စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံနှင့် အဆက်အသွယ် ဖြတ်ကြောင်း နယူးဇီလန် ထုတ်ပြန်

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံနှင့် အဆက်အသွယ် ဖြတ်ကြောင်း နယူးဇီလန် ထုတ်ပြန်
နယူးဇီလန်၀န်ကြီးချုပ် အာဒန်း (Photo: EPA)

ဖေဖော်၀ါရီ ၉

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရတစ်ရပ်ထံမှ စစ်တပ်က အာဏာသိမ်းယူထားခဲ့ပြီးနောက် မြန်မာနှင့်အကြား နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အဆက်အသွယ်များ ရပ်ဆိုင်းမည် ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံက ထုတ်ပြန်ခဲ့သည်။

နယူးဇီလန်၀န်ကြီးချုပ် အာဒန်းသည် အင်္ဂါနေ့က အစိုးရ၀န်ကြီးအဖွဲ့ အစည်းအ‌ဝေးတစ်ခုအပြီး ထိုကြေညာချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

“အဆင့်မြင့်လယ်ဗယ် နိုင်ငံရေးဆိုင်ရာ အဆက်အသွယ်တွေ ရပ်ဆိုင်းပါတော့မယ်၊ ပြီးတော့ နယူးဇီလန်ရဲ့ အကူအညီပေးရေး အစီအစဥ်ကိုလည်း မြန်မာစစ်တပ်နဲ့ အတူ ပူးပေါင်းပြီးတော့ မပေးအပ်သင့်သလို ဒါမှမဟုတ် အကျိုးမဖြစ်ထွန်းစေသင့်ပါဘူး” ဟု နယူးဇီလန် ၀န်ကြီးချုပ်က ပြောခဲ့သည်။

ထို့ပြင် မြန်မာ စစ်တပ်ခေါင်းဆောင်များအပေါ် ခရီးသွားလာမှု ပိတ်ပင်ချက်တစ်ခုကိုလည်း သီတင်းပတ်အတွင်း တရား၀င် ဖြစ်စေအောင် လုပ်မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသည့် ပါလီမန်လွှတ်‌တော်အမတ်များ၏ လွှတ်တော်အစည်းအဝေးသစ်ကို ကျင်းပခါနီးဆဲဆဲတွင် စစ်တပ်က အာဏာကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်၀ါရီ ၁ ရက် မနက်ခင်း ဖမ်းဆီးမှုများအတွင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေးသမားများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အစိုးရ၏ တုံ့ပြန်မှုက နယူးဇီလန်နှင့် မြန်မာအကြား ဆက်ဆံရေးအပေါ် “အရေးပါ၊ အခြေခံကျသည့် အပြောင်းအလဲများ” ကို ကိုယ်စားပြုခဲ့သည်ဟု အာဒန်းက ပြောသည်။

“မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ နယူးဇီလန်အနေနဲ့ နီးနီးကပ်ကပ် ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်တယ်” ဟု သူမက ပြောသည်။

အင်္ဂါနေ့ အစောပိုင်းကလည်း နယူးဇီလန် နိုင်ငံခြားရေး၀န်ကြီး နာနိုင်ရာ မာဟူတာက ပြောကြားရာတွင် စစ်အာဏာသိမ်းမှုအပေါ် နယူးဇီလန်၏ တုံ့ပြန်မှုတွင် ဒဏ်ခတ်အရေးယူမှုများ ပါ၀င်နိုင်သည်ဟု ဆိုခဲ့သည်။

“ရှေ့မှာ ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ကျွန်မတို့ရဲ့ မဟာမိတ်တွေနဲ့အတူ လက်တွဲလုပ်နေပါတယ်၊ ဒီမိုကရေစီစနစ်ဆီ အားကောင်းတဲ့ ကူးပြောင်းမှုတစ်ခု ရှိစေရေးအတွက် အားကောင်းတဲ့ လူအုပ်စုစိတ်ဓာတ်ရှိစေဖို့ ကျွန်မတို့ ဆန္ဒရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ဖြစ်နိုင်တာက အရေးယူဒဏ်ခတ်မှုတွေ ပါ၀င်နိုင်ပါတယ်၊ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်၊ ရှေ့မှာ ဆက်လုပ်သွားမယ့် ဘယ်လိုကိစ္စတွေကို အတူတကွ လုပ်သွားနိုင်သလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်မတို့ အတူတကွ ဆွေး‌နွေးလုပ်ဆောင်နေပါတယ်”

မြန်မာနိုင်ငံတွင် ဖြစ်နိုင်သမျှ အမြန်ဆုံး အရပ်သားအုပ်ချုပ်ရေးဆီ အာဏာ ပြန်လည်ရောက်ရှိရေးသည် နယူးဇီလန်၏ ပြင်းပြသည့် ဆန္ဒပင် ဖြစ်ကြောင်း မာဟူတာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly