တရုတ်ပြည်မကြီးက ထိုင်ဝမ်ကို အတင်းအဓမ္မ သိမ်းပိုက်နိုင်သော အနေအထားမရှိ

တရုတ်ပြည်မကြီးက ထိုင်ဝမ်ကို အတင်းအဓမ္မ သိမ်းပိုက်နိုင်သော အနေအထားမရှိ
Photo: EPA

၂၀၁၈ ကတည်းက ထိုင်ဝမ်ရေလက်ကြားတလျှောက် အခြေအနေသည် ပြဿနာဖြစ်နိုင်မည့် အခြေအနေသို့ ရောက်နေပုံပေါ်သည်။ ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ရန်အတွက် တရုတ်သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်ဗဟိုကို မကြာခဏ ဖြတ်ကျော်ကာ စစ်လေယာဉ်များ အမြောက်အများစေလွှတ်ခဲ့သည်။ တရုတ်ပြည်မကြီးသည် ထိုင်ဝမ်၏ ဝေးလံသောကျွန်းများကို သိမ်းယူရန် ကြံစည်နေပြီး ထိုင်ဝမ်ကို အင်အားသုံးသိမ်းရန် စိတ်အားထက်သန်နေသည်ဟုလည်း ကောလဟလများ ထွက်ပေါ်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ထိုင်ဝမ်၏ ပထမဆုံး တိုက်ရိုက်သမ္မတရွေးကောက်ပွဲတွင် ဒုံးကျည် စစ်ရေးလေ့ကျင့်မှုများမှလွဲ၍ တရုတ်ကို နှုတ်ဖြင့် (သို့မဟုတ်) ဟန်ပြအရေးယူပိတ်ဆို့မှုများဖြင့် ဒေါသထွက်စေပြီး ၎င်း၏စစ်ရေးအရ ခြိမ်းခြောက်မှုကို သမိုင်းတွင်အောင် တားမြစ်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏မြင့်တက်လာနေသည့် စစ်အင်အားအဆင့်အတန်းကြောင့် ထောင်လွှားလာခဲ့ပြီး၊ ပြန်လည်ပေါင်းစည်းရေးအတွက် ပိုမိုအားကောင်းသည့် တွန်းအားပေးမှုများကို ပြုလုပ်လာခဲ့သည်။

ယခင်သမ္မတနှင့်မတူဘဲ တရုတ်သမ္မတ Xi Jinping သည် နိုင်ငံပြန်လည်ပေါင်းစည်းရေး အတွက် ဆန္ဒပြင်းပြကြောင်း ပြသခဲ့သည်။

၂၀၁၇ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက် အစီရင်ခံစာသည် ၂၀၄၉ နှစ်မတိုင်ခင် တရုတ်နိုင်ငံအတွက် အောင်မြင်ရန် လိုအပ်နေသော 'ကြီးကျယ်သောတဖန်အားသစ်လောင်းခြင်း' ကို ကြေညာပြီး ၎င်းသည် တရုတ်ပြန်လည် ပေါင်းစည်းရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သို့ရာတွင် တရုတ်ပြည်မသည် မကြာမီအချိန်တွင် ပြန်လည်ပေါင်းစည်းရေးကို အင်အားသုံးပြီး လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိချေ။

အကြောင်းရင်းတစ်ခုမှာ အင်အားသုံးခြင်းက မအောင်မြင်လျှင် ပြည်တွင်းနိုင်ငံရေးအန္တရာယ်များ မြင့်မားနိုင်သည်။ တရုတ်ပြည်မကြီးနှင့် ဖြစ်လာနိုင်ခြေရှိသော ပဋိပက္ခအတွက် ဆယ်စုနှစ်များစွာ

ကြိုတင်ပြင်ဆင်ထားပြီးသော ထိုင်ဝမ်သည် မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့်စွမ်းရည် ပြည့်ဝနေခဲ့ပြီးဖြစ်၍ အောင်ပွဲကို အလွယ်တကူ မရရှိနိုင်ပေ။ ထိုင်ဝမ်၏ စိတ်ဆန္ဒကလည်း ပြင်းပြသည်။ စစ်တမ်းများအရ ထိုင်ဝမ်လူမျိုး ၈၀ ရာခိုင်နှုန်းသည် ထိုင်ဝမ်ကျွန်းအား အင်တိုက်အားတိုက် ကာကွယ်ရန်ဆန္ဒရှိကြောင်း ဖော်ပြသည်။

အထူးသဖြင့် ၂၀၂၂ ခုနှစ်တွင် (၂၀)ကြိမ်မြောက် ပါတီကွန်ဂရက်၏ အခြေအနေတွင် တရုတ်သမ္မတ Xi သည် CCP ၏အထွေထွေအတွင်းရေးမှူးအဖြစ် ၎င်း၏တာဝန်သက်တမ်းတိုးမြှင့်နိုင်ရန်အတွက် တည်ငြိမ်သော ပြည်တွင်းနိုင်ငံရေးအခြေအနေ လိုအပ်သည်။ ကျူးကျော်ဝင်ရောက်မှုကို ဦးတည်သည့် အန္တရာယ်များသည့် မူဝါဒသည် ပြည်တွင်းတည်ငြိမ်မှုကို အန္တရာယ်ရှိစေနိုင်ခြင်း၊ အများပြည်သူ၏ မကျေနပ်မှုကိုနှိုးဆွပေးခြင်းနှင့် သူ၏ခေါင်းဆောင်မှုကို ပျက်စီးစေနိုင်သော တန်ပြန်လှုံ့ဆော်မှုများကို ဖြစ်စေနိုင်သည်။

ပြန်လည်ပေါင်းစည်းရေးအတွက် အခြားရွေးချယ်စရာများရှိနေသေးသည်။ တရုတ်ပြည်မှ အချို့က ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေး၏ ဖြစ်နိုင်ခြေသည် လုံးဝမပျောက်ဆုံးသေးကြောင်းနှင့် ထိုင်ဝမ်ကို Beiping model အရ ပြန်လည်ပေါင်းစည်းရေးသို့ တွန်းပို့နိုင်သည်ဟု အကြံပြုကြသည်။ ဤပုံစံသည် ၁၉၄၉ တွင် CCP သည် သွေးထွက်သံယိုမှုမရှိသော စေ့စပ်ညှိနှိုင်းမှုအပေါ် အခြေခံသည့် ပုံစံဖြင့် Beiping (ယခု ဘေဂျင်း) အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ၊ ယင်းပုံစံသည် ထိုင်ဝမ်ကျွန်းစုများကို သိမ်းယူနိုင်ရန် ကုန်ကျစရိတ်သက်သာသည့် ရွေးချယ်မှုဖြစ်နိုင်သည်။

တရုတ်သည် အင်အားကို အသုံးပြုပါက အမေရိကန်က ထိုင်ဝမ်အား အပြည့်အဝ စစ်ရေးပံ့ပိုးမှုတိုးချဲ့လိမ့်မည်ဟူသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ထိုကိစ္စတွင် တရုတ်သည် ၎င်း၏ ရည်မှန်းချက်အောင်မြင်ရန် ခန့်မှန်း၍မရနိုင်သော ကုန်ကျစရိတ်များ တက်လာခြင်းဖြင့်သာ အဆုံးသတ်လိမ့်မည်။ အင်အားချိန်ခွင်လျှာပြောင်းလဲမှုတွင် တရုတ်သည် အင်အားနည်းနေဆဲ ဖြစ်ကာ၊ နှစ်နိုင်ငံအကြား စီးပွားရေးကွာဟမှုသည် ကြီးမားပြီး စစ်တပ်၊ နည်းပညာနှင့် ဘဏ္ဍာရေးကွာဟချက်များမှာ ပိုမိုကြီးမားနေဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ လူတစ်ချို့က ထိုင်ဝမ်ကာကွယ်ရေးနှင့် ပတ်သက်၍ မတုန်မလှုပ်ဖြစ်နေသော်လည်း၊ ထိုင်ဝမ်ကိုမူ စွန့်လွှတ်ရန် မဖြစ်နိုင်ခြင်းက လုံခြုံရေးဆိုင်ရာ ကတိကဝတ်များကို အခက်တွေ့လစ်ဟင်းစေနိုင်ပြီး နိုင်ငံတကာ ခေါင်းဆောင်မှုအား လက်လွှတ်ဆုံးရှုံးနိုင်ခြင်းတို့ကြောင့်ဖြစ်‌ပေလိမ့်မည်။ တစ်ချိန်က ပါမောက္ခ Graham Allison က အမေရိကန်နှင့် တရုတ်တို့သည် အခြားနေရာများထက် ထိုင်ဝမ်၌ နျူကလီးယားစစ်ပွဲများကို ပိုမိုဆင်နွှဲဖွယ်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။

ထိုင်ဝမ်သို့ စစ်တပ်များမပို့ရန် ဆုံးဖြတ်ခဲ့လျှင်ပင် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များသည် ၁၉၅၀ ပြည့်နှစ်များမှ ၁၉၇၀ ပြည့်နှစ်များအထိ ဆောင်ရွက်ခဲ့သည့်အတိုင်း တရုတ်နိုင်ငံအား စီးပွားရေး၊ သံတမန်ရေးနှင့် စစ်ရေးအရ ထိထိရောက်ရောက် သီးခြားခွဲထုတ်ထားမည်ဖြစ်သည်။ စံနှုန်းများကို ချိုးဖောက်ကာ အင်အားသုံးမည် ဆိုပါက တရုတ်အား နိုင်ငံတကာအသိုင်းအဝိုင်းတွင် အပယ်ခံဖြစ်စေနိုင်ပြီး၊ ရာစုနှစ်အလယ်ပိုင်း ခေတ်မီဖွံ့ဖြိုးရေးပန်းတိုင်များသို့ ရောက်ရှိခြင်းကို အတားအဆီး ဖြစ်စေလိမ့်မည်။

တရုတ်အစိုးရတွင် အင်အားသုံးရန် အဆင်ပြေသည့် အကြောင်းပြချက်လည်း မရှိပါ။ ထိုင်ဝမ်သည် စစ်ရေးအရ အားနည်းနေသော်လည်း လွတ်လပ်မှုကို မကြေငြာရဲဘဲ ရှိရင်းစွဲ အခြေအနေကိုသာ ထိန်းသိမ်းရဲသည်။ ဤအတောအတွင်း တရုတ်ပြည်မ၏ ဥပဒေရေးရာ ပြဌာန်းချက်များသည် မရေရာသည့်အပြင် လိုသလို ကောက်ချက်ဆွဲ နိုင်သည်။

ခွဲထွက်ရေးဆန့်ကျင်မှုဥပဒေ၏ ပုဒ်မ ၈ တွင် ဖော်ပြထားသည်မှာ ထိုင်ဝမ်သည် မည်သည့်အမည်နာမဖြင့်ဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ တရုတ်မှခွဲထွက်ခဲ့လျှင် (သို့မဟုတ်) ထိုင်ဝမ်ကို တရုတ်မှ ခွဲထွက်မည့် ကိစ္စကြီးပေါ်ပေါက်ခဲ့လျှင် (သို့မဟုတ်) ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဖြစ်နိုင်ချေ လုံးဝပျောက်ဆုံးသွားလျှင်ဖြစ်စေ တရုတ်ပြည်မကြီးက ငြိမ်းချမ်းသော နည်းလမ်းမဟုတ်သည့် အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ပြဌာန်းဖော်ပြထားသည်။

သို့ရာတွင် ကန့်သတ်ချက်အမျိုးမျိုးရှိနေရာ၊ ထိုင်ဝမ်နှင့် အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းရေးမှာ တရုတ်တို့ ရွေးဖို့ မဖြစ်နိုင်ပေ။ အကယ်၍ တရုတ်နိုင်ငံ၏ အင်အားသည် အမေရိကန်ပြည်ထောင်စုထက် သိသိသာသာကျော်လွန်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဖိအားကို ကန့်သတ်ထားနိုင်မှသာလျှင် တရုတ်နိုင်ငံသည် အင်အားကို အသုံးပြုနိုင်မှာဖြစ်ပါသည်။ ထိုသို့ဖြစ်မှသာလျှင် စစ်ပွဲကို လက်တွေ့အနိုင်ရခြင်းနှင့် ထိုင်ဝမ်ကျွန်းကို ဆက်လက်ထိန်းသိမ်းထားခြင်းတို့သည် ပိုမို၍ သေချာပေမည်။

ဤအချိန်အတောအတွင်း တရုတ်ပြည်မကြီးသည် စစ်ရေးတိုက်ခိုက်မှုအစား ပိုမိုကောင်းမွန်သော ရွေးချယ်စရာတစ်ခုဖြစ်သည့် မီးခိုးရောင်ဇုန်နည်းဗျူဟာများကို ဆက်လက် အသုံးပြု၍ ထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်ခြင်းမရှိဘဲ ပူးပေါင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေလိမ့်မည်။ ထို့အပြင် အနာဂတ်အငြင်းပွားဖွယ်ရာအချက်တစ်ချို့အရ ထိုင်ဝမ်သည် တရုတ်ပြည်မမှ အင်အားသုံးလာမှုကို ရှောင်ရှားရန်အတွက် Beiping-type ပုံစံကို လက်ခံရန် စဉ်းစားကောင်းစဉ်းစားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly