တရုတ်နိုင်ငံ၏ ဝီဂါ ထိန်းသိမ်းရေး စခန်းများတွင် ကျောင်းသူများအပေါ် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ ချုပ်နှောင်ခြင်းနှင့် နှိပ်စက်ခြင်းများ ကျူးလွန်နေ 

တရုတ်နိုင်ငံ၏ ဝီဂါ ထိန်းသိမ်းရေး စခန်းများတွင် ကျောင်းသူများအပေါ် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ ချုပ်နှောင်ခြင်းနှင့် နှိပ်စက်ခြင်းများ ကျူးလွန်နေ 
Photo: AFP

ဆရာမတစ်ဦးသည် သူမ၏ စာသင်ခန်းတွင် အစောင့်များက “ဖမ်းဆီးထိမ်းသိမ်းခံရသူများကို နှိပ်စက်ခြင်းကြောင့်” ထွက်ပေါ်လာသော အော်ဟစ်သံများကို ကြားရပုံအကြောင်းအား ပြန်ပြောင်းပြောကြားခဲ့သည်။ 

သော့ခတ်၊ ပိတ်ဆို့၍ အစောင့်များ ချထားသည့် တံခါးများနောက်ကွယ်တွင် ဖြစ်ပျက်နေသော အရာများအကြောင်းအား တရုတ်နိုင်ငံ ဝီဂါ ထိန်းသိမ်းရေး စခန်းများအတွင်း “ကျယ်လောင်စွာ ငိုကြွေး အော်ဟစ်နေကြသည့်” အမျိုးသားများနှင့် အမျိုးသမီးများကို တရုတ်စာ သင်ကြားပေးရန် ဖိအားပေးခြင်းခံရသည့် အမျိုးသမီးတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ 

ကယ်ဘီနာ ဆီဒစ်ဟု အမည်ရသော ဆရာမတစ်ဦးသည် ၂၀၁၆ ခုနှစ်တွင် စေဘက်ခရိုင် ပညာရေးဗျူရိုသို့ ဆင့်ခေါ်ခြင်း ခံခဲ့ရပြီး များမကြာမီ အချိန်အတွင်းတွင် “ပညာမဲ့များ” အား စာသင်ပေးရမည်ဟု ညွှန်ကြားခြင်း ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်အရောက်တွင် တရုတ် အစိုးရက စီမံအုပ်ချုပ်နေသည့် စခန်းနှစ်ခုအတွင်း ချုပ်နှောင်ခံထားရသည့်” ကျောင်းသားများ၏ အတန်းများတွင် တရုတ်စာသင်ကြားမှုများ ပုံမှန်ပြုလုပ်ပေးခဲ့ရသည်။ 

ဥဘက္ကစ္စတန်နွယ်ဘွား ဆရာမ ဆီဒစ်သည် Xinjiang ပြည်နယ်တွင် ကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၆ နှစ်နှင့် ၁၃ နှစ်အကြား ကလေးငယ်များအား ၂၈ နှစ်တိုင် ပညာသင်ကြားပေးခဲ့သူ ဖြစ်ပါသည်။ 

ဖမ်းဆီးထိန်းသိမ်းခံရသူများသည် ထိန်းသိမ်းရေး စခန်းများသို့ မရောက်မီတွင် သန်သန်မာမာ၊ အားအင်အပြည့်၊ တက်တက်ကြွကြွ ရှိခဲ့ကြသော်လည်း များမကြာမီအချိန်အတွင်းတွင် နာမကျန်း၍ အင်အားချိနဲ့သွားခဲ့ကြသည်ဟု CNN နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဆရာမ ဆီဒစ်က ပြောကြားခဲ့သည်။ သူနေထိုင်ရာ မြေညီထပ် အပေါ်ဘက်ရှိ စာသင်ခန်းတွင် အမျိုးသား ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ နှိပ်စက်ညှင်းပန်းခြင်းကို ခံရသောကြောင့် အော်ဟစ်နေသည့် အသံများကို ပုံမှန်ကြားသိရခြင်းအကြောင်းအား သူက ပြန်ပြောင်းပြောကြားခဲ့သည်။ 

အလုပ်လုပ်ရာ စခန်းတစ်ခုအတွင်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အကျဉ်းသားများကို အဓမ္မပြုကျင့်သည်ဟူသော သတင်းများကို လာရောက်စုံစမ်းစစ်ဆေးနေသည်ဟု သူ့အား အမျိုးသမီးရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟုလည်း ဆရာမ ဆီဒစ်က စွပ်စွဲပြောကြားခဲ့သည်။ ဆရာမ ဆီဒစ်အဆိုအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် သောက်စားမူးယစ်ပြီးနောက် “အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်၊ နှိပ်စက်ခဲ့ကြပုံများအား အချင်းချင်းပြောကြားခဲ့ဖွယ်ရှိသည်” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးက ပြောကြားခဲ့သည်။ 

ဤသို့သော စွပ်စွဲပြောဆိုမှုများအား အတည်ပြု စစ်ဆေးနိုင်ခြင်း မရှိသည့်အပြင် “အသက်မွေးဝမ်းကြောင်းမှု စင်တာများ” ဟု ခေါ်ဆိုနေသည့် အဆိုပါနေရာများတွင် ထိုသို့သော ချိုးဖောက်မှုများ ဖြစ်ပွားခြင်းမရှိပါဟု တရုတ်နိုင်ငံက အကြောက်အကန် ငြင်းဆိုနေသော်လည်း ဆရာမ ဆီဒစ်ပြောကြားခဲ့သည့် အဖြစ်အပျက်များသည် မိမိတို့၏ အတွေ့အကြုံများအကြောင်း ပြောပြခဲ့သည့် လွတ်မြောက်လာသူများ၏ အဖြစ်အပျက်များနှင့် ဆင်တူနေပါသည်။ 

အစောပိုင်းကာလအတွင်း CNN သို့ အလားတူ ပြောပြခဲ့သည့် တာဆန်နေ ဇီရာဝူဒန်ကလည်း ၂၀၁၈ ခုနှစ် မတ်လအတွင်းတွင် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိဘဲ သူ့ကို ဖမ်းဆီးကာ Xinjiang ပြည်နယ်၊ ဂေါ်ဂျာမြို့စွန်ရှိ စခန်းတစ်ခုတွင် ကိုးလကြာ ထိန်းသိမ်းခဲ့သည်ဟု ပြောကြားထားသည်။ 

 “အုပ်စုလိုက် အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုများ” အကြောင်း အသေးစိတ်ကျကျ ပြန်ပြောင်းပြောကြားရာတွင် “အခြားအခန်းတစ်ခုမှာ အမျိုးသမီးငယ်တစ်ဦး အော်ဟစ်ငိုကြွေးနေတာကို ကျွန်မကြားခဲ့ရပါတယ်။ အမျိုးသား ငါးယောက် သို့မဟုတ် ခြောက်ယောက်လောက် အခန်းထဲကို ဝင်သွားတာကိုလည်း တွေ့မြင်ရတော့ သူမကို သူတို့ ညှင်းပန်းနှိပ်စက်နေတယ်လို့ ကျွန်မထင်ခဲ့ပါတယ်” ဟု သူက ပြောခဲ့သည်။ 

“ကျွန်မလည်း အစုလိုက်အပြုံလိုက် အဓမ္မ အကျင့်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသမီးငယ်ကို သူတို့တွေ ဘာလုပ်လိုက်သလဲဆိုတာကို ကျွန်မ နားလည်လိုက်ပါတယ်။” 

၂၀၂၀ ခုနှစ်အတွင်း ဆေးကုသမှုတစ်ခုအတွက် အရေးပေါ် ပို့ဆောင်ခံရပြီးနောက်တွင် အမေရိကန်အခြေစိုက် CNN သတင်းဌာနသို့ ဇီရာဝူဒန်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်အာဏာပိုင်များ၏ တင်းကြပ်သော အမိန့်များဖြင့် ကာဇက်ကစ္စတန်သို့ ပြန်ခဲ့ရပြီး အကျဉ်းစခန်းအတွင်း သူမကြုံတွေ့ခဲ့ရသော အကြောင်းများကို ပြောကြားခြင်းမပြုရန် ညွှန်ကြားခြင်း ခံရသည်ဟုလည်း သူမက ပြောကြားခဲ့သည်။ 

ဆရာဝန်များက သူမ၏ သားအိမ်ကို ဖယ်ရှားပေးခဲ့ပြီး CNN သို့ ပြသသော ဆေးမှတ်တမ်းများတွင် သူမသည် တင်ပဆုံတွင် ပြည်တည်နေပြီး မွေးလမ်းကြောင်းတွင် သွေးထွက်နေဟု ဖော်ပြထားသကဲ့သို့ တီဘီရောဂါလည်း ခံစားနေရကြောင်း ဖော်ပြထားသည်။ ထိုအဖြစ်အတွက် ထိန်းသိမ်းရေးစခန်းအတွင်း သူမအား ခွဲစိတ်ကုသပေးသော ဆရာဝန်များအပေါ် ပြစ်တင်ဝေဖန်ခဲ့သည်။

တရုတ်အစိုးရသည် ဝီဂါမွတ်ဆလင်များအပေါ် လူမျိုးတုန်း သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များကို စဉ်ဆက်မပြတ် ငြင်းပယ်ထားပြီး CNN သို့ ပေးပို့သော ဖော်ပြချက်တစ်ခုတွင် “Xinjiang ပြည်နယ်အတွင်းရှိ ‘အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများနှင့် စော်ကားမှုများ’ မရှိပါ” ဟု ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly