စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများကို စင်္ကာပူရောက် မြန်မာနိုင်ငံသားများကလည်း ထောက်ခံပံ့ပိုးပေးနေ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများကို စင်္ကာပူရောက် မြန်မာနိုင်ငံသားများကလည်း ထောက်ခံပံ့ပိုးပေးနေ
Photo: EPA

ဖေဖော်၀ါရီ ၁၁

မြန်မာနိုင်ငံတွင် ဖေဖော်၀ါရီ ၁ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် “အမှောင်ခေတ်သို့ ပြန်သွားခြင်း” ဟု ခေါ်ဆိုကြသည့် အခြေအနေအပေါ် စင်္ကာပူ၌ နေထိုင်နေကြသော မြန်မာနိုင်ငံသားများကလည်း စိုးရိမ်ကြောင့်ကြစွာ စောင့်ကြည့်နေကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ဆန္ဒပြသူများသည် လမ်းများပေါ် ထွက်ကာ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒထုတ်‌ဖော်မှုများကို လုပ်ဆောင်နေခဲ့ကြသည်။ ဆန္ဒပြမှုများသည် များသောအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့သော်ငြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် ရက်များအတွင်း မီးသတ်ပိုက်များဖြင့် ထိုးပက် လူစုခွဲခြင်းနှင့် အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ ပဋိပက္ခများကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ထားခဲ့သည်။

အ‌ဝေးနေရာတွင် ရောက်နေသော်ြငား စင်္ကာပူရောက် မြန်မာနိုင်ငံသားများက လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသော “Civil Disobedience Movement-CDM” လှုပ်ရှားမှုဟု ခေါ်သည့် ဒီမိုကရေစီ လိုလားသော ကမ်ပိန်းကို ၎င်းတို့လည်း ထောက်ခံကြကြောင်း သည်စထရိတ်တိုင်းမ်ကို ပြောခဲ့ကြသည်။

စင်္ကာပူရှိ မြန်မာအသိုင်းအ၀ိုင်း အစုအဖွဲ့သည် ခန့်မှန်းခြေအားဖြင့် ဦးရေ နှစ်သိန်းထက်မနည်း ရှိပြီး ၎င်းတို့သည် ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားများ၊ ပြည်ပရောက် အိမ်အကူများနှင့် ကျွမ်းကျင်အတတ်ပညာရှင်များဖြင့် စုဖွဲ့ကာ ရှိနေသည်။

စင်္ကာပူတွင် နေထိုင်လျက်ရှိသည်မှာ ဆယ်စုနှစ်နီးပါးကြာနေခဲ့ပြီဖြစ်သည့် အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် မီရှဲလ်က လက်ရှိအချိန်တွင် သူမအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို ကမ္ဘာက သိရှိစေရန်အတွက် လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြမှုများကို ဆိုရှယ်မီဒီယာပေါ် ‌ပို့စ်တင်၊ ‌ဝေမျှမှု လုပ်ရန် တာ၀န်ရှိသည်ဟု ခံယူထားသူ ဖြစ်သည်။

“ဒီ အာဏာရှင်အစိုးရကို ကျွန်မတို့ ဖြုတ်ချရပါမယ်၊ နောက် မျိုးဆက်သစ်တွေအတွက် စစ်အုပ်ချုပ်ရေးကို နောက်ထပ် တစ်ဖန် ဖြစ်ပေါ်ခွင့် ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး” ဟု ဒီဇိုင်နာအလုပ်ကို လုပ်ကိုင်သည့်  မီရှဲလ်က ဆိုသည်။ သူမသည်လည်း မြန်မာနိုင်ငံရှိ သူမ၏ မိသားစုကို ကာကွယ်ရန် အင်တာဗျူးဖြေဆိုသည့် အခြားသူများနည်းတူ  သူမ၏ အမည်အပြည့်အစုံကို အသုံးပြုရန် ငြင်းဆန်ခဲ့သည်။

သူမသည် မြန်မာနှင့် ပတ်သက်သည့် သတင်းများကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ် ‌ဝေမျှပေးနေသလို မြန်မာနိုင်ငံအကြောင်း၊ ယင်း၏ သမိုင်းကြောင်းနှင့် ယဥ်ကျေးမှုတို့ကို စင်္ကာပူရှိ သူမ၏ မိတ်ဆွေသူငယ်ချင်းများကို အချိန်ပေးပြီး ရှင်းပြပြောဆိုပေးလျက် ရှိသည်။

“ကျွန်မတို့ ပြန်တိုက်ထုတ်ရမယ်၊ ဒီ စစ်အာဏာသိမ်းမှုကို ကျွန်မတို့ လက်မခံနိုင်ဘူး” ဟု မီရှဲလ်က ပြောသည်။ တစ်ဆက်တည်းမှာပင် သူမသည် မြန်မာနိုင်ငံရှိ ဆန္ဒပြပွဲများတွင် ပါ၀င်နေသည့် မိတ်ဆွေသူငယ်ချင်းများထံ  ငွေကြေးအကူအညီအဖြစ် စင်္ကာပူဒေါ်လာ ၁၀၀ ခန့်ကို တိုက်ရိုက် ပေးပို့ခဲ့ကြောင်း သိရသည်။

CDM ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံတွင် ဆရာ၀န်များ၊ အင်ဂျင်နီယာများနှင့် မီးသတ်သမားများကဲ့သို့ အရေအတွက် တိုးပွားလာနေသော အစိုးရ၀န်ထမ်းများသည် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ခဲ့သည့် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒထုတ်ဖော်သည့်အနေဖြင့် အလုပ်မသွားဘဲ သပိတ်မှောက်နေကြလျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ်အနိုင်ရခဲ့သည့် ယမန်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည့်အတွက် အာဏာသိမ်းမှုကို လုပ်ခဲ့ရခြင်း ဖြစ်ကြောင်း စစ်တပ်က ပြောခဲ့သည်။

အာဏာသိမ်းမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ၀င် အချို့သည် ယင်းနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

ကိုယ့်ရပ်ကိုယ့်မြေတွင် ဖြစ်ပေါ်နေသည့် မငြိမ်မသက်မှုများကြောင့် စိုးရိမ်ပူပန်နေရသူ နောက်ထပ်တစ်ဦးမှာ  ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတစ်ဦးဖြစ်သည့် အသက် ၃၄ နှစ်အရွယ် မသီရိဟယ်သာပင် ဖြစ်သည်။

စင်္ကာပူတွင် ၁၅ နှစ်ကျော် နေထိုင်လာခဲ့သည့် ကလေးနှစ်ဦးမိခင် မသီရီ၏ ဦးလေးဖြစ်သူသည် NLD ပါတီ၀င် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းထံမှ သတင်းသိပ်မကြားရတော့သဖြင့် ၎င်းသည်လည်း နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရသည်ဟု ယုံကြည်ရသည်။

“ကျွန်မတို့ သူနဲ့ အဆက်အသွယ် မရဘဲ ဖြစ်နေပါတယ်၊ ကျွန်မ ဆွေမျိုးတွေ သူနေတဲ့ နေရာရှေ့ကနေ ကားနဲ့ ဖြတ်မောင်းခဲ့တာမှာ အဲဒီမှာ အစောင့်တွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်”

“ကျွန်မရဲ့ နိုင်ငံ အမှောင်ခေတ်ထဲ ပြန်ရောက်သွားမှာကို ကျွန်မ ပူပန်နေမိတယ်၊ ကျွန်မ ကလေးဘ၀ အချိန်တွေအကြောင်း ပြန်စဥ်းစားမိရင် အတော့်ကို ၀မ်းနည်းခံစားမိတယ်” ဟု မသီရိက ၁၉၉၀ နှစ်ကာလများကို ရည်ညွန်းခဲ့ပြီး ထိုစဥ်အချိန်က သတင်းအချက်အလက် ရယူသုံးစွဲမှု ကန့်သတ်ခံထားခဲ့ရပြီး ရေဒီယိုတစ်လုံး ပိုင်လျင်ပင် ထောင်ကျခံရနိုင်သည့် အခြေအနေ ဖြစ်ခဲ့သည်။

လက်ရှိအချိန်တွင် အကယ်၍များ သူမသည် ကလေးမရှိဘဲ တစ်ကိုယ်ရည် တစ်ကာယ သမားဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါလည်း ရှိမနေခဲ့ဘူးဆိုပါက သူမသည် လေယာဥ်ဖြင့် ကိုယ့်ရပ်ကိုယ်မြေဆီ ပထမဆုံး ပြန်မည့်သူ ဖြစ်လိမ့်မည်ဟု သူမက ပြောခဲ့သည်။

ယင်းအစား သူမသည် ဇာတိမြေတွင် အလုပ်အကိုင်များနှင့် ဘ၀များအတွက် စွန့်စားနေကြရသူများကို ငွေကြေးအကူအညီ ပေးဖြစ်သည်ဟု ဆိုသည်။ “လိုအပ်ရင် လှူဖို့ ကျွန်မတို့ အဆင်သင့် ရှိပါတယ်” ဟု သူမက ပြောသည်။ စင်္ကာပူရောက် ရောင်းရင်း မြန်မာနိုင်ငံသားတစ်ချို့ကလည်း နေထိုင်စရာ နေရာတစ်နေရာစာလိုအပ်သည့် ဆန္ဒပြသူများအတွက် မြန်မာနိုင်ငံရှိ ၎င်းတို့၏ အိမ်များကို တံခါးဖွင့်ပေးထားကြောင်း သိရသည်။

“ခုချိန်မှာ မျှော်လင့်ချက် ရောင်ခြည်ကတော့ လူအများအပြားဟာ တစ်ဦးနဲ့တစ်ဦး ကူညီပေးနေကြတာဖြစ်ပါတယ်” ဟု မသီရိက ပြောသည်။

စစ်တပ်အုပ်ချုပ်မှု ပြန်အသက်သွင်းခြင်းက ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် အစိုးရလက်ထက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကဲ့သို့ နယ်ပယ်ဧရိယာများတွင် ရရှိထားခဲ့သည့် တိုးတက်မှုများကို ပျက်ပြယ်စေမည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ချို့က စိုးရိမ်နေကြသည်။

“နိုင်ငံဟာ ပြီးခဲ့သည့် ငါးနှစ်အတွင်း အခြေအနေကောင်းတွေ ရှိထားခဲ့တယ်၊ ရှေ့ကိုလည်း ဆက်သွားနေခဲ့ပါတယ်၊ ဒါပေမယ့် စစ်တပ်အုပ်ချုပ်မှုအောက် ပြန်ရောက်တာက ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ကျွန်မတို့ မသိနိုင်ပါဘူး” ဟု နန်းဟု သိရသော အသက် ၃၀ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကူရာကယ်ရာမဲ့သလို ခံစားမှုမျိုး ဖြစ်ပေါ်နေပါတယ်၊ ဒါပေမယ့် မြန်မာပြည်သူတွေ မျှော်လင့်ချက်မဲ့နေတာမျိုးတော့ မဟုတ်ပါဘူး” ဟု ယခင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ခဲ့ပြီး ယခု စင်္ကာပူနိုင်ငံသားတစ်ဦးဖြစ်နေသူတစ်ဦးက ပြောသည်။

အစ္စဘဲလ် အမည်ရ အသက် ၃၃ နှစ်ရှိ ပညာရေးအမှုထမ်းတစ်ဦးက ပြောရာတွင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများနှင့် အ‌ဝေးသို့ ရောက်နေသည့်အတွက် စိတ်ထိခိုက်ရကြောင်း ပြောခဲ့သည်။ သို့သော် ငွေကြေး အကူအညီ ပေးပို့ခြင်းနှင့် အခြေအနေမှန်နှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အသိအမြင် ဖြန့်ဝေခြင်း တို့ကို လုပ်ဆောင်ပြီး သူမ နိုင်သမျှ တိုက်ပွဲ၀င်ပေးနေသည်ဟု ပြောခဲ့သည်။

“ကျွန်မထင်တာကတော့၊ မြန်မာနိုင်ငံ ပြင်ပကနေ ကြည့်နေကြရတဲ့ ကျွန်မတို့ အားလုံးအနေနဲ့ ခုချိန် အဲဒီမှာ ရှိမနေတဲ့အတွက် အပြစ်မကင်းသလို ခံစားမိကြတယ်၊ ဒါပေမယ့်လည်း သူတို့ရဲ့ အိပ်မက်တွေကို ပျောက်ဆုံးပျက်ပြယ်သွားမှာကို ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly