သက်ဆိုင်သူများအားလုံး အကြမ်းဖက်မှုမှ ရှောင်ရှားရေး တရုတ်သံအမတ် တိုက်တွန်း

သက်ဆိုင်သူများအားလုံး အကြမ်းဖက်မှုမှ ရှောင်ရှားရေး တရုတ်သံအမတ် တိုက်တွန်း
Photo: EPA

‌‌ဖေဖော်၀ါရီ ၁၈

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် အကြမ်းဖက်မှု နည်းလမ်း အသုံးပြုခြင်းကို သက်ဆိုင်သူများအားလုံး ရှောင်ကြဉ်သင့်ကြောင်းနှင့် မြန်မာပြည်သူများ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေချိန် ပြည်သူများ၏ အခြေခံအခွင့်အရေးကို ကာကွယ်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းက ပြောကြားခဲ့သည်။

“ပကတိအားဖြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက တရုတ်နိုင်ငံဘက်က မြင်တွေ့လိုတဲ့ မြင်ကွင်း မဟုတ်ပါဘူး။” ဟု ချန်က ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာမီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ် ချန်က ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်တာ ဒါမှမဟုတ် ပရမ်းပတာ အခြေအနေကို ရောက်တာမျိုးမဟုတ်ဘဲ အခြေအနေအားလုံး ကောင်းကောင်းမွန်မွန်ရှိစေဖို့ကိုပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု ချန်က ပြောသည်။

မြန်မာစစ်တပ်သည် ဖေဖော်၀ါရီ ၁ ရက်တွင် အာဏာသိမ်းရင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့ပြီး ယင်းနောက် သူမ၏ နေအိမ်၌ စကားပြောစက်များ ရှိနေမှုအတွက် သွင်းကုန်၊ ပို့ကုန် ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲထားခဲ့သည်။

နိုင်ငံအနေဖြင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန်အတွက် “မြန်မာစစ်တပ်၊ နိုင်ငံရေးပါတီများနှင့် လူ့အဖွဲ့အစည်း ကဏ္ဍပေါင်းစုံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံကျသည့် ရေရှည် အကျိုးတရားများကို ဂရုပြုကြရန် လိုအပ်သည်။”ဟု ချန်က ပြောခဲ့သည်။

“သက်ဆိုင်သူများအားလုံးအနေဖြင့် လက်ရှိ ပြဿနာကို မှန်ကန်ကျနစွာဖြင့် ဆွေး‌နွေးညှိနှိုင်းတိုင်ပင်မှုနှင့်အတူ ကိုင်တွယ်ဖြေရှင်းကြရန်” တရုတ်သံအမတ်က တောင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ လိုအပ်တာက ပြန်လည်ရင်ကြားစေ့ရေးနဲ့ စည်းလုံးညီညွတ်မှုပါ။ ထိပ်တိုက်တွေ့မှုနဲ့ သဘောကွဲလွဲမှု မဟုတ်ပါဘူး။ ဒါကတော့ မြန်မာပြည်သူတွေရဲ့ ဘုံသဘောဆန္ဒဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု ချန်က ပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း၌ အငြင်းပွားမှု ဖြစ်ခဲ့သည်ကို တရုတ်အနေဖြင့် သိရှိခဲ့ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်ပြီး တရုတ်ထံ ကြိုတင် အကြောင်းကြားခြင်းမျိုး မရှိခဲ့ဟု ချန်က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တရုတ်နှင့်အကြား ကောင်းမွန်သည့် ဆက်ဆံရေး ထိန်းသိမ်းထားကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နှင့် တရုတ်နှင့်အကြား အခြားသော လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပူးတွဲအားပေးရေးအတွက် ဆုံးဖြတ်ပြီးဖြစ်ကြောင်း ချန်က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူများ၏ အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အနေဖြင့် စောင့်ကြည့်နေကြောင်း သံအမတ် ချန်က ပြောခဲ့ပြီး “တရုတ်အနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ ဆက်လက်ပါ၀င်သွားမည်” ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် “တရုတ်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ နည်းပညာကျွမ်းကျင်ပညာရှင်များ ပို့ဆောင်ပေးခဲ့သည်” နှင့် “တရုတ်က မြန်မာ့တပ်မတော်ကို ဆိုက်ဘာ firewall ကူညီတည်ဆောက်ပေးနေသည်”ဆိုသည်တို့ကဲ့သို့သော တရုတ်က မြန်မာစစ်တပ်ကို ကူညီပေးနေသည် ဆိုသည့် ပြောဆိုချက်များကို တရုတ်သံအမတ်က ငြင်းဆန်ပယ်ချခဲ့သည်။

“ဒါတွေက လုံး၀ မဟုတ်ပါဘူး။ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေပါ။ ဒီလေယာဉ်တွေက တရုတ်နဲ့ မြန်မာအကြား ပုံမှန် ကုန်စည်ပို့ဆောင်တဲ့ ခရီးစဉ်တွေဖြစ်ပါတယ်။ ဒါတွေက မြန်မာကနေ တရုတ်ကို ပင်လယ်စာနဲ့ အခြားပို့ကုန်တွေ သယ်တာပါ။”ဟု ချန်က ပြောခဲ့သည်။

“အဲဒီလို ကောလာဟလတွေ ထပ်ဖြစ်မလာဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တကယ်လို့ ထပ်ပေါ်လာရင်တော့ ဒါဟာ နောက်ကွယ်ကနေ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိတဲ့ အဖွဲ့တွေဆီက ကြိုးကိုင်ခြယ်လှယ် လှုံ့ဆော်နေမှုတွေ ရှိတယ်ဆိုတာကို ပြသပါလိမ့်မယ်။” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required