ဝီဂါများအပေါ် တရုတ်ပြုမူဆက်ဆံပုံက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း နယ်သာလန်ပါလီမန် အတည်ပြု 

 ဝီဂါများအပေါ် တရုတ်ပြုမူဆက်ဆံပုံက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း နယ်သာလန်ပါလီမန် အတည်ပြု 

ဖေဖော်ဝါရီ ၂၆  

နယ်သာလန်ပါလီမန်က တရုတ်နိုင်ငံတွင် ဝီဂါမွတ်စလင်လူနည်းစုအပေါ်  ပြုမူဆက်ဆံပုံသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟူသော နှောင်ကြိုးမဲ့အဆိုပြုချက်ကို ကြာသပတေးနေ့က အတည်ပြုလိုက်ပြီး ဥရောပနိုင်ငံတစ်နိုင်ငံက ထိုသို့ ပထမဆုံးပြောဆိုလာခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံအနောက်ပိုင်း ဝေးလံခေါင်သီသော ရှင်ကျန်းဒေသရှိ စခန်းများတွင် အနည်းဆုံး ဝီဂါမွတ်စလင်တစ်သန်းခန့် ထိန်းသိမ်းခံထားရသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများက ပြောသည်။ တက်ကြွလှုပ်ရှားသူများနှင့်အနောက်တိုင်းနိုင်ငံရေးသမားတချို့က တရုတ်သည် ဝီဂါများအား ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအကျပ်အလုပ်ခိုင်းစေမှုနှင့် သားကြောဖြတ်ခြင်းများလုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆိုထားသည်။  

တရုတ်က ရှင်ကျန်းတွင် မည်သည့်လူ့အခွင့်အရေးချိုးဖောက်မှုမျှ မကျူးလွန်ကြောင်း ငြင်းဆိုထားသည်။ ၎င်းစခန်းများသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာလေ့ကျင့်မှုများ သင်ကြားပေးခြင်းသာဖြစ်ပြီး အစွန်းရောက်ဝါဒများကို တိုက်ဖျက်ရန်လိုကြောင်း ပြောဆိုထားသည်။ 

တရုတ်နိုင်ငံတွင် ဝီဂါမွတ်စလင်လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေသည်ဟု ဒက်ရှ်ပါလီမန်အဆိုပြုချက်တွင် ဖော်ပြထားသည်။  

သည်ဟိတ်ရှိ တရုတ်သံရုံးက “ရှင်ကျန်းမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်ဆိုတဲ့ အဆိုပြုချက်ဟာ လုံးဝအလိမ်အညာပါ။ ဒက်ရှ်(နယ်သာလန်) ပါလီမန်က တရုတ်ကို တမင်သက်သက် စွပ်စွဲပြောဆိုပြီး တရုတ်ရဲ့ ပြည်တွင်းရေးကိစ္စကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခဲ့တာပါ” ဟု ဆိုသည်။ 

ကနေဒါပါလီမန်ကလည်း ဝီဂါအပေါ်တရုတ်၏ပြုမူဆက်ဆံပုံသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟူသော ဆုံးဖြတ်ချက်ကို ယခုသီတင်းပတ်အစောပိုင်းက အတည်ပြုခဲ့သည်။ 

တရုတ်အစိုးရ၏ ‘မွေးဖွားခြင်းကိုကာကွယ်ရန် ရည်ရွယ်သည့်အစီအမံများ’ နှင့် ‘အပြစ်ပေးစခန်းများရှိခြင်း’ သည် လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းဟု ယေဘုယျအားဖြင့် သိကြသည့် United Nations Resolution 260 အရ အကျုံးဝင်သည်ဟု ဒက်ရှ်ပါလီမန်အဆိုပြုချက်က ဆိုသည်။  

နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ၏ ကွန်ဆာဗေးတစ် VVD ပါတီက ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ကြသည်။  

နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Stef Blok က ကုလသမဂ္ဂ သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံးက ထိုအခြေအနေကို တရားဝင်ကြေညာချက်မထုတ်ရသေးသည့်အချိန်တွင် လူမျိုးတုံးသတ်ဖြတ်မှုဟူသော အသုံးအနှုန်းကို အစိုးရအနေဖြင့် မသုံးချင်ကြောင်း ပြောသည်။  

ပါလီမန်၌ အဆိုပြုချက်ကို အတည်ပြုပြီးနောက် Block က ဝီဂါမွတ်စလင်များ၏အခြေအနေသည်  လွန်စွာစိုးရိမ်စရာကောင်းကြောင်းနှင့် နယ်သာလန်အနေဖြင့် အဆိုပါကိစ္စရပ်အပေါ် တခြားသောနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ရိုက်တာသတင်းဌာနကို ပြောသည်။ 

၎င်းအဆိုကို ရေးသားသူ ဗဟိုလက်ဝဲယိမ်း D-66 ပါတီမှ အမတ် Sjoerd Sjoerdsam က ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲကို ပေကျင်း၌ မကျင်းပရန် နိုင်ငံတကာအိုလံပစ်ကော်မတီအား ဆော်ဩလျက် သီးခြားအဆိုပြုထားသည်။  

သည်ဟိတ်မြို့ (The Hague) ရှိ တရုတ်သံရုံးဝက်ဘ်ဆိုက်တွင်တင်ထားသော ထုတ်ပြန်ချက်၌ ရှင်ကျန်းရှိ ဝီဂါလူဦးရေသည် မကြာသေးမီနှစ်များအတွင်း တိုးပွားလာပြီး မြင့်မားသောလူနေမှုအဆင့်အတန်းနှင့် သက်တမ်းရှည်စွာနေနိုင်မှုကို ခံစားနေရသည်ဟု ဖော်ပြထားသည်။  

တရုတ်သံရုံးထုတ်ပြန်ချက်၌ "၎င်းအခြေအနေကို လူမျိုးတုံးသတ်ဖြတ်မှုဟု မည်သို့ခေါ်နိုင်မည်နည်း။ ရှင်ကျန်းနှင့်ဆက်စပ်သော အရေးများသည် လူ့အခွင့်အရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအကြောင်း မဟုတ်ဘဲ ပြင်းထန်သောအကြမ်းဖက်မှုနှင့်ဆက်နွယ်မှုများကို တိုက်ဖျက်ခြင်းသာဖြစ်သည်" ဟု ရေးသားထားသည်။  

ဂျီနီဗာရှိကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း အနောက်နိုင်ငံများသည် တရုတ်၏ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် ဝီဂါအရေးကို အသုံးချနေကြကြောင်း ဗုဒ္ဓဟူးနေ့က စွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly