တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုရပ်ဖို့ အမျိုးသမီးများ အဖွဲ့ချုပ် တောင်းဆို

တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုရပ်ဖို့ အမျိုးသမီးများ အဖွဲ့ချုပ် တောင်းဆို
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထိုးစစ်ဆင်မှုများ ရပ်ပေးရန် တောင်းဆိုသကဲ့သို့ စစ်ပွဲများ ရပ်ပေးရန် မန္တလေးမြို့တွင် နိုဝင်ဘာ ၂၅ ရက်က တောင်းဆိုနေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို)

တိုင်းရင်းသား ဒေသများရှိ လက်နက်ကိုင် တပ်ဖွဲ့များကို တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ကာ ငြိမ်းချမ်းရေးကိုရှေ့ရှုသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်ရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် အားလုံးပါဝင်ရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က တိုက်တွန်းလိုက်သည်။

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများ ပပျောက်ရေးနေ့တွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ကြေညာချက် တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးများ၏ဘ၀ လှုံခြုံမှု မရှိဘဲ စိုးရိမ် ကြောင့်ကြမှုများဖြင့် နှစ်ပေါင်းရာစုဝက်ကျော် ဖြတ်သန်းလာခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ လတ်တလော ဖြစ်ပျက်နေသည့် ကချင်ဒေသနှင့် ရှမ်းဒေသများသို့ တပ်မတော်မှ ထိုးစစ်ဆင်နေခြင်းသည် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက် ပို၍ စိုးရိမ်စရာဖြစ် နေသည် သာမက ခြိမ်းခြောက်မှုပြုနေဟုလည်း ဆိုသည်။ အမျိုးသမီးနှင့် ကလေးငယ် များသည် စစ်ပြေးဒုက္ခသည် အဖြစ်နှင့် ထွက်ပြေး ပုန်းရှောင်နေရပြီး အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော် ပြပါရှိသည်။

" စစ်ပွဲတွေမှာဆိုရင် အကြမ်းဖက်ခံရဆုံးက အမျိုးသမီးတွေ ဖြစ်တယ်။ အဲဒီအတွက် စစ်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့အတွက် နှစ်ဘက်ကို အစ်မအနေနဲ့ တောင်းဆိုချင်တယ်။ စစ်ပွဲတွေ အမြန်ရပ်ပေးပါ။ ဒါမှသာ အမျိုး သမီးတွေ အကြမ်းဖက်ခံရခြင်းက ကင်းလွတ်မယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ ဘ၀ လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ ထိရောက်တဲ့ ဥပဒေတွေ ရေးဆွဲ ပြဌာန်းပေးဖို့ လိုအပ်တယ်"ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ မသက်သက်အောင်က ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘ၀ လုံခြုံမှုရှိ စေရန် စစ်ဝါဒ ကျင့်သုံးခြင်းကို ရပ်တန့်ပြီး ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်ပြီး လုံလောက်သော ဥပဒေပိုင်းဆိုင်ရာ ကာကွယ် စောင့်ရှောက်မှု ရှိစေရန် တရားဥပဒေ စိုးမိုးမှုရှိစေရန် အထူးလိုအပ်ကြောင်းလည်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဆိုသည်။

အစိုးသစ်၏ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်မှန်သောငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အခြေခံ ဥပဒေပြင်ဆင်ရေးစသည့် ရည်မှန်းချက်များကို ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုအား စစ်လက်နက်သဖွယ် ကျင့်သုံးနေမှုကို ရပ်တန့်ပေးရန်အတွက် အလေးထားဂရုပြုထည့် သွင်းစဉ်းစားရန်လည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က တိုက်တွန်းသည်။

"အားလုံးက လူသားအချင်းချင်း အတူတူပဲ အခွင့်အရေး ရသင့်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ ဘယ်သူက အနိုင်ကျင့်တာကို မကြိုက်ပါဘူး"ဟု သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

၁၉၉၉ ခုနှစ် ဒီဇင်လာလ (၁၇) ရက်နေ့တွင်ကျင်းပသော (၅၄) ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (၈၃) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ် ၅၃/၁၃၄ အရ နိုဝင်ဘာလ (၂၅) ရက်နေ့ကို “နိုင်ငံတကာ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့" အဖြစ်ဆုံးဖြတ်ချက်ချ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags