တက္ကသိုလ်သုတေသနများကို တရုတ်ရန်မှ ကာကွယ်ရေး အမေရိကန် တိုးမြှင့်လုပ်ဆောင်

တက္ကသိုလ်သုတေသနများကို တရုတ်ရန်မှ ကာကွယ်ရေး အမေရိကန် တိုးမြှင့်လုပ်ဆောင်

အမေရိကန်တက္ကသိုလ်များအနေဖြင့် လျှို့ဝှက်ထားသင့်သည့် နည်းပညာများကိုတရုတ်စစ်တပ်၏ ခိုးယူနိုင်မှုဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန် ကြိုတင်စီစဉ်ရလိမ့်မည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ကော်မရှင်တစ်ရပ်က အကြံပေးတိုက်တွန်းလျက်ရှိသည်။ ယင်းသည် တက္ကသိုလ်သုတေသနဆိုင်ရာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ တိုးပွားနေသည့် လက္ခဏာရပ်တစ်ခုလည်း ဖြစ်သည်။

ဂူးဂဲလ်ဥက္ကဋ္ဌဟောင်း Eric Schmidt ဦးဆောင်သော အသိဉာဏ်တုနည်းပညာဆိုင်ရာ အမျိုးသားလုံခြုံရေးကော်မရှင် (NSCAI) သည် ကွန်ဂရက်သို့ ပို့တင်သွင်းမည့် ယင်း၏ နောက်ဆုံးအပြီးသတ်အစီရင်ခံစာနှင့်ပတ်သက်ပြီး တနင်္လာနေ့တွင် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။ မကြာသေးခင်က ထုတ်ဝေခဲ့သည့် နောက်ဆုံးအပြီးသတ်စာမူကြမ်းတစ်ခုတွင် တက္ကသိုလ် သုတေသန ဆိုင်ရာ အခန်းအသစ်တစ်ခုကို ထပ်ဖြည့်ထားခဲ့သည်။ ထိုအပြီးသတ်စာမူကြမ်းတွင် အသိဉာဏ်တု နည်းပညာနှင့် semiconductor ပစ္စည်း ကုန်သွယ်ရေးလုပ်ငန်း ယှဥ်ပြိုင်မှုများအပါအ၀င် နယ်ပယ်ဧရိယာများအတွက်အကြံပြုချက် အတော်များများကို ထည့်သွင်းထားသည်။

တရုတ်စစ်တပ်နှင့် ပတ်သတ်ဆက်နွယ်မှုကို မထုတ်ဖော်ဘဲ ထိမ်ချန်ထားခဲ့မှု၊ ဗီဇာရရှိရန်လိမ်လည်မှု စွဲချက်များဖြင့် အမေရိကန်နိုင်ငံတ၀န်း မြို့ကြီးအသီးသီး၌ ယမန်နှစ်က ဖမ်းဆီးထားခဲ့သော တရုတ်သုတေသီ ငါးဦးထက်မနည်း၏ အမှုကို ဆက်လက်ဆောင်ရွက်နေစဥ်တွင် အထက်ပါအကြံပြုချက်အသစ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အာရုံကြော ဆေးပညာဆိုင်ရာ စတန်းဖို့ဒ်တက္ကသိုလ် ဧည့်ပညာရှင်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် ချန်ဆုန်းလည်း ပါ၀င်နေခဲ့သည်။ သူမသည် တရားမျှတမှုကို ပိတ်ဆို့မှု၊ မှတ်တမ်းများကို ဖျက်ဆီးမှုနှင့် အစိုးရအေဂျင်စီတစ်ရပ်ထံ မှားယွင်းသည့်သတင်းအချက်အလက်များပေးခြင်း စသည့် စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ သူမသည် ပြီးခဲ့သည့်အပတ်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးတင်မှုအတွင်း အပြစ်ကျူးလွန်ထားခြင်း မရှိဟုလျှောက်လဲခဲ့သည်။

“ဒေါက်တာ ဆုန်းက သမားတော်တစ်ယောက်ပါ၊ သူမက အမေရိကန်မှာ လေဖြတ်‌ဝေဒနာသည်တွေအတွက်အကျိုးရှိစေမယ့် ဆေးဘက်ဆိုင်ရာ သုတေသနကို လုပ်ဖို့ ဒီမှာ ရောက်နေခဲ့တာပါ၊ သူ့မ ရဲ့သုတေသနအလုပ်ကို ပြီးဆုံးအောင်မြင်အောင်လုပ်ဖို့ ခွင့်ပြုခံထားရသူပါ” ဟု သူမ၏ ရှေ့နေ အက်ဒ်ဆွမ်ဆွန်က အီးမေးလ်ကနေတဆင့် ပြောသည်။

အခြား ပါ၀င်နေသူများမှာ Davis မြို့ ကယ်လီဖိုးနီးယားတက္ကသိုလ် ဆေးပညာကျောင်းရှိ ဧည့်သုတေသီတစ်ဦးဖြစ်သည့် ဟွမ် တန်၊ ဇီ၀ကမ္မဖြစ်စဉ်နှင့် အ၀လွန်ခြင်းဆိုင်ရာ စီမံကိန်းများအတွက် အလုပ်လုပ်နေခဲ့သည့် ဆန်ဖရန်စစ္စကိုမြို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဧည့်သုတေသီ ရှင်း၀မ်၊ Bloomington မြို့ရှိ အင်ဒီယားနားတက္ကသိုလ်၌ AI (အသိဥာဏ်တုနည်းပညာ) နှင့် machine learning ပိုင်းတွင် လေ့လာနေသောPhD ကျောင်းသားတစ်ဦးဖြစ်သည့် ကိုင်ကိုင် ကျောင်းနှင့် လော့စ်အိန်ဂျလိစ်မြို့ ကယ်လီဖိုးနီးယားတက္ကသိုလ်၏သင်္ချာဌာန၌ သုတေသီတစ်ဦးအဖြစ် လုပ်ခဲ့သည့် လိုင်ကွမ်တို့ ဖြစ်ကြသည်။

စတန်းဖို့ဒ်၊ ဆန်ဖရန်စစ္စကိုမြို့ ကယ်လီဖိုးနီးယားတက္ကသိုလ် နှင့် Davis မြို့ ကယ်လီဖိုးနီးယားတက္ကသိုလ် ဆေးပညာကျောင်းတို့အားလုံးက ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများအတွက် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောသည်။ အင်ဒီယားနား တက္ကသိုလ်က သဘောထားမှတ်ချက်အတွက် ပန်ကြားချက်ကိုအဖြေမပေးခဲ့သလို လော့စ်အိန်ဂျလိစ်မြို့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကလည်း လက်တလော ဆက်သွယ်၍ မရရှိထားပေ။

တရုတ်အစိုးရဘက်ကမူ ယင်းအနေဖြင့် အမေရိကန် သုတေသနကို ခိုးယူရန် ကြိုးပမ်းနေခဲ့သည် ဆိုသည့်စွပ်စွဲချက်များကို မဟုတ်မှန်ကြောင်း ငြင်းဆန်ပြောဆိုထားသည်။

အဆိုပါ ကိစ္စရပ်များသည် တရုတ်၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ၂၀၁၈ ခုနှစ်က စတင်ခဲ့သည့် အမေရိကန် တရားရေး၀န်ကြီးဌာန၏ “တရုတ်ဆိုင်ရာ လုပ်ဆောင်ချက်” ်၏တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly