ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်ရှာဖွေသည့် WHO ၏ စုံစမ်းစစ်ဆေးမှု အရေးကြီးတွေ့ရှိချက် မရှိဘဲ အပြီးသတ်

ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်ရှာဖွေသည့် WHO ၏ စုံစမ်းစစ်ဆေးမှု အရေးကြီးတွေ့ရှိချက် မရှိဘဲ အပြီးသတ်

ဖေဖော်၀ါရီ ၁၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ မူလဇာစ်မြစ်ရှာဖွေရေးအတွက် တရုတ်နိုင်ငံတွင် လုပ်ဆောင်ခဲ့သော အထူးစုံစမ်းစစ်ဆေးမှုတစ်ရပ်သည် အရေးပါသည့် တွေ့ရှိချက် မရရှိဘဲဖြင့် အင်္ဂါနေ့က အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် စုံစမ်းဖော်ထုတ်မှုကို လုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စုံစမ်းစစ်ဆေးသူများသည် ကိုဗစ်-၁၉ ရောဂါပိုးက ဓာတ်ခွဲခန်းတစ်ခုကနေ စတင်ထွက်ပေါ်ခဲ့သည် ဆိုသည့် သီအိုရီတစ်ရပ်ကိုလည်း  ပယ်ချသွားခဲ့သည်။

ဗိုင်းရပ်စ်ကို မည်သည့် တိရစ္ဆာန်ကနေတဆင့် လူဆီ ကူးစက်ထားကောင်းထားစေခဲ့သည် ဆိုသည်ကိုလည်း အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။

မည်သည့် မျိုးစိတ်များက ကိုဗစ်-၁၉ ရောဂါပိုးကို လူဆီ ပထမဆုံး ကူးစက်စေခဲ့သည်လဲ ဆိုသည်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးဟု WHO ပညာရှင်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် စုံစမ်းမှုတစ်ခုအတွက် တရုတ်ကိုယ်စားပြုအဖွဲ့ကို ဦးဆောင်ခဲ့သော လျန် ၀န်နီအန်က ပြောခဲ့သည်။

တရုတ်အစိုးရဘက်က ထပ်တလဲလဲ နှောင့်နှေးကြန့်ကြာထားစေခဲ့သည့် WHO မစ်ရှင်သည် ဖုံးဖိဖာထေးမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ၏ ရိုက်ခတ်မှုကို ခံထားခဲ့ရသည်။

၂၀၁၉ နှစ်ကုန်ပိုင်းတွင် စခဲ့သည့် ကပ်ရောဂါ၏ မူလဇာစ်မြစ်များနှင့်ပတ်သက်ပြီး “ခိုင်မာသေချာ”သော စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖြစ်စေရေး အမေရိကန်က တောင်းဆိုခဲ့ချိန် တစ်ဘက်တွင်လည်း ထိုစုံစမ်းစစ်ဆေးမှုကို “နိုင်ငံရေးသဘောသက်၀င်အောင်” မလုပ်ရန် တရုတ်ဘက်က တုံ့ပြန် သတိပေးခဲ့သည်။

တရုတ်၏ ကပ်ရောဂါမှ ပြန်လည်နာလန်ထူမှုကို ဂုဏ်ပြုထားသည့် ပြခန်းတစ်ခုသို့ သွားရောက်ကြည့်ရှုခြင်း အပါအ၀င် နီးနီးကပ်ကပ် စောင့်ကြည့်စစ်ဆေးခဲ့သည့် မစ်ရှင်အတွင်း သတင်းထောက်များကို  များသောအားဖြင့် WHO ပညာရှင်များနှင့် ခပ်ခွာခွာ ရှိနေစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလမတိုင်မီ ၀ူဟန်၌ အဆိုပါ ရောဂါဖြစ်ပွားမှု ပျံ့နှံ့ဖြစ်ပေါ်ထားခဲ့သည့် အရိပ်လက္ခဏာ မရှိခဲ့ကြောင်း လျန်က ပြောခဲ့ပြီး လျန်ကို WHO ပညာရှင် ဘန် အန်ဘာရက်ခ်က ထောက်ခံခဲ့သည်။

ထို့နောက် WHO ပညာရှင် ဘန် အန်ဘာရက်ခ်က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတစ်ခုကနေ ထွက်ပေါ်ခဲ့သည် ဆိုသော အငြင်းပွားဖွယ် သီအိုရီတစ်ခုကို ပယ်ချသွားခဲ့ရင်း “ယင်းက အလွန့်အလွန် ဖြစ်နိုင်ခြေ မရှိ” ဟု ၎င်းက ပြောခဲ့သည်။

တစ်ဆက်တည်းမှာပင် တိရစ္ဆာန်များကနေ လူဆီ ဗိုင်းရပ်စ် ကူးရာ လမ်းကြောင်းကို သိရှိနိုင်ရေး ‌လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အန်ဘာရက်ခ်က ပြောခဲ့သည်။

ယခုအခါ စုံစမ်းစစ်ဆေးသူများသည် ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်များကို အတိအကျ ဖော်ထုတ်နိုင်ရန် ရုန်းကန်နေရချိန် လက်ရှိအချိန်တွင် ကမ္ဘာတ၀န်း အစိုးရများသည်လည်း နေ့စဥ်အလိုက် ဗိုင်းရပ်စ် ကူးစက်မှု အကျိုးဆက်များနှင့် လုံးပန်းနေရသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ ဒသမ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly