ဝီဂါလူမျိုးများအပေါ် တရုတ်၏ ဆက်ဆံမှုအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ရန် ကနေဒါ ဆန္ဒမဲပေး

ဝီဂါလူမျိုးများအပေါ် တရုတ်၏ ဆက်ဆံမှုအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ရန် ကနေဒါ ဆန္ဒမဲပေး

ကနေဒါသည် နှစ်နိုင်ငံအကြား နောက်ထပ် သံတမန်ရေးတင်းမာမှုများကို တိုးမြှင့်ဖွယ်ရှိသော အငြင်းပွားဖွယ် ပါလီမန်မဲခွဲမှုအပြီးတွင် ဝီဂါလူနည်းစုအပေါ် တရုတ်၏ ဆက်ဆံမှုအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဖော်ပြသည့် ကမ္ဘာပေါ်တွင် ဒုတိယနိုင်ငံဖြစ်လာသည်။

ဥပဒေပြုအမတ်များက အတိုက်အခံ ကွန်ဆာဗေးတစ်များက တင်သွင်းသောစည်း နှောင်ဖွဲ့ထားခြင်းမရှိ အဆိုပြုချက်ကို အတည်ပြုသည်မှာ ရှင်ကျန်းပြည်နယ် အနောက်မြောက်ပိုင်းရှိ မွတ်ဆလင် ဝီဂါများ အပေါ် တရုတ်၏ အပြုအမူများအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အသိအမှတ်ပြုရန်ဖြစ်သည်။

ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒါနှင့် ဝန်ကြီးအဖွဲ့ဝင် အကြီးအကဲများသည် တနင်္လာနေ့မဲပေးခြင်းအား မတက်ရောက်ခဲ့ပေ။ အစိုးရကိုယ်စား ကိုယ်စားပြုသော နိုင်ငံခြားရေးဝန်ကြီး Marc Garneau မှ လွဲ၍ တက်ရောက်လာသော အခြားသော လစ်ဘရယ်အဖွဲ့ဝင်များသည် အဆိုပြုချက်ကို ထောက်ခံခဲ့သည်။

တရုတ်နိုင်ငံတွင် လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုဟု ခေါ်ဆိုခြင်းအားဖြင့် ကနေဒါသည် ဒေါ်နယ်ထရမ့် ရုံးမှမထွက်ခွာခင်တင်ပင် ဆုံးဖြတ်ချက်ပြုခဲ့သည့် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခဲ့သည်။ ယူကေတွင် မဲပေးရန် အလားတူကြိုးပမ်းမှုသည် ယခုလအစောပိုင်းတွင် ပျက်ကွက်ခဲ့သည်။

သို့သော် ကနေဒါပါလီမန်၏ လှုပ်ရှားမှုသည် မကြာသေးမီနှစ်များအတွင်း တရုတ်၏ ရန်လိုမှုများကို ဆန့်ကျင်ခြင်းနှင့် ပေကျင်းနှင့် ရင်းနှီးသော ဆက်ဆံရေးထိန်းသိမ်းခြင်းတို့အကြား ဘက်ညီမှုကို ရှာဖွေရန်ကြိုးပမ်းနေသည့် ဝန်ကြီးချုပ်အတွက် နိုင်ငံရေး စိန်ခေါ်မှုအသစ်များကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်။

ပါလီမန်အမတ်အများစုမပါဘဲအုပ်ချုပ်သည့် လစ်ဘရယ်ပါတီမှ ထရူးဒါသည် ယခင်က မဲပေးရန် အဆိုတင်သွင်းခြင်းကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုသည် အလွန်အမင်း ဝန်ထုပ်ဝန်ပိုးဖြစ်သည့် အသုံးအနှုန်းဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်မချမီ ပိုမို၍ လေ့လာရန် လိုအပ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ရုံးပိတ်ရက်အတွင်း ကနေဒါဆိုင်ရာ တရုတ်သံအမတ်က အိုတာဝါရှိ အရာရှိများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်မပါသင့်ကြောင်း ကနေဒါစာနယ်ဇင်းကို ပြောကြားခဲ့ပြီး မဲပေးမှုကို ဝေဖန်ခဲ့သည်။

“အဲဒါက အချက်အလက်တွေနဲ့ ဆန့်ကျင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ ဒါကကျွန်တော်တို့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာနဲ့ တူတယ်” ဟု Cong Peiwu က ပြောကြားခဲ့သည်။ “ရှင်ကျန်းမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ လုံးဝမရှိပါဘူး”

ရှင်ကျန်းပြည်နယ်ရှိ စခန်းများတွင် ဝီဂါ၁ သန်းကျော်ကို ထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသတင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းစွပ်စွဲချက်များကို တရုတ်နိုင်ငံက ငြင်းဆိုပြီး ၎င်းအဆောက်အအုံများအား အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးဆိုင်ရာ လေ့ကျင့်ရေးစင်တာများအဖြစ် ဖော်ပြပြီး အစွန်းရောက်ဝါဒကို ချေဖျက်ရန် ကြိုးစားနေသည်ဟု ဆိုခဲ့သည်။

သို့သော်ပြီးခဲ့သည့် အောက်တိုဘာလတွင် ကနေဒါ ပါလီမန် ကော်မတီခွဲက ဝီဂါများအပေါ် တရုတ်၏ ဆက်ဆံမှုသည် လူမျိုးတုံးသတ်ဖြတ်မှဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

အဆိုပြုချက်သည် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလတွင် ဟွာဝေး၏ မုန့်ဝမ်ကျောင်းအား အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးပြီးနောက်ပိုင်း သိသိသာသာ ဆိုးဝါးနေသော နှစ်နိုင်ငံအကြား တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည်။ ရက်အနည်းငယ်အတွင်းမှာပင် ကနေဒါနိုင်ငံသား Michael Kovrigနှင့် Michael Spavor တို့ကို တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အမျိုးသားများ၏ ထိန်းသိမ်းမှုကို “ဓားစာခံသံတမန်ရေး”အဖြစ် ကနေဒါနိုင်ငံက ဖော်ပြခဲ့သည်။

မဲပေးမှုမတိုင်ခင် ကွန်ဆာဗေးတစ်ခေါင်းဆောင် Erin O'Toole က “စီးပွားရေးအခွင့်အလမ်း အချို့ စွန့်လွှတ် အနစ်နာခံခံရလျှင်ပင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာအတွက် ကျွန်ုပ်တို့ရပ်တည်မည်ဟူသော ရှင်းလင်းပြတ်သားသည့် အချက်ပြချက်တစ်ခုပေးရန် အဆိုပြုမှုသည် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ကွန်ဆာဗေးတစ်များ၊ ဒီမိုကရက်အသစ်များ၊ Bloc Québécoisနှင့် Greens တို့သည် တရုတ်အရာရှိများအား အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် လာမည့် အိုလံပစ်ဆောင်းရာသီအားကစားကို ပေကျင်းမှ ပြောင်းရွှေ့ရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly