စစ်အာဏာသိမ်းမှုကို မြန်မာတိုင်းရင်းသားပေါင်းစုံ တစ်ညီတစ်ညွတ်တည်း ဆန္ဒပြ 

စစ်အာဏာသိမ်းမှုကို မြန်မာတိုင်းရင်းသားပေါင်းစုံ တစ်ညီတစ်ညွတ်တည်း ဆန္ဒပြ 

ဖေဖော်ဝါရီ ၂၀  

တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာရည်မှန်းချက်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကတိကဝတ်များအပေါ် သံသယအချို့ရှိကြောင်း တိုင်းရင်းသားကိုယ်စားလှယ်တချို့က ပြောခဲ့ကြသော်လည်း စနေနေ့၌ တိုင်းရင်းသားပေါင်းစုံပါဝင်သော အထွေထွေသပိတ်စစ်ကြောင်းသည် အာဏာသိမ်းမှုကို ဆန့်ကျင်ကာ စုပေါင်းချီတက်ဆန္ဒပြခဲ့ကြသည်။ 

စစ်တပ်က ရွေးကောက်ပွဲအသစ်ကျင်းပ၍ အနိုင်ရရှိသူကို အာဏာပြန်လွှဲမည်ဟု ကတိပြုထားသည့်တိုင် ဝါရင့် ဒီမိုကရေစီလှုပ်ရှားသူများပါဝင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်းဖြစ်ပွားလျက်ရှိသည်။  

ပြီးခဲ့သည့် သီတင်းပတ်က နေပြည်တော်တွင်  ဆန္ဒပြလူအုပ်ကို ရဲများက ဖြိုခွင်းစဉ်အတွင်း ခေါင်းကို သေနတ်ကျည်ထိမှန်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦးသည် သောကြာနေ့က ကွယ်လွန်သွားခဲ့ပြီး အာဏာသိမ်းမှုဆန္ဒပြသည့်ဖြစ်ရပ်များအတွင်း ပထမဆုံးသေဆုံးမှုဖြစ်သည်။  

ဆန္ဒပြပွဲအတွင်းက ဒဏ်ရာရရှိခဲ့သော ရဲတစ်ဦးလည်းသေဆုံးခဲ့သည်ဟု စစ်တပ်က ပြောသည်။  

ဆန္ဒထုတ်ဖော်သူများက ရွေးကောက်ခံအစိုးရအား အာဏာပြန်လည်အပ်နှင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တခြားခေါင်းဆောင်များအား လွှတ်ပေးရေးနှင့် စစ်အုပ်ချုပ်ရေးကာလကရွေးဆွဲထားပြီး စစ်တပ်အား နိုင်ငံရေးတွင်အဆုံးအဖြတ်ပေးနိုင်သော ကဏ္ဍပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးတို့ကို တောင်းဆိုနေကြခြင်းဖြစ်သည်။  

ရန်ကုန်မြို့ရှိ တိုင်းရင်းသားပေါင်းစုံ၏ စနေနေ့ဆန္ဒပြပွဲကို  ဦးဆောင်သူတစ်ဦးဖြစ်သော နာဂတိုင်းရင်းသားလူငယ်ခေါင်းဆောင် Ke Jung က ဆန္ဒပြသူများသည် ဖယ်ဒရယ်စနစ်တစ်ခုကို တောင်းဆိုနေခြင်းလည်းဖြစ်ကြောင်း ပြောသည်။ 

“ကျွန်တော်တို့တွေ စစ်အာဏာရှင်စနစ်အောက်မှာ ဖယ်ဒရယ်တိုင်းပြည်တစ်ခုကို မတည်ထောင်နိုင်ပါဘူး။ စစ်အာဏာရှင်တွေကို လက်မခံနိုင်ပါဘူး” ဟု ရိုက်တာသတင်းဌာနကို ပြောသည်။  

၂၀၁၁ ခုနှစ်အထိ နှစ် ၅၀ နီးပါးကြား စစ်တပ်၏တိုက်ရိုက်အောက်ချုပ်မှုအတွင်း သွေးထွက်သံယိုများသော ဖိနှိပ်ခံဆန္ဒဖော်ထုတ်မှုများထက် ယခုဆန္ဒပြပွဲများသည် ပို၍ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့က လူစုလူဝေးများကို ဖြိုခွင်းရန် ရာဘာကျည်ဆန်များဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်ခြင်း၊ ရေအမြောက်များ အသုံးပြုခြင်းနှင့် လောက်လေးခွများဖြင့် ပစ်ခတ်ခြင်းများ ရှိခဲ့သည်။ 

ဆန္ဒပြမှုများအပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကလည်း အစိုးရလုပ်ငန်းများစွာကို ပျက်ပြားစေခဲ့သည်။ 

နာဂတိုင်းရင်းသား Ke Jung က “တချို့တိုင်းရင်းသားပါတီတွေက အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ မလုပ်ကြပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဖွဲ့တာ မအောင်မြင်ခဲ့လို့ပါ။ ဒါပေမယ့် ဒီတိုက်ပွဲကိုတော့ ကျွန်တော်တို့ နိုင်ရပါမယ်။ ပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်။ အာဏာရှင်စနစ်အဆုံးသတ်သွားတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ” ဟု ဆိုသည်။  

ချင်းတိုင်းရင်းသား လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Salai Mon Boi က “ချင်းအမျိုးသားနေ့ဖြစ်တဲ့ စနေနေ့ဆန္ဒပြပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ပေးဖို့၊ အာဏာရှင်စနစ် အသုံးသတ်ဖို့၊ ဖယ်ဒရယ်စနစ် တည်ဆောက်ဖို့နဲ့ ခေါင်းဆောင်အားလုံးကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အချက်လေးချက်ကို အဓိကထားတောင်းဆိုသွားမှာပါ။ NLD ကို မကြိုက်တဲ့ သူတချို့လည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ NLD အကြောင်းကို ပြောနေကြတာမဟုတ်ပါဘူး” ဟု ဆိုသည်။  

အရောင်အသွေးစုံသော လူနည်းစုတိုင်းရင်းသားများ၏ ဆန္ဒပြပွဲများအပြင် ဆန္ဒပြသူရာပေါင်းများစွာသည် ရဲများက လမ်းပိတ်ဆို့ထားသည့် ဆူးလေဘုရားအနီးတွင်လည်း ကြွေးကြော်သံများအော်ဟစ်ကာ စုဝေးဆန္ဒပြခဲ့ကြသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏အဆိုအရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၄၆ ဦးရှိပြီး ၄၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သောကြာနေ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly