မီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရတာကို ရှုတ်ချကြောင်း မြန်မာအမျိုးသမီး သတင်းသမားအဖွဲ့ ထုတ်ပြန် 

မီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရတာကို ရှုတ်ချကြောင်း မြန်မာအမျိုးသမီး သတင်းသမားအဖွဲ့ ထုတ်ပြန် 

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

ပြည်သူလူထု သိပိုင်ခွင့်အတွက် အလုပ်လုပ်ကိုင်နေကြတဲ့ သတင်းမီဒီယာတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာနဲ့ သတင်းလုပ်ငန်းကို တားဆီးမှုဖြစ်စေတဲ့ လုပ်ရပ်တွေအပြင် သတင်းမီဒီယာလွတ်လပ်ခွင့်အား ခြိမ်းခြောက်နေတာတွေ အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်း မြန်မာအမျိုးသမီး သတင်းသမားအဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ  ၁ ရက်နေ့မှာ နိုင်ငံတဝှမ်းအရေးပေါ် အခြေအနေကို ကြေညာပြီး ဒီမိုကရေစီအရ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရထံက တပ်မတော်ဟာ အာဏာသိမ်းယူကာ ဒီမိုကရက်တစ် မြန်မာ့အသံ ( DVB) နှင့် Mizzima TV သတင်းဌာနတွေရဲ့ ရုပ်သံထုတ်လွှင့်မှုကို ပိတ်ပင်ထားပြီး သတင်းသမားတွေကို စုံစမ်းနေတဲ့ ဖြစ်ရပ်လည်း ပေါ်ပေါက်နေကြောင်း မြန်မာအမျိုးသမီး သတင်းသမားအဖွဲ့က ဆိုပါတယ်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရက်တစ် မြန်မာ့အသံ ( DVB) နှင့် Mizzima TV Channel လိုင်းတွေကို အာဏာသိမ်းစစ်အစိုးရက လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို မပြုလုပ်ဖို့နဲ့ မီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို လေးစားလိုက်နာဖို့ မြန်မာအမျိုးသမီး သတင်းသမားအဖွဲ့က တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသူတွေကိုလည်း အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

မြန်မာအမျိုးသမီး သတင်းသမားအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးသတင်းသမားများ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required