မြန်မာမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လူထောင်‌ပေါင်းများစွာတို့ စု‌ရုံးချီတက်ဆန္ဒပြ

မြန်မာမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လူထောင်‌ပေါင်းများစွာတို့ စု‌ရုံးချီတက်ဆန္ဒပြ

ဖေဖော်၀ါရီ ၇

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူထောင်ပေါင်းများစွာတို့ဟာ ဖေဖော်၀ါရီ ၇ ရက် (တနင်္ဂနွေနေ့) မှာလည်း လမ်းတွေပေါ် ထွက်ကာ စု‌ရုံးချီတက်ခဲ့ကြပါတယ်။ အင်တာနက် ပိတ်ချထားမှုကလည်း နိုင်ငံမှာ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တာ၀န်မှ ဖယ်ရှားထားခဲ့မှုအပေါ် နာကြည်းအမျက်ဒေါသတွေ တိုးမြင့်ဖြစ်ပေါ်နေမှုတွေကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

စစ်အာဏာသိမ်းထားမှုအပေါ် ရှုတ်ချဖို့ ဖေဖော်၀ါရီ ၆ ရက်ကလည်း နိုင်ငံတ၀န်း  မြို့တွေမှာ လူပေါင်းအမြောက်အမြား ပါ၀င်ခဲ့တဲ့ အကြီးမားဆုံး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးနောက် ဖေဖော်၀ါရီ ၇ ရက်မှာလည်း စုရုံးချီတက်ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာလည်း ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့ဟာ  ကြွေးကြော်အော်ဟစ်ရင်း ချီတက်ခဲ့ကြရာမှာ ကားဟွန်းတီးသံတွေနဲ့ ထောက်ပံ့အားပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ စာတန်းတွေ ကိုင်ဆောင်ထားခဲ့ကြပြီး အချို့စာတန်းတွေမှာ “ကျုပ်တို့ စစ်အာဏာရှင်ကို အလိုမရှိဘူး” လို့ ပြောထားပါတယ်။ ဒ့ါအပြင် အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အလံတွေကိုလည်း ကိုင်ဆောင်ထားတာတွေလည်း ရှိပါတယ်။

“ကျွန်တော်တို့ ရှေ့ကိုပဲ ဆက်တိုးသွားမယ်၊ ဒီမိုကရေစီ မရမချင်း ဆက်ပြီး တောင်းဆိုသွားမယ်၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” လို့ အသက် ၃၇ နှစ်အရွယ် ဆန္ဒပြ အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုမျိုး၀င်းက ပြောခဲ့ပါတယ်။

“စစ်အာဏာသိမ်းမှုကို ကျွန်မ လုံး၀ကို စက်ဆုပ်ရွံရှာတယ်၊ နှိမ်နင်းဖြိုခွင်းမှုကို ကျွန်မ လုံး၀ မကြောက်ဘူး” လို့ အသက် ၂၀ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်တဲ့ မကြည်ဖြူကျော်က ပြောခဲ့ပါတယ်။

“အမေစု မလွတ်မချင်း ကျွန်မ နေ့စဥ် ပူးပေါင်းပါ၀င်မှာပါ” လို့လည်း ၎င်းက ပြောပါတယ်။

ရန်ကုန်ရှိ ဆန္ဒပြသူတွေကတော့ နေ့လည်ပိုင်းမှာ စီးတီးမောလ်ကနေ စတင် စု‌ဝေးခဲ့ကြပြီး  ဒီမတိုင်ခင်က ရန်ကုန်မြို့လယ်ကို သွားရာလမ်းကြောင်းမှာ နေရာအများအပြားမှာ အဓိကရုဏ်းရဲတွေ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

“အဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲ၀င်သွားမှာပါ၊ ဒီ အာဏာသိမ်းစစ်အစိုးရကို ကျွန်တော်တို့ အဆုံးသတ်နိုင်ရန် နောင်လာမယ့်မျိုးဆက်ဟာ ဒီမိုကရေစီ ရနိုင်မှာပါ” လို့ အသက် ၁၈ နှစ်ရှိ စီးပွားရေးကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုရဲကျော်က ပြောသွားခဲ့ပါတယ်။

ဆန္ဒပြသူအချို့ကတော့ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လက်သုံးချောင်းထောင်တဲ့ သင်္ကေတကို ထုတ်ပြခဲ့ကြပါတယ်။

မီးသတ်ပိုက်တွေနဲ့ ‌ထောက်ကူထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲ အင်အားအများအပြားကို တပ်ဖြန့်ထားခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ကြီးကြီးမားမား ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်စဥ်သတင်းတွေ ထွက်ပေါ်မထားသေးဘူးလို့ သိရပါတယ်။

“မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ စု‌ဝေးနိုင်တဲ့ အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာရမှာဖြစ်ပြီး ဆန္ဒပြသူတွေကို ရန်တုံ့နှင်းမှုတွေ မလုပ်ရပါဘူး” ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စနေနေ့ ဆန္ဒပြပွဲတွေအပြီးမှာ တွစ်တာကနေ ရေးထားခဲ့ပါတယ်။

နိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ဖို့ အွန်လိုင်းပေါ်ကနေ တောင်းဆိုဆော်သြမှုတွေနဲ့အတူ ပြည်သူတွေဟာ ရဲရင့်တဲ့ ဖီဆန်မှုတွေကို ထုတ်ဖော်ထားခဲ့ကြပြီး အဲဒီလို ထုတ်ဖော်မှုတွေထဲမှာတော့ နိုင်ငံတ၀န်း ညဘက်အချိန်မှာ သံပုံးတီး ကမ်ပိန်း လုပ်ဆောင်မှုကလည်း အထင်အရှား ပါ၀င်နေခဲ့ပါတယ်။

ရန်ကုန်နေပြည်သူတွေကတော့ ယမန်နေ့ညကလည်း သံပုံးတီး လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။

ဖေဖော်၀ါရီ ၇ ရက်မှာတော့ မြို့တော် နေပြည်တော်မှာလည်း လူပေါင်းထောင်နဲ့ချီတို့ မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly