အမြင့်ကို မှန်းလွန်းလျှင် ချော်ကျတတ်သည်ဟု ကာကွယ်ရေး ဦးစီးချုပ် သတိပေး

အမြင့်ကို မှန်းလွန်းလျှင် ချော်ကျတတ်သည်ဟု ကာကွယ်ရေး ဦးစီးချုပ် သတိပေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန၏ Senior Associate Editor ဖြစ်သူ Elizabeth (Lally) Graham Weymouth နှင့် တွေ့ဆုံမေးမြန်းမှုကို Senior General Min Aung Hlaing ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားသည်ကို နောက်ဆုံး အပိုင်းအဖြစ် ပြန်လည် ဖေါ်ပြခြင်းဖြစ်သည်။

 

Washington Post - အဆွေတော်ရဲ့ နိုင်ငံအကြောင်းကို အခြားနိုင်ငံတွေက အဆွေတော်လောက် မသိနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်များအနေနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်ဆိုတာကို ကျွန်မ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့ မျှော်မှန်းချက်က အတိုင်းအတာ မြင့်မားပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဟုတ်ပါတယ်။ ပြည်သူလူထုကတော့ သူတို့ မျှော်မှန်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော် ဥပမာပြောပြမယ်။ ခြေလှမ်း သိပ်ကျယ်လွန်းအားကြီးရင် ကျွန်တော်တို့ ကြားမှာ လွတ်သွားတတ်တယ်၊ နောက်တစ်ခုကလည်း အမြင့်ကို တအားမြင့်တဲ့ ဟာကြီးကို လိုက်ပြီးတော့ လိုက်လုပ်လို့ ရှိရင်လည်း ခြေဖျားထောက် ပြီးတော့ လုပ်ရလိမ့်မယ်။ ခြေဖျား ထောက်တဲ့အခါမှာ ချော်ကျတတ်တယ်။ ဒါကြောင့် သေသေချာချာ ဒီ Step တွေကို သေသေ ချာချာ ခိုင်ခိုင် လုပ်ပြီးတော့ တဖြည်းဖြည်းချင်းနဲ့ အပေါ်တက်တာ အကောင်းဆုံးပဲ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီဟာလေးကို တစ်ခုပြီး တစ်ခု ခိုင်ခိုင်မာမာဖြစ်အောင် ကျွန်တော်တို့ လုပ်ပေးတာ ဖြစ်ပါတယ်။

 

Washington Post - လက်ရှိ ပြည်သူလူထု ကနေပြီးတော့ မဲပေးခဲ့တာ ရှိပါတယ်။ ဒီရလဒ်က ပြီးခဲ့တဲ့ တပ်မတော် အစိုးရအတွက်တော့ နှစ်ခြိုက်မယ့် ရလဒ်တော့ မဟုတ်ပါဘူး။ အဆွေတော် အနေနဲ့ရော ဒီရလဒ်အပေါ်မှာ အံ့သြတုန်လှုပ် တာမျိုးရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - မရှိပါဘူး ဘာမှ မရှိပါဘူး။ သူတို့ ပြည်သူက ရွေးတာပဲ။ ကျွန်တော်တို့ ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်း သွားရုံပဲ ရှိတာပေါ့။

 

Washington Post - ပြည်သူတွေရဲ့ ရွေးချယ်မှုက အရမ်းကို ကြီးမားလွန်းတော့ အဆွေတော် အနေနဲ့ အံ့သြမိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ထင်တယ်။ သူတို့လည်း လက်ရှိအစိုးရပေါ့။ လက်ရှိ အစိုးရအပေါ်မှာ သူတို့ အနေနဲ့ သူတို့လိုချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ ယုံကြည်မှု အားနည်းလို့သာ သူတို့ အနေနဲ့ တခြားအဖွဲ့ကို သူတို့မဲပေးတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီတော့ ဒါကပြည်သူတွေ ရွေးချယ် လိုက်ပြီပေ့ါ။ ပြည်သူ ရွေးချယ်တဲ့အတိုင်းပဲ ရွေးချယ်ခံရတဲ့ သူတွေလည်း ဒီပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီအောင် လုပ်ရလိမ့်မယ်။ လုပ်တဲ့ အခါကျရင်လည်း ဥပဒေနဲ့ ညီညွတ်အောင် ကျွန်တော်တို့ လုပ်ရလိမ့်မယ်။ ဥပဒေနဲ့ ညီညွတ်ဖို့လိုတာပေ့ါ။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မထိခိုက်အောင် လုပ်ဖို့လိုတာပေ့ါ။ ဒါအများကြီး ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဆိုတာ အများကြီး ကျယ်ပြန့် ပါတယ်။ အကြောင်းအရာ တစ်ခုတည်းကို သွားပြီးတော့မှ ဒါပြည်သူရဲ့ဆန္ဒ ဒါပြည်သူရဲ့ ဆန္ဒဆိုပြီးတော့ သွားလုပ်လို့တော့ မရဘူး။ ပြည်သူရဲ့ဆန္ဒ ဆိုပေမယ့်လည်း တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာလည်း အများကြီးစကားပြော ပါတယ်။

 

Washington Post - အဆွေတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့အချိန်မှာ ဆွေးနွေးမှုများ ဒီအကြောင်းအရာ တစ်ခုရှိပါလား။ အဲဒါကတော့ သူမနဲ့ ကျွန်မ ဆွေးနွေးတဲ့ အချိန်မှာ သူမက တော့ ပြတ်ပြတ်သားသား ပြောခဲ့တာရှိပါတယ်။ ပြီးခဲ့တာတွေအတွက်ကို ပြန်လည်ပြီးတော့ ကလဲ့စား ချေမယ်၊ ပြီးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လုပ်မယ် ဆိုတဲ့ဟာမျိုးကို လုံး၀ မလုပ်ဘူးလို့ ပြောခဲ့တာရှိပါတယ်။ ဒါပေမဲ့ အဆွေတော်အနေနဲ့ ဒါကို သေချာအောင် သူ့ဆီကနေ ပြီးတော့ အာမခံချက်ယူဖို့ အစီအစဉ်ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ ဘာမှ စိတ်ပူတာမျိုး မရှိဘူး။ ကျွန်တော်ဘာမှ စိတ်ပူပင်မှု မရှိဘူး။

 

Washington Post - ဆိုလိုတာက ဒီဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မရှိဘူးဆိုတဲ့ သဘောလား။

ဗိုလ်ချုပ်မှူးကြီး - သူတို့ဘက်က ဘာမှမပြောရင် ကျွန်တော်တို့ဘက်က ဘာမှ ပြောစရာလည်း အကြောင်းမရှိဘူး။

 

Washington Post - အဆွေတော် အရမ်းထက်မြက်တယ်ဆိုတာကို ကျွန်မ ဗမာလို မပြောနိုင်တာ ကို ကျွန်မ တောင်းပန်ပါတယ်။ အဆွေတော် ထက်မြက်တယ်ဆိုတာကို ကျွန်မ ခန့်မှန်းမိပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော် မထက်မြက်ပါဘူး။ ကျွန်တော်တို့ တပ်မတော်မှာ သူ့စည်းမျဉ်း စည်းကမ်းနဲ့ လုပ်ရပါတယ်။ စည်းမျဉ်း စည်းကမ်းနဲ့ လုပ်တဲ့အခါကျတော့ ဒီစည်းမျဉ်း စည်းကမ်းကို ကျော်လွန်သွားလို့ သူတို့ဘက်က နစ်နာတယ်ယူဆလို့ ရှိရင်လည်း သူတို့ ဥပဒေကြောင်းက သူတို့ပြောလို့ ရပါတယ်။ ကျွန်တော်တို့လည်း ပြန်ရှင်းပြလို့ရပါတယ်။ မှန်ကန်တဲ့ ဒီမိုကရေစီမှာ ဒီလို Practice မရှိဘူး။

 

Washington Post - ပြီးခဲ့တဲ့ ကာလတုန်းက ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတွေ ထောင်သွင်း ခဲ့တာနဲ့ပတ်သက် ပြီးတော့၊ အကယ်၍ အဲလိုမျိုး လုပ်ခဲ့တဲ့ဟာကို သူ့ကို ဝမ်းနည်းကြောင်းပြောဖို့ စိတ်မကောင်းကြောင်း ပြောဖို့ အစီအစဉ်များ ရှိပါသလား။ အဆွေတော် မလုပ်ဘူးဆိုတာ သိပါတယ်။ Personally မလုပ်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ တပ်မတော် အစိုးရအနေနဲ့ လုပ်ခဲ့တဲ့အပေါ်မှာ သူ့ကိုဝမ်းနည်းကြောင်း ပြောဖို့များ ရှိပါသလား။ ဒါမှမဟုတ်လို့ ရှိရင် အခြေအနေအရ အဲလိုမျိုး တစ်ကျော့ပြန်လာမယ့် အခြေအနေမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေကို ထောင်တွေမှာချခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး တစ်ယောက် အနေနဲ့ မဟုတ်ဘဲနဲ့ ဝမ်းနည်းစကားပြောဖို့ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဒီလိုတော့ ပြောစရာအကြောင်းတော့ မရှိဘူးထင်တယ်။ ဒါဟိုဘက်က နိုင်ငံရေး အခြေအနေနဲ့ လုပ်ခဲ့တဲ့ နိုင်ငံရေး စနစ်တုန်းက အခြေအနေအရ လုပ်ခဲ့တာပဲဖြစ်တယ်။ ဒါကတော့ တစ်ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော်နဲ့တော့ ဘာမှ မဆိုင်ဘူး။

 

Washington Post - အဆွေတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ Red Line အနေနဲ့ အဆွေတော်အနေနဲ့ မျဉ်းတစ်ခုအနေနဲ့ သတ်မှတ်ထားတာ ရှိပါလိမ့်မယ်။ အဲဒီဟာက ၅၉(စ) ဒါမှမဟုတ်ရင် ၄၃၆ ။ ဒါမျိုးနဲ့ ပတ်သက်ပြီး ဆွေးနွေးလာရင် ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ မရှိဘူး ဆိုပြီးတော့ ဖြတ်ချမယ့် အနေအထားမျိုး ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ကတော့ သူဘာ ဆွေးနွေးမလဲဆိုတာ မသိပါဘူး။ သူဆွေးနွေးတဲ့ အပေါ်မူတည်ပြီး ကျွန်တော့်ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ပြန်ပြီးတော့ ဆွေးနွေးဖို့ ကြံရွယ်ထားပါတယ်။

 

Washington Post - ကျွန်မဆိုလိုတာက ခုနကတုန်းက ရှင်းပြသလို Red Line အနေနဲ့ ဥပမာ ၅၉(စ)နဲ့ ပတ်သက်ပြီး သူမက ပြောခဲ့မယ်ဆိုလို့ရှိရင် မဆွေးနွေးဘူးဆိုတာ သတ်မှတ်ထားတာ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဘာမှမရှိဘူး။ သူကြိုက်တာ ဆွေးနွေးလို့ရတယ်။ ကျွန်တော်လည်း ဆွေးနွေး နိုင်သမျှ ပြန်ဆွေးနွေးမှာပဲ။

 

Washington Post - သူကြိုက်တဲ့ဟာပြော။ ဒါပေမဲ့ အဆွေတော်က ဆွေးနွေးနိုင်တာကိုပဲ ဆွေးနွေးမယ် ဆိုတဲ့ အဓိပ္ပာယ်လား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော် ဆွေးနွေးနိုင်တဲ့ဟာကို ဆွေးနွေးမှာပေါ့။ ကျွန်တော် မဆွေးနွေးနိုင် တဲ့ဟာကို ကျွန်တော်ဘာလို့ သွားဆွေးနွေးမှာလဲ။

 

Washington Post - ကျွန်မကသာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီးတော့ အဆွေတော်ကို ပြောမယ်။ ကျေးဇူးပြုပြီး ၅၉(စ)ကို ပြင်ပေးပါဆိုရင် အဆွေတော် ဘယ်လိုများ ဖြေမလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ရှင်းပြမှာပေါ့ဗျာ။

 

Washington Post - အဆွေတော်အနေနဲ့ မပြောင်းဘူးလို့ ပြောမှာလား။

ဗိုလ်ချုပ်မှူးကြီး - သူပြောတဲ့ အပေါ်မူတည် ပါလိမ့်မယ်။ ခင်ဗျားနဲ့ ကျွန်တော် ပြောရင် သိပ်တော့ အကျိုးရှိမှာ မဟုတ်ဘူး။

 

Washington Post - အဆွေတော်ရဲ့ ခေါင်းထဲမှာတော့ ရှိပြီးသားဖြစ်မှာပေါ့။

ဗိုလ်ချုပ်မှူးကြီး - ရှိပါတယ်။ ကျွန်တော့်မှာ ဖြေဖို့အတွက် အကုန်လုံး ရှင်းပြနိုင်ဖို့အတွက် ကျွန်တော်ရဲ့ အမြင်တွေ ပြောပြဖို့အတွက် ကျွန်တော့်မှာ အဆင်သင့်ရှိတယ်။ ရှင်းပြဖို့ထက် ဆွေးနွေးဖို့ပေါ့။

 

Washington Post - အဆွေတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်တည်း တစ်ခါမှ မဆွေးနွေးဖူးဘူးလား။

ဗိုလ်ချုပ်မှူးကြီး - နှစ်ယောက်ချင်းတော့ မဆွေးနွေးဖူးဘူး။ ဒီမှာတော့ အများနဲ့တော့ တွေ့ဖူးပါတယ်။ အခုလာမယ့်ဟာက။

 

Washington Post - အခုလာမယ့်ဟာက ပထမဦးဆုံး နှစ်ယောက်ချင်း တွေ့မှာပါလား။

ဗိုလ်ချုပ်မှူးကြီး - ဖြစ်ပါလိမ့်မယ်။

 

Washington Post - ဒါနဲ့ပတ်သက်ပြီး တော်တော်ဖတ်ရှုဆောင်ရွက်ထား၊ ကြိုတင်ပြင်ဆင်ထားပါ သလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော့် ခေါင်းထဲမှာ ရှိပါတယ်။ ကျွန်တော်ဘာမှ သိပ်ပြီး ထွေထွေထူးထူး ကြည့်နေစရာလည်း မရှိပါဘူး။ ကျွန်တော်က ဒီဟာကြီး ဖြတ်သန်းလာရတဲ့ လူဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော့် ခေါင်းထဲမှာ အကုန်ရှိပါတယ်။

 

Washington Post - အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်သူတွေကို ဘာများ စကားလက်ဆောင် ပါးချင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး -  ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီ လမ်းကို ကျွန်တော်တို့ သွားနေတာ။ ကျွန်တော်တို့ တကယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ခိုင်ခိုင်မာမာ ဖြစ်အောင် သွားနေတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့အပေါ်မှာ အပြုသဘော ဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြိုဆိုတယ်ဆိုတာလေး ပြောချင်တယ်။ ဒါနံပါတ် တစ်အချက်ပေါ့။

 

Washington Post -  မြန်မာနဲ့အမေရိကန် နှစ်နိုင်ငံကြားကို ပြောတာလား။

ဗိုလ်ချုပ်မှူးကြီး - နှစ်နိုင်ငံပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့  အခြေ အနေပေါ် မူတည်ပြီးတော့ပဲ ကျွန်တော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံရဲ့ စနစ်ကိုပဲ သွားရမယ်ဆိုတာလည်း ခင်ဗျားတို့ အမေရိကန် ပြည်သူလူထုကလည်း နားလည်ပေးဖို့ လိုပါတယ်။

 

Washington Post -သူတို့ နားလည်မယ် မထင်ဘူး။ သူတို့ ဒီလိုပါလီမန်မှာ ရှိနေတာကို နားလည်မယ် မထင်ဘူး။

ဗိုလ်ချုပ်မှူးကြီး - သူတို့တစ်ချိန်ကျရင် ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုပေါ်မူတည်ပြီး သူတို့ နားလည်သွားပါလိမ့်မယ်။ ချက်ချင်းကြီးတော့ သူတို့ နားလည်မှာမဟုတ်ဘူး။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု ပေါ် မူတည်ပြီး သူတို့ နားလည်ပါလိမ့်မယ်။

 

Washington Post - အမေရိကန် နိုင်ငံမှာတော့ အမေရိကန်ရဲ့ သမ္မတကို အမေရိကန်နိုင်ငံရဲ့ ဦးစီးချုပ် ကနေ သတင်းပို့ရတဲ့စနစ်ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး ။ ဟုတ်ပြီ။ အဲဒီတော့။

 

Washington Post - ကွာခြားနေပါတယ်။ နှစ်နိုင်ငံက ကွာခြားနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဒီမှာလည်း သတင်းပို့ရတာတွေ ရှိပါတယ်။ ကျွန်တော့် တပ်မတော်နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ရင် တချို့ ဟာတွေမှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ ဒါတချို့ ပါ။ ဒါပေမဲ့ သမ္မတကို ကျွန်တော် တင်ပြပြီး လုပ်ရတာတွေရှိပါတယ်။ ကျွန်တော်တို့က ဥပဒေလိုက်နာရတဲ့ လူ တစ်ယောက် ဖြစ်ပါတယ်။ ဥပဒေ ကျော်လွန်ပြီး ဘာမှလုပ်လို့မရဘူး ဆိုတာတော့ ကျွန်တော် ပြောလိုတယ်။

 

Washington Post - အဆွေတော်အနေနဲ့ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် လက်ခံမှာလား။ စစ်ရေး သို့မဟုတ် ကာကွယ်ရေးအမြင်မရှိတဲ့ သူဆိုရင်ရော။ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် အဆွေတော့်မှာ ပြဿနာ မရှိဘူးလို့ ဆိုလိုချင်တာလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော် ဥပဒေနဲ့ညီတဲ့ ကိစ္စမှန်သမျှ ကျွန်တော် လိုက်လုပ်ဖို့အတွက် ကျွန်တော့်မှာ ဘာမှပြဿနာမရှိပါဘူး။

 

Washington Post - ဘယ်သူ့ကိုမဆိုပေါ့။

ဗိုလ်ချုပ်မှူးကြီး - ဘာမှပြဿနာမရှိဘူး။ သူ့စည်းကမ်းနဲ့ အညီဖြစ်ရင် ဘာမှ ပြဿနာမရှိဘူး။

 

Washington Post - တပ်မှာ ကိုယ်ပိုင် စီးပွားရေးတွေ လုပ်နေတာ၊ တပ်ပိုင် စီးပွားရေးတွေ လုပ်နေတာ ရှိပါတယ်။ အကယ်၍ ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့အချိန်မှာ အပြည်ပြည်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာတဲ့အချိန်မှာ တပ်မတော် အနေနဲ့ ဒီလုပ်ငန်းကို ဆက်ပြီးတော့ ဆောင်ရွက်မလား။ ဒါမှမဟုတ် သီးသန့် စီးပွားရေး လုပ်ငန်းတွေ မလုပ်ဘဲ နေမှာလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ လုပ်နေတဲ့ တပ်မတော် စီးပွားရေး လုပ်ငန်းက အစိုးရရဲ့ ဥပဒေနဲ့အညီ ဖွဲ့စည်း တည်ထောင်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။ ကုန်ထုတ် လုပ်ငန်းတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွား အထောက်အကူ ရအောင် လုပ်ပေးတာတွေ ဖြစ်တယ်။ တချို့ဟာတွေလည်း တပ်က Share ပါတာလည်းရှိတယ်။ တချို့စစ်မှုထမ်း ဟောင်းတွေရဲ့ Share တွေ ပါတာလည်းရှိပါတယ်။ ဒါတွေနဲ့ စုပြီးတော့မှ လုပ်တာ။ သို့သော် လည်းပဲ ကျွန်တော်တို့ တိုင်းပြည်အတွက် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အထောက် အကူရတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ ကျွန်တော် ပြောလိုတယ်။ နောင် ကျလို့ရှိရင်လည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ကျွန်တော်တို့က အများပိုင် အနေနဲ့ သွားဖို့အတွက် ကျွန်တော်တို့ လုပ်နေတာတွေ ရှိပါတယ်။

 

Washington Post - ပြည်သူလူထုက ဒီရှယ်ယာတွေ ပိုင်ဆိုင်တဲ့ ပုံစံမျိုးပါလား။

ဗိုလ်ချုပ်မှူးကြီး - သတ်မှတ်ထားတဲ့ အချိုးကျ ပါလာပါလိမ့်မယ်။

 

Washington Post - အဆွေတော်ကို နောက်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီးတော့ တပ်ကနေပြီးတော့ ဝင်ရောက်ပြီးတော့ လွှမ်းမိုး ခြယ်လှယ်တဲ့ အနေအထားမျိုး မဖြစ်ဘူး။ အနာဂတ်မှာ အာဏာသိမ်းမှု မဆောင်ရွက်ဘူး။ Marshal Law မထုတ်ပြန်ဘူး။ NLD အနေနဲ့ ဒီအနိုင်ရတဲ့ ဒီ Power ကို လွှဲသွားတဲ့ အနေအထား ဖြစ်မယ်ဆိုတာကို အဆွေတော်အနေနဲ့ အာမခံပေးနိုင် ပါသလား။

ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ်အချက်ပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာ ကျွန်တော်တို့ အနေနဲ့ မှန်မှန် ကန်ကန် လုပ်ခဲ့တယ်ဆိုတာ Free and Fair Election ဖြစ်တယ်ဆိုတာ ကျွန်တော် ပြောနိုင်တယ်။ ကျွန်တော်တို့ တပ်မတော်နဲ့ ပတ်သက်ရင် ကျွန်တော် ပြောနိုင်တယ်။ တခြားနေရာ တွေမှာ တခြား မြို့နယ်ရွေးကောက်ပွဲ တွေမှာတော့ တချို့ပြဿနာ လေးတွေရှိတယ် ဆိုတာတော့ ကျွန်တော်တို့သိတယ်။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး အပြည့်အ၀ ကျွန်တော် မပြောနိုင်ဘူး။ ဒါတော့ ခင်ဗျားနိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါ ကျွန်တော်တို့နိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး။ Complain လုပ်တာပေါ့။ ဒါကတော့ ဟုတ်တယ်။ ဒါကတော့မဟုတ်ဘူး စသည်ဖြင့်ပေါ့ ရှိပါလိမ့်မယ်။

 

Washington Post -  အဆွေတော် ဆိုလိုချင်တာက သူတို့နိုင်တယ် ဆိုတာသေချာရင် တပ်က အာဏာသိမ်းတာမပြုဘူး။ အာဏာလွှဲ ပေးမယ်ဆိုတာ အဆွေတော် ပြောနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - သမ္မတကြီးက စနစ်တကျ အာဏာလွှဲ ပေးမယ်လို့ ပြောပြီးသားပါ။ ကျွန်တော် တို့က ဒီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန် သွားနေတဲ့ သွားဖို့အတွက် ကြိုးစားနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့မညီညွတ်တဲ့ ကိစ္စမှန်သမျှ ကျွန်တော်ဘာမှ မလုပ်ပါဘူး။

 

Washington Post - ကျွန်မကို သီးခြားဘာများ ပြောချင်တာရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - ခင်ဗျားလည်း အတွေ့အကြုံ အများကြီးရှိတဲ့ လူတစ်ယောက်ပါ။ ကျွန်တော် ခင်ဗျားဆီက Data တွေ ဒီအချက်အလက်တွေ ပေးတဲ့အချိန်မှာ ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်တွေ အများကြီးနဲ့ တွေ့ခဲ့တဲ့လူတစ်ယောက် ဖြစ်တယ်။ အတွေ့အကြုံ အများကြီးရှိတဲ့လူ။ ကျွန်တော် လည်း ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်ရှိတဲ့အတိုင်းပဲ ပြောတယ်။ ကျွန်တော့်မှာ ဘာ Document မှ မပါပါဘူး။ ကျွန်တော့် စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောတာပါ။

ဒီမှာ တချို့ဟာတွေမှာလည်း ခင်ဗျားတို့ရဲ့ အတွေ့အကြုံအရ ခင်ဗျားတို့ သဘောတူတာလည်း ရှိချင်ရှိမယ်။ တချို့ဟာလည်း သဘောမတူ တာလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ သို့သော် လည်းပဲ ခင်ဗျားရဲ့ မေးခွန်းပေါ်မူတည်ပြီး ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ပေါ်သလောက် ပြောခြင်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောတာပါ။ ဒါကြောင့်ခင်ဗျား ကျွန်တော်နဲ့ တွေ့တာဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံဆက်ဆံရေးနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ သော်လည်းကောင်း အထောက်အကူ ရလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly