အိုင်အက်စ်ကို တိုက်ခိုက်မည့် တပ်ဖွဲ့ဝင်များ စေလွှတ်ရန် သြစတြေးလျတွင် အစီအစဉ်မရှိ

အိုင်အက်စ်ကို တိုက်ခိုက်မည့် တပ်ဖွဲ့ဝင်များ စေလွှတ်ရန် သြစတြေးလျတွင် အစီအစဉ်မရှိ

ကင်ဘာရာ၊ နိုဝင်ဘာ ၂၄ ။        ။ အိုင်အက်စ်ဆိုသည့် အဖွဲ့မှာ အားနည်းနေပြီး သြစတြေးလျအနေဖြင့် ၎င်းအဖွဲ့အားတိုက်ခိုက်ရန် တပ်ဖွဲ့ဝင်များစေလွှတ်ရန် အစီအစဉ်မရှိကြောင်း ဝန်ကြီးချုပ် မဲလ်ကွမ်တန်းန်ဘူးလ်က ပြောသည်။ အိုင်အက်စ်က ၎င်းတို့လက်ချက်ဟု ပြောကြားခဲ့သော ပါရီတွင် ပစ်ခတ်ဗုံးခွဲမှုများအပြီးတွင် မဲလ်ကွမ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

သြစတြေးလျသည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်အုပ်စုအား အမေရိကန်ဦးဆောင်သောဗုံးကြဲမှုတွင် ပါဝင်သောနိုင်ငံဖြစ်သည်။ မဲလ်ကွမ်၏ ပြောကြားချက်သည် ဝန်ကြီးချုပ်ဟောင်း တိုနီအက်ဘော့ပြောကြားခဲ့သောမှတ်ချက်နှင့် ဆန့်ကျင်နေသည်။ အက်ဘော့က အိုင်အက်စ်ကို သေမင်းတမန်ကိုးကွယ်မှုဟု ပြောကြားခဲ့သည်။

အိုင်အက်စ်သည် ၎င်းတို့၏ ဝါဒဖြန့်ချိရေးကွန်ရက်ကို အားထားနေပြီး ၎င်းတို့၏ လေလုံးထွားမှုကြောင့် အရူးလုပ်မခံနိုင်ကြောင်း မစ္စတာတန်းန်ဘူးလ်က အောက်လွှတ်တော်သို့ ပြောကြားခဲ့သည်။ သို့သော်လည်း အိုင်အက်စ်သည် အီရတ်နှင့် ဆီးရီးယားတွင် စစ်ရေးအရ ရှုံးနိမ့်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

"သူ့ရဲ့သဘောတရားရေးရာက ရှေးဆန်ပါတယ်။ ဒါပေမဲ့ အင်တာနက်အသုံးပြုတာကတော့ အတော်ခေတ်မီပါတယ်။ အိုင်အက်စ်မှာ သေနတ်တွေထက် စမတ်ဖုန်းတွေပိုရှိတယ်။ တိုက်ခိုက်ရေး သမားတွေထက် တွစ်တာအကောင့်တွေပိုရှိတယ်။ သူတို့ရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒေသတွေမှာတောင် သြဇာလွှမ်းမိုးမှုမရှိဘူး။ စစ်ရေးဖိအားတွေရှိနေတယ်"ဟု ၎င်းကပြောသည်။

သြစတြေးလျပါလီမန်တွင် အမျိုးသားလုံခြုံရေးနှင့်ပတ်သက်၍ မစ္စတာတန်းန်ဘူးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

သြစတြေးလျသည် အရှေ့အလယ်ပိုင်းသို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များစေလွှတ်သင့်သည်ဟု ကာကွယ်ရေးဝန်ကြီးဟောင်းကယ်ဗယ်အင်းရူးစ်နှင့် မစ္စတာအက်ဘော့အပါအဝင် သြစတြေးလျနိုင်ငံရေး သမားများအချို့က ပြောကြားပြီးနောက် ၎င်း၏မှတ်ချက်ပေါ်လာခြင်းဖြစ်သည်။

၎င်း၏နိုင်ငံတွင် အနောက်နိုင်ငံမှ တပ်ဖွဲ့ဝင်များစွာရှိနေခြင်းက ရလဒ်ပြောင်းပြန်ဖြစ်လိမ့်မည်ဟု အီရတ်အစိုးရက ယုံကြည်နေသည်ဟုလည်း မစ္စတာတန်းန်ဘူးလ်က ပြောသည်။ ဆီးရီးယားတွင် ကြီးမား စွာကျူးကျော်လိုစိတ်မရှိကြောင်းလည်း ကမ္ဘာ့ခေါင်းဆောင်များက သဘောတူထားသည်ဟုလည်း ၎င်းကဆိုသည်။

အီရတ် သို့မဟုတ် ဆီးရီးယားတွင် သြစတြေးလျတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ ချထားခြင်းသည် အလွယ်တကူမဖြစ်နိုင်သကဲ့သို့ လက်တွေ့လည်းမကျနိုင်ဟု မစ္စတာတန်းန်ဘူးလ်ကဆိုသည်။ လက်ရှိအချိန်တွင် အီရတ်တွင် အကြမ်းဖက်တိုက်ဖျက်ရေးအေဂျင်စီများကိ အကြံပေးသည့် သြစတြေးလျအထူးတပ်ဖွဲ့ဝင် ၉၀ခန့်အပြင် အီရတ်အမျိုးသားစစ်တပ်အတွက် သင်တန်းပေးနေသော သြစတြေးလျစစ်သား ၃၀၀ ဝန်းကျင်ရှိသည်။

အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်စခန်းများကို ဗုံးကြဲနေသော အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် သြစတြေးလျလေယာဉ်ခြောက်စင်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly