ဂျပန် Kirin Holdings က မြန်မာနိုင်ငံရှိ  ဘီယာဖက်စပ်လုပ်ငန်းများ အဆုံးသတ်မည်

ဂျပန် Kirin Holdings က မြန်မာနိုင်ငံရှိ  ဘီယာဖက်စပ်လုပ်ငန်းများ အဆုံးသတ်မည်
Japan's Kirin has been under pressure from activists to end its joint ventures in Myanmar. (Source photos by AP and AP)

ဖေဖော်ဝါရီ ၅ 

ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings က မြန်မာနိုင်ငံအတွင်း အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ဖက်စပ်လုပ်ငန်းနှစ်ခုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သောကြာနေ့တွင် ထုတ်ပြန်လိုက်ပြီး ယခုသီတင်းပတ်အစောပိုင်းကဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကို ရှုတ်ချသည့် ပထမဆုံး ဂျပန်ကုမ္ပဏီဖြစ်လာခဲ့သည်။

စစ်တပ်၏လုပ်ရပ်များသည် ကျွန်ုပ်တို့၏ စံနှုန်းများ၊ လူ့အခွင့်အရေးမူဝါဒများနှင့် ဆန့်ကျင်နေကြောင်း၊ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် လက်ရှိ ဖက်စပ်လုပ်ငန်းကို ရပ်ဆိုင်းရန်ရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိကြောင်းနှင့် ဖက်စပ်လုပ်ငန်းအဆုံးသတ်ရေးကို အရေးပေါ် ကိစ္စအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သောကြာနေ့ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

Kirin အုပ်စုသည် မြန်မာ့စစ်တပ်ဖူလုံရေးရန်ပုံငွေအဖြစ် ဆောင်ရွက်နေသော ဦးပိုင်လီမိတက်နှင့် ပူးတွဲလုပ်ကိုင်နေသည့် မြန်မာဘီယာနှင့် မန္တလေးဘီယာ လုပ်ငန်းတို့တွင် ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်။

"မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလထဲကို ရောက်လာတာနဲ့အမျှ တိုင်းပြည်စီးပွားရေးနဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့လုပ်ငန်းနဲ့ အပြုသဘောဆောင်စွာ ကောင်းကျိုးပြုနိုင်မယ်ထင်လို့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု Kirin က ဆိုသည်။ 

Kirin သည် အရှေ့တောင်အာရှ ကြီးထွားနေသော ဈေးကွက်တွင် ခြေကုပ်ယူရန် ၂၀၁၅ ခုနှစ်က မြန်မာဘီယာလုပ်ငန်း၌ အစုရှယ်ယာ ၅၅ % ကို အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် ဝယ်ယူခဲ့သည်။ ၂၀၁၇ တွင် အစုရှယ်ယာ ၄   % ကို Kirin စင်္ကာပူလုပ်ငန်းစု သို့ လွှဲပြောင်းပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံခြားကုမ္ပဏီများသည် စီးပွားရေးပြုလုပ်ခြင်းများအတွက် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးမှုကို ခံနေကြရသည်။ တက်ကြွလှုပ်ရှားသူများက တနင်္လာနေ့ စစ်အာဏာမသိမ်းမီကပင် အထူးသဖြင့် စစ်တပ်အကျိုးအမြတ်ရှိစေမည့် ဖက်စပ်လုပ်ငန်းများကို အဆုံးသတ်ရန် Kirin ကို တောင်းဆိုထားကြသည်။

ပြီးခဲ့နှစ် ဇွန်လက Kirin အုပ်စုသည် ဦးပိုင်လီမိတက်၏ ဘဏ္ဍာရေးနှင့် အုပ်ချုပ်မှုစနစ်ကို သုံးသပ်ရန် လွတ်လပ်သော စာရင်းစစ်အဖွဲ့ကို တာဝန်ပေးခဲ့သည်။ သို့သော် စုံစမ်းမှုက ဦးပိုင်အကျိုးအမြတ်၏ အကျိုးခံစားခွင့်ရှိသူများကို ဆုံးဖြတ်ရာတွင် မရေမရာ အဖြေမပေါ်ဘဲ ရှိနေခဲ့သည်ဟု Kirin က ဇန်နဝါရီလတွင် ပြောခဲ့သည်။ 

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က Kirin ၏ထုတ်ပြန်ချက်သည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း ကြိုဆိုပါသည်ဟု ပြောသည်။

"မြန်မာစစ်တပ်နဲ့ဆက်စပ်နေတဲ့ တခြားနိုင်ငံခြားကုမ္ပဏီတွေလည်း Kirin ရဲ့ခြေရာကို မြန်မြန်ဆန်ဆန်နဲ့ ပွင့်လင်းမြင်သာစွာ လိုက်နာသင့်ပါတယ်" ဟု Human Rights Watch အဖွဲ့မှ အာရှအစီအစဉ်ဆိုင်ရာအရာရှိ Teppei Kasai က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly