမတက်ရတဲ့ ကလေးတွေ ရှိနေတာ တကယ် ကြားရတာ စိတ်မသက်သာပါ၊ ဒါပေမယ့် ခုလို ခုံတွေ ချထားပြီး ဖော်ပြထားတာကြောင့် ကလေး ဘယ်လောက်များများအပေါ် ကပ်ဘေးက သက်ရောက်နေသလဲဆိုတာ သိနိုင်စေမှာပါ”ဆိုပြီး ပြောပါတယ်။

“ကပ်ဘေး အမြင့်ဆုံး ကာလ၊ ကပ်ဘေးရဲ့ သက်ရောက်မှု အကြီးဆုံး ကာလမှာ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေ ကျောင်းမတက်နိုင်တဲ့ ဦးရေဟာ ၁ ဒသမ ၆ သန်အထိ ရောက်ခဲ့တယ်၊ ဒါဟာ ကျောင်းသားကျောင်းသူ ပမာဏရဲ့ ၉၂ ရာခိုင်နှုန်း ကျော်ပဲ၊ တကယ့်ကို မစဉ်းစားဝံ့တဲ့ အရေအတွက်ပါ၊ ကပ်ဘေးလည်း တစ်နှစ်ကျော်ပြီဖြစ်သလို အခု စားပွဲခုံအလွတ်တွေဟာလည်း ကျောင်းမတက်နိုင်သေးတဲ့ ကလေးတွေကို ကိုယ်စားပြုထားတယ်၊ ဒါကြောင့် ထပ်ပြီး နှိုးဆော်ချင်တာက ဒီ အရေးကို အားချင်းဖြေရှင်းကြဖို့ပါ”လို့ ရောဘတ်ဂျင်ကင်းက ဆိုပါတယ်။

ပြီးခဲ့နှစ် အစောပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိဖြစ်ပွားရာက ကမ္ဘာကပ်ဘေးအဖြစ် ပျံ့နှံ့ကူးစက်ခဲ့ရာမှာ ကန့်သတ်လော့ဒေါင်းတွေ ချခဲ့ရပြီး စာသင်ကျောင်းတွေကိုလည်း ပိတ်ခဲ့ကြရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly