မြန်မာတွင် စစ်တပ်အာဏာသိမ်းမှု မအောင်မြင်စေရေး လုပ်ဆောင်မည်ဟု ကုလအကြီးအကဲ ပြော

မြန်မာတွင် စစ်တပ်အာဏာသိမ်းမှု မအောင်မြင်စေရေး လုပ်ဆောင်မည်ဟု ကုလအကြီးအကဲ ပြော
Photo - AFP

ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံတွင် စစ်တပ်၏အာဏာသိမ်းမှုကို မအောင်မြင်စေရေးအတွက် တတ်နိုင်သမျှ အရာတိုင်းကို လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အရေးပါအဓိကကျသူများကို ၎င်းအနေဖြင့် လှုံ့ဆော်စည်းရုံးသွားမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာနိုင်ငံတွင် အဓိက နိုင်ငံရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များ ထိန်းသိမ်းခံခဲ့ရသည့် စစ်တပ်၏ အာဏာသိမ်းမှုက “လုံးဝ လက်ခံနိုင်စရာ မရှိ” ဟု ဂူတာရက်စ်က ပြောသည်။

“ဒီ အာဏာသိမ်းမှု မအောင်မြင်ဘဲ ဖြစ်သွားအောင်လို့ မြန်မာအပေါ် လုံလောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဖို့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေ အားလုံးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆော်သြစည်းရုံးဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့အရာမှန်သမျှကို လုပ်သွားပါမယ်”ဟု ဂူတာရက်စ်က သည်ဝါရှင်တန်ပို့စ်နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။ “ရှည်လျားတဲ့ အသွင်ကူးပြောင်းမှု ကာလတစ်ခုနောက်ပိုင်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်လှန်ပစ်တာက လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

မြန်မာစစ်တပ်သည် ပြီးခဲ့သည့် တနင်္လာနေ့က သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ အခြားသော အဆင့်မြင့်အဖွဲ့ဝင်များကို ထိန်းသိမ်းပြီးနောက် အရေးပေါ် အခြေအနေကြေညာပြီး အာဏာကို တစ်နှစ် ထိန်းသိမ်းရယူထားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်း ပါလီမန်လွှတ်တော်သစ်အစည်းအ‌ဝေးကို ကျင်းပခါနီး နာရီများအလိုတွင် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်က ပြောခဲ့သည်။

စစ်တပ်၏ ပြောဆိုချက်များအပေါ် ဂူတာရက်စ်က စိန်ခေါ်ခဲ့ပြီး ၎င်းအနေဖြင့်ကမူ မြန်မာရွေးကောက်ပွဲသည် “ပုံမှန်အတိုင်းသာ” သာ လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာ ယုံကြည်သည်ဟု ပြောခဲ့သည်။

“သူမ (ဒေါ်အောင်ဆန်းစုကြည်) က စစ်တပ်ကို တော်တော်ကြီးကို အကာအကွယ်ပေးခဲ့တယ်၊ ပြောရရင်တော့ ရိုဟင်ဂျာ (မူရင်း) တွေအပေါ် စစ်တပ်က လုပ်‌ဆောင်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဖြစ်ခဲ့တဲ့ ကိစ္စကို ကြည့်နိုင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ခုခံကာကွယ်ပေးခဲ့တယ်၊ နိုင်ငံတကာ တရားရုံးမှာတောင်မှ သူမက စစ်တပ်ဘက်ကနေ ကာကွယ်ပေးခဲ့တယ်လေ၊ အဲဒီတော့ သူမကို တစ်ခုခုနဲ့ပတ်သက်လို့ ကျွန်တော်တို့ စွပ်စွဲနိုင်မယ်ဆိုလို့ သူမက စစ်တပ်နဲ့ တော်တော့်ကို နီးကပ်နေခဲ့တာပဲ ဖြစ်ပါလိမ့်မယ်၊ ဒီတော့ ခုကျတော့ ဒီ အာဏာသိမ်းမှုကို တွေ့ရတာက ဘယ်လိုမှကို လက်ခံနိုင်စရာ မရှိဘူး” ဟု ဂူတာရက်စ်က ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required