မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များကို ပစ်မှတ်ထားအရေးယူရန် အီးယူ စီစဉ်

By EUobserver
18 February 2021
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များကို ပစ်မှတ်ထားအရေးယူရန် အီးယူ စီစဉ်
Photo: Nyein Chan Naing/EPA

 ဖေဖေါ်၀ါရီ ၁၈

အီးယူနိုင်ငံများသည် မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် တုံ့ပြန်ဆောင်ရွက်သောအားဖြင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များ ပါ၀င်သည့် အမည်ပျက်စာရင်းတစ်ခု ရေးဆွဲပြုစုရန် နိုင်ငံခြားရေးရာဌာနကို တာ၀န်ပေးထားသည်။

“မြန်မာ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကိစ္စမှာ တိုက်ရိုက် တာ၀န်ရှိတဲ့သူတွေအပေါ် ပစ်မှတ်ထားပြီး ပိတ်ဆို့ကန့်သတ်မယ့် အစီအမံတွေ လုပ်ဆောင်ဖို့ ဥရောပသမဂ္ဂအနေနဲ့ ပြင်ဆင်နေပြီ” ဟု ဖေဖေါ်၀ါရီ ၂၂ ရက် အစည်းအဝေးတစ်ခုအပြီး အီးယူ နိုင်ငံခြားရေး၀န်ကြီးများက ထုတ်ပြန်ပြောကြားရန် စီစဥ်ထားကြောင်း ဗုဒ္ဓဟူးနေ့က ဘရက်ဆဲလ်၌ ၎င်းတို့၏ သံတမန်များ သဘောတူခဲ့သည့် မူကြမ်းသုံးသပ်ချက်အရ သိရသည်။

“ကောင်စီအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ လျော်ကန်သင့်တော်တဲ့ အဆိုပြုချက်တွေ ထုတ်ဖော်ဖို့အတွက် အဆင့်မြင့် ကိုယ်စားလှယ် (အီးယူ နိုင်ငံခြားဆက်ဆံရေးအကြီးအကဲ) နဲ့ ဥရောပ ကော်မရှင်ကို ဖိတ်ကြားပါတယ်” ဟုလည်း EUobserver က မြင်တွေ့ခဲ့သည့် မူကြမ်းဖော်ပြချက်ထဲတွင် ပြောထားသည်။

လာမည့် တနင်္လာနေ့တွင် အီးယူနိုင်ငံခြားရေး၀န်ကြီးများက နိုင်ငံရေး အတည်ပြု ခေါင်းညိတ်မှု ပေးလိမ့်မည်ဟု မှတ်ယူရပြီး အရေးယူပိတ်ဆို့မှုအသစ်များသည် ယင်း‌နောက် သီတင်းပတ်အနည်းငယ်အကြာတွင် စတင်အသက်၀င်သွားနိုင်သည်။

အီးယူသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဘက် ဖြစ်သည်။

“ဥရောပသမဂ္ဂအနေဖြင့် မြန်မာပြည်သူများ အထူးသဖြင့် ထိခိုက်မှု အရှိနိုင်ဆုံးသူများကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည့် အစီအမံများကို ရှောင်ရှားရန် ကြိုးပမ်းမည်”ဟု အီးယူနိုင်ငံများက သဘောတူထားသည့်အတွက် ယခု စီစဥ်နေသော အရေးယူမှု အစီအစဥ်များက ကုန်သွယ်မှုအပေါ် ထိခိုက်ဖွယ် မရှိပေ။

ရိုဟင်ဂျာ (မူရင်း) လူနည်းစု ဖိစီးနှိပ်စက်ခံရမှုကြောင့် ချမှတ်ထားခဲ့သည့် ရှိရင်းစွဲ အီးယူ အစီအမံများအပြင် ပြီးခဲ့သည့် ဖေဖေါ်၀ါရီ ၁ ရက်က အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ် ခေါင်းဆောင်များအပေါ် ဗီဇာ ပိတ်ပင်ခြင်းများ၊ ပိုင်ဆိုင်မှုများ ပိတ်ထားခြင်းတို့ ဖြစ်ပေါ်လာရန် ရှိသည်။

ရှိရင်းစွဲ အစီအမံများသည် အရာရှိ ၁၄ ဦးနှင့် လက်နက် တင်ပို့မှု ပိတ်ပင်ချက်တစ်ခုတို့ကို လွှမ်းခြုံထားခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ် သြဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း ရှိနေသည် ဆိုလျင်တောင်မှ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော ဖြေရှင်းချက်နည်းလမ်းတစ်ခုအတွက် ပြေလည်အောင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းရန် အီးယူက စိတ်အားထက်သန်နေသည်။

“ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ တရား၀င် ဒီမိုကရေစီနည်းကျ ဖြစ်တဲ့ အဖွဲ့အစည်းတွေဆီ အာဏာ ပြန်လည် ရောက်ရှိရေး အဆင်ပြေချောမွေ့စေဖို့ အမြင်သဘောတစ်ခုနဲ့အတူ အခြေအနေအပေါ် စိတ်ကောင်းစေတနာကောင်းနဲ့ ဖြေရှင်းချင်တဲ့ အဓိကပါ၀င်သက်ဆိုင်သူအားလုံးနဲ့ ညှိနှိုင်းဆွေး‌နွေးမှုကို ထောက်ခံဖို့ အသင့်ရှိပါတယ်” ဟု မူကြမ်းသုံးသပ်ချက်တွင် ပြောထားသည်။

တနင်္လာနေ့ ထုတ်ပြန်ချက်သည် အီးယူ၏ နိုင်ငံရေး ရပ်တည်ချက်ကို ထပ်လောင်း ဖွင့်ဟမည်ဖြစ်သည်။

“ဥရောပသမဂ္ဂအနေနဲ့ မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်” ဟု မူကြမ်းတွင် ဆိုထားသည်။

“မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားမှု ချက်ချင်း အဆုံးသတ်ခြင်း၊ တရား၀င်ဖြစ်တဲ့ အရပ်သားအစိုးရထံ အာဏာပြန်ပေးခြင်းနဲ့ ရွေးကောက်ခံထားရတဲ့ ပါလီမန်သစ် အစည်းအဝေး ဖွင့်လှစ်ကျင်းပခြင်းတို့ကနေတဆင့် လက်ရှိ အကျပ်အတည်းကို ပြေလည်စေရေး ဥ‌ရောပသမဂ္ဂဘက်က တောင်းဆိုပါတယ်” ဟု ယင်းက ပြောထားသည်။

“စစ်တပ်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို လက်လျှော့စွန့်လွှတ်ရပါလိမ့်မယ်” ဟု ယင်းက ပြောသည်။

ထို့ပြင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ‌ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ခေါင်းဆောင်များ ပြန်လည် လွတ်‌မြောက်ရန် ယင်းက တောင်းဆိုခဲ့သည်။

ထို့ပြင် ဆန္ဒပြပွဲများနှင့် ဆက်စပ်ပြီး ထိန်းသိမ်းခံခဲ့ရသည့် သာမန်ပြည်သူများကို လွှတ်ပေးရန် နှင့် အင်တာနက်နှင့် မီဒီယာ အခွင့်အရေးများ ပုံမှန်အတိုင်း ခွင့်ပြုရန် ယင်းက စစ်အာဏာသိမ်းခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။

ပြည်သူများတွင် ငြိမ်းချမ်းစွာ စုဝေးနိုင်သည့် အခြေခံအခွင့်အရေးတစ်ခုရှိသည်ဟု အီးယူ မူကြမ်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်နဲ့ ရဲတွေဘက်က ဖိနှိပ်မှုကို အီးယူအနေနဲ့ ရှုတ်ချပါတယ်၊ ပြီးတော့ အာဏာပိုင်တွေဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့ သက်ဆိုင်သူအားလုံးအနေနဲ့ အကြမ်းဖက်မှုကနေ ရှောင်ဖို့ တောင်းဆိုပါတယ်” ဟု ယင်းတွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly