ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို အားကစားနယ်မြေအဖြစ် တည်ထောင်သွားမည်ဟု ဝန်ကြီးချုပ် မိုဒီပြော

By thenation.org.uk
01 March 2021
ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို အားကစားနယ်မြေအဖြစ် တည်ထောင်သွားမည်ဟု ဝန်ကြီးချုပ် မိုဒီပြော

နယူးဒေလီ ။    ။ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ကျင်းပလျှက်ရှိသည့် ဒုတိယအကြိမ် ‘ခယ်လို အိန္ဒိယအမျိုးသား ဆောင်းရာသီအားကစားပွဲ’ သည် ပြည်ထောင်စုနယ်မြေအတွင်း အားကစားဆိုင်ရာ ဂေဟစနစ်သစ်တစ်ခု ထူထောင်ရေးနှင့် အားကစားနယ်မြေသစ်တစ်ခု ဖြစ်လာစေရန် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု အိန္ဒိယဝန်ကြီး ချုပ် နာရင်ဒရာမိုဒီက သောကြာနေ့တွင် ပြောကြားခဲ့သည်။

‘ဒုတိယအကြိမ် ခယ်လို အိန္ဒိယအမျိုးသား ဆောင်းရာသီအားကစားပွဲ’ ဖွင့်ပွဲအခမ်းအနားတွင် မိုဒီက “အိန္ဒိယ၏ ကောင်းမွန်မှုများ စုဝေးရာ ခယ်လိုသည် ဂျမူးကက်ရှ်မီးယားဒေသ၏ ခရီးသွားလုပ်ငန်းကို တိုးတက် စေနိုင်ကြောင်း ပြောကြားခဲ့သည်။

“ဂူမာ့မှာ ကျင်းပတဲ့ ဒီအားကစားပွဲတွေဟာ ဂျမူးနဲ့ ကက်ရှ်မီးယား ဒေသအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမြင့်ဆုံး ရရှိဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြသခြင်း ဖြစ်ပါတယ်။ ဒီဆောင်းရာသီ အားကစားပွဲက ရရှိတဲ့ အတွေ့အကြုံတွေက ရှေ့ဆက်ဖို့အတွက် တကယ်ကို အသုံးဝင်လာစေမှာပါ။ ဂျမူးနဲ့ ကက်ရှ်မီးယားမှ အားကစားဂေဟနစ်သစ်တစ်ခုကို ထူထောင်ဖို့ အထောက်အပံ့ ဖြစ်လာစေပါမယ်။ အိန္ဒိယရဲ့ ကောင်းမွန်မှုများ စုဝေးရာ ခယ်လိုဟာ ဂျမူးကက်ရှ်မီးယားဒေသရဲ့ ခရီးသွား လုပ်ငန်းကို တိုးတက်လာစေမှာ ဖြစ်ပါတယ်” ဟု မိုဒီက ပြောသည်။

နိုင်ငံတွင် အားကစား ဆိုသည်မှာ ဝါသနာသက်သက်နှင့် အချိန်ဖြုန်းသည့် အလုပ်မဟုတ်တော့ကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောသည်။

“အားကစားမှာ စုပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို သင်ယူနိုင်တယ်။ ရှုံးနိမ့်မှကနေ နည်းလမ်းသစ်တွေကို ရှာဖွေနိုင်သလို အောင်မြင်မှုတွေ ထပ်ရအောင်လည်း သင်ယူနိုင်တယ်။ အားကစားဟာ ကစားသမားတွေရဲ့ ဘဝနဲ့ နေထိုင်မှုပုံစံကို ပုံဖော်ပေးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုလည်း တိုးတက်စေနိုင်တယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားပညာရေးမူဝါဒသစ်အရ အားကစားကို များစွာ အလေးထားကြောင်း ဝန်ကြီးချုပ်က ထောက်ပြပြီး အစိုးရအနေဖြင့် နိုင်ငံတွင်း အားကစားတက္ကသိုလ်များကို ဖွင့်လှစ်နေကြောင်း ပြောကြားသည်။

“အားကစားသိပ္ပံနဲ့ စီမံခန့်ခွဲမှုပညာကို အခြေခံပညာကျောင်းအဆင့်ထိ ရောက်ရှိအောင် ဘယ်လို လုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ စဉ်းစားရပါတယ်။ ကျွန်တော်တို့ လူငယ်တွေကို အခွင့်အလမ်း ပိုပေးနိုင်မှာ ဖြစ်သလို အားကစား စီးပွားရေးမှာ အိန္ဒိယရဲ့ ပါဝင်မှု ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

အားကစားပြိုင်ပွဲတွင် ပါဝင်သည့် လူငယ်အားကစားသမားများအား ဝန်ကြီးချုပ်မိုဒီက “ခယ်လို အိန္ဒိယအမျိုးသား ဆောင်းရာသီအားကစားပွဲ’ မှာ မင်းတို့ရဲ့ စွမ်းရည်ကို ပြတဲ့အခါ မင်းတို့ဟာ အားကစားရဲ့ အစိတ်အပိုင်း သက်သက်မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ အိန္ဒိယနိုင်ငံရဲ့ အမှတ်တံဆိပ်သံတမန်လည်း ဖြစ်တယ်ဆိုတာ မှတ်ထားကြပါ။ မင်းတို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ကမ္ဘာကြီးက အိန္ဒိယကို တန်ဖိုး သတ်မှတတ် ပါတယ်” ဟု ပြောသည်။

ကျန်းမာရေးဆိုင်ရာ ဂေဟစနစ်

ယခုအခါ အိန္ဒိယ၏ ကျန်းမာရေးဆိုင်ရာ ဂေဟစနစ်ကို အမြင်သစ်များ၊ အထင်ကြီး လေးစားမှုများ၊ ယုံကြည်စိတ်ချမှုတို့နှင့် ကြည့်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောသည်။ တမီးလ်နာဒူးပြည်နယ် Dr MGR Medical University ၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မိုဒီက ဗီဒီယို ကွန်ဖရင့်မှ ပြောကြားရာ၌ မမျှော်လင့်သော ကိုဗစ်-၁၉ ကပ်ဘေးအတွင်း အိန္ဒိယအ‌နေဖြင့် လမ်းကြောင်းတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ ယုံသာမက အခြားသူများကိုလည်း ကူညီနိုင်ခဲ့ကြောင်း ပြောကြားသည်။

“ကိုဗစ်-၁၉ ဖြစ်ပွားစဉ်မှာ အိန္ဒိယအနေနဲ့ လမ်းကြောင်းသစ်တစ်ခုကို လုပ်နိုင်တဲ့အပြင် အခြားသူတွေကိုလည်း ကူညီနိုင်ခဲ့ပါတယ်။ အခုအခါမှာဆိုရင် အိန္ဒိယဟာ သေဆုံးမှုအနည်းဆုံးနဲ့ ရောဂါကနေ ပြန်လည်ကောင်းမွန်တဲ့ နှုန်းမြင့်မားတဲ့ နိုင်ငံတွေထဲမှာ အပါအဝင် ဖြစ်နေပါပြီ။ အိန္ဒိယရဲ့ ကျန်းမာရေးဆိုင်ရာ ဂေဟစနစ်ကို အမြင်သစ်တွေ၊ အထင်ကြီး လေးစားမှုတွေ၊ ယုံကြည်စိတ်ချမှုတွေနဲ့ ကြည့်နေကြပါပြီ၊ ဒါဟာ ကမ္ဘာကြီးအနေနဲ့ မင်းတို့ဆီက ပိုမို မျှော်လင့်နေကြောင်း ပြသနေပြီး မင်းတို့ရဲ့ ငယ်ရွယ်သန်မာတဲ့ ပခုံးတွေအပေါ်မှာ တာဝန်ရှိတယ်ဆိုတာ ပြသနေပါတယ်” ဟု ဝန်ကြီးချုပ်က ပြောပါတယ်။

ဆရာဝန်များသည် မိမိတို့နိုင်ငံတွင် လေးစားမှုခံရဆုံး ပညာရှင်များတွင် ပါဝင်ကြောင်း၊ ကပ်ရောဂါကြီး ပြီးစီးပါက လေးစားခံရမှု ပိုမို မြင့်လာနိုင်ကြောင်း မိုဒီက ပြောသည်။

နိုင်ငံ၏ ကျန်းမာရေးကဏ္ဍတိုးတက်ကောင်းမွန်ရေးအတွက် မိမိတို့အစိုးရအနေဖြင့် လွန်ခဲ့သော ၆ နှစ်အတွင်း ကြိုးစားမှုများစွာ လုပ်ဆောင်ခဲ့ကြောင်း မိုဒီက ပြောသည်။

“လွန်ခဲ့တဲ့ ၆ နှစ်အတွင်း MBBS ကျောင်းသား ၃ သောင်းကျော် တိုးလာပြီး ၂၀၁၄ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့ပါတယ်။ PG ကလည်း ၂၄၀၀၀ လောက် တိုးလာပြီး ၂၀၁၄ ခုနှစ်ထက် ၈၀ ရာခိုင်နှုန်း များခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ နိုင်ငံတွင်း AIIMS ဆေးသိပ္ပံကျောင်း ၆ ကျောင်းသာ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာတော့ နိုင်ငံအနှံ့မှာ AIIMS ကျောင်းပေါင်း နောက်ထပ် ၁၅ ကျောင်း ခွင့်ပြုပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

အစိုးရက ဖွင့်လှစ်သည့် အမျိုးသား ဆေးပညာကော်မရှင်သည် ဆေးကောလိပ်သစ်များ ထူထောင်ခွင့်ပြုရေးအတွက် များစွာ ပွင့်လင်းမြင်သာမှုရှိရန်နှင့် မျှတမှု ရှိအောင် ဆောင်ရွက်ပေးမည်ဟု ၎င်းက ပြောသည်။

“ဒီကဏ္ဍမှာ လူ့စွမ်းအား ရင်းမြစ်များရဲ့ အရည်အသွေးနဲ့ အရေအတွက်ကို တိုးတက်အောင် လုပ်ဆောင်သွားပါမယ်”ဟု မိုဒီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly