မြန်မာ စစ်အာဏာသိမ်းမှုက ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေမည်

မြန်မာ စစ်အာဏာသိမ်းမှုက ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေမည်
Myanmar's military checkpoint is seen on the way to the congress compound in Nay Pyi Taw on Monday. (Reuters photo)

ဖေဖော်၀ါရီ ၂

မြန်မာ၏ စစ်အစိုးရထံမှ တင်းကျပ်သော လုံခြုံရေး စစ်ဆေးမှုများနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုပိုင်းဆိုင်ရာ အဆင်မပြေမှုများကြောင့် ထိုင်းနိုင်ငံအနေဖြင့် တစ်နေ့လျင် ဘတ်သန်းပေါင်း ၅၀ ခန့်ကို လက်လွှတ်ရလိမ့်မည်ဟု ခန့်မှန်းရသည်။

တင်းကျပ်သော လုံခြုံရေး စစ်ဆေးမှုများ ဆက်ရှိနေမည်ဆိုပါက ထိခိုက်အကျိုးသက်ရောက်မှုက တစ်လလျင် ဘတ် ၁ ဒသမ ၅ ဘီလီယံ နှင့် ၂ ဘီလီယံကျော်အကြားအထိ ကျယ်ပြန့်သွားစေလိမ့်မည်ဟု ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်း တက္ကသိုလ်မှ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ လေ့လာမှု စင်တာ၏ ညွှန်ကြားရေးမှူး အာ့တ် ပီဆန်၀ါနစ်ချ်က ပြောသည်။

“မြန်မာရဲ့ နိုင်ငံရေးအကျပ်အတည်းက ဒုတိယလကျရင် ပုံမှန်အခြေအနေ ပြန်ရောက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့  နိုင်ငံရေး ရပ်တည်ချက်တွေနဲ့ မြန်မာအာဏာသိမ်းမှုနောက်ပိုင်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ဒါမှမဟုတ် စီးပွားရေး အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ပိုရအောင် ကြိုးပမ်းဖို့ လိုပါတယ်” ဟု မစ္စတာ အာ့တ်က ပြောသည်။

မစ္စတာ အာ့တ်၏ အဆိုအရ ထိုင်းနိုင်ငံ တွေ့ကြုံရမည့် ဆုံးရှုံးမှုများသည် မြန်မာအပေါ် စီးပွားရေး အ‌ရေးယူပိတ်ဆို့မှုများ၏ အတိုင်းအတာဒီဂရီအပေါ်တွင် မူတည်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာအပေါ် စီးပွားရေးဆိုင်ရာ အရေးယူမှုများက ၀ယ်အား (purchasing power) နှင့် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတို့အပေါ် ထိခိုက်သက်ရောက်စေမည် ဖြစ်သည်။

၀ယ်အား ပိုမို လျော့ကျပါလျင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုများကို ကြုံတွေ့ထားပြီး ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံထံမှ ကုန်စည် တင်သွင်းမှုပိုင်း လျော့နည်းသွားဖွယ် ရှိသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အချိန် ၂လ ၊ ၃ လ ယူပြီး သက်ရောက်မှုနှင့်ပတ်သက်ပြီး အကဲဖြတ်ချင့်တွက်သွားဖွယ် ရှိပြီး စစ်အစိုးရက အခြေအနေကို မည်သို့မည်ပုံ ကိုင်တွယ်သွားမလဲ ဆိုသည်ကို စောင့်ဆိုင်း ကြည့်ရှုဖွယ် ရှိသည်ဟု မစ္စတာ အာ့တ်က ပြောသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေး မသေချာမရေရာမှုတွေ ရှိနေဆဲ ဆိုတာကို လက်ရှိ အခြေအနေက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ြပသနေပါတယ်၊ ၂၀၁၅ ၊ ၂၀၂၀ တို့မှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး နိုင်ငံဟာ ဒီမိုကရေစီဆီ ဦးတည်သွားနေခဲ့ပေမယ့် နိုင်ငံရေး မသေချာမရေရာမှုတွေကတော့ ရင်းနှီးမြှုပ်နှံသူတွေ ရှေ့အနာဂတ်မှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါလိမ့်မယ်” ဟု မစ္စတာ အာ့တ်က ပြောသည်။

“နိုင်ငံသားတစ်ဦးချင်း ၀င်ငွေက စီအယ်လ်အမ်ဗွီ နိုင်ငံတွေထဲမှာ အနိမ့်ဆုံးမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီဟာက စီးပွားရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်သက်ရောက်စေပါလိမ့်မယ်”

မြန်မာနိုင်ငံရှိ ယေဘုယျ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များသည်လည်း တန့်ရပ်ဖွယ် ရှိပြီး အားလုံးသော နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများသည်လည်း ပြန်လည်သုံးသပ်မှု လုပ်ရဖွယ်ရှိနေသည်ဟု မစ္စတာ အာ့တ်က ပြောသည်။

မျှော်လင့်မထားခဲ့သည့် မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုက သေချာ‌ပေါက်အားဖြင့် ထိုင်းနှင့် မြန်မာအကြား နယ်စပ်ကုန်သွယ်မှုအပေါ်  ကြီးကြီးမားမား ထိခိုက်စေမည် ဖြစ်ပြီး အထူးသဖြင့် တက်ခ် ခရိုင်ရှိ မဲဆောက် နယ်စပ်စစ်‌ဆေးရေးဂိတ်ကနေတဆင့် ကုန်သွယ်မှုအပေါ် ထိခိုက်စေလိမ့်မည်ဟု တက်ခ် ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ပရာဆာ့တ် ဂျူအန်ကစ်ထရောင်ရုတ်က ပြောသည်။ မဲဆောက် နယ်စပ်စစ်‌ဆေးရေးဂိတ်သည် ထိုင်း‌မြောက်ပိုင်းတွင် မြန်မာနှင့်အကြား အကြီးဆုံးသော နယ်စပ်စစ်ဆေးရေးဂိတ် ဖြစ်ပြီး တစ်နှစ်လျင် အနည်းဆုံး ဘတ် ၈၀ ဘီလီယံ တန်ဖိုးရှိ နယ်စပ်ကုန်သွယ်မှုကို ဖြစ်ပေါ်စေသည်။

မြန်မာစစ်တပ်သည် နိုင်ငံကို အနည်းဆုံး အချိန် တစ်နှစ်ကနေ နှစ်နှစ်ကြာအထိ ထိန်းချုပ်ထားလိမ့်မည်ဟု တက်ခ် ခရိုင် ကုန်သည်ကြီးများအသင်းက မျှော်လင့်တွက်ဆထားကြောင်း မစ္စတာ ပရာဆာ့တ်က ပြောသည်။

“ မြန်မာစစ်တပ်ဆီက တရား၀င် ညွှန်ကြားချက် ဒါမှမဟုတ် ကြေညာချက်တစ်ရပ်ကို ကျွန်တော်တို့ စောင့်နေပါတယ်၊ ဒီဖြစ်စဥ်ရဲ့ သက်ရောက်မှုကို ကျွန်တော်တို့ တွက်ချက်နိုင်ခြင်း မရှိသေးပါဘူး၊ နယ်စစ်စစ်‌ဆေးရေးဂိတ်တွေ ပိတ်ရဖွယ် ရှိသလား ဆိုတာကို ကျွန်တော်တို့ စောင့်ဆိုင်းကြည့်ရှုရမှာ ဖြစ်ပါတယ်”

စစ်အာဏာသိမ်းမှုက ပို့ကုန်များအပေါ် သက်ရောက်ထိခိုက်မှုက ကြီးကြီးမားမား ဖြစ်လာဖွယ် မရှိကြောင်း၊ မြန်မာသည် နယ်စပ် စစ်ဆေးရေးဂိတ်များကို ပိတ်ဖွယ် မရှိကြောင်း၊ မြန်မာစစ်အစိုးရသည် လူသေဆုံးစေသော ဗိုင်းရပ်စ်ကြောင့် ထိခိုက်ထားခဲ့သည့် နိုင်ငံ၏ လက်ရှိ စီးပွားရေး ပြဿနာနှင့်ပတ်သက်ပြီး အပြည့်အ၀ သိရှိသည်ဟု ထိုင်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ကာလင် ဆာရက်ဆင်က ပြောသည်။

မြန်မာစစ်တပ် အာဏာပိုင်များသည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အကြား ပဋိပက္ခတွင် ပြင်းထန်ရက်စက်သော ဖြေရှင်းချက်နည်းတစ်ခုကို ကျင့်သုံးလိမ့်မည် မဟုတ်ဟု ယုံကြည်ကြောင်း ထိုင်း စက်မှုလုပ်ငန်းများ ဖက်ဒရေးရှင်း (FTI) ၏ ဥက္ကဋ္ဌ ဆူပန့်တ် မုန်ကိုဆုသရီး က ပြောသည်။

သို့သော် အကယ်၍ အခြေအနေက အရှိန်မြင့်လာပါက မြန်မာအနေဖြင့် အထူးသဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ အပါအ၀င် နိုင်ငံအများအပြားထံမှ စီးပွားရေး အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်ရနိုင်သည်။

လက်ရှိ အခိုက်အတန့်တွင်မူ FTI အနေဖြင့် ပြဿနာအပေါ် အကောင်းမြင်ထားဆဲ ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်သက်ရောက်စေမှုကို ရှောင်ရှားနိုင်ရန် အလို့ငှာ ဂရုတစိုက် လုပ်ဆောင်မည်ဟု မျှော်လင့်ထားသည်။

မြန်မာနိုင်ငံရှိ ထိုင်းရင်းနှီးမြှုပ်နှံသူများသည် ဧည့်၀န်ဆောင်စီမံခန့်ခွဲမှုနှင့် လူသုံးကုန် ထုတ်ကုန်များမှစပြီး ‌ရေနံနှင့် ဆောက်လုပ်ရေးအထိ လုပ်ငန်းအသီးသီးတွင် ရှိနေသည်။

အာဏာ ရယူမှုကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြား၀င်ပြီး စီးပွားရေး အရေးယူမှုများနှင့် တုံ့ပြန်မည်ဆိုပါလျင် ၎င်းတို့၏ စီးပွား‌ရေးလုပ်ငန်းများအတွက် ကောင်းကျိုး ရှိစေမည် မဟုတ်ပေ။

“ဒါက ထိုင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ အဓိက ကျတဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေကို ထိခိုက်စေပါလိမ့်မယ်” ဟု မစ္စတာ ဆူပန့်တ်က ပြောသည်။

ထိုင်း ကုန်သွယ်‌ရေး၀န်ကြီး ဂျူရင် လက်ခ်ဆာနာ၀ီဆစ်တ်သည် သက်ရောက်မှု အခြေအနေအပေါ် အကဲဖြတ်ရန် တာ၀န်ရှိသူများကို ညွှန်ကြားထားပြီး ဖြစ်ပြီး အခြေအနေအပေါ် အနီးကပ် စောင့်ကြည့်ပြီး တင်ပြရန် နယ်စပ် ကုန်သွယ်မှုအတွက် တာ၀န်ရှိသည့် နိုင်ငံခြား ကုန်သွယ်မှု ဌာနကိုလည်း ညွှန်ကြားထားသည်ဟု မစ္စတာ ဂျူရင်၏ အကြံပေး မာလီကာ ဘွန်းမီးထရာကူလ်က ပြောသည်။

နယ်စပ် ကုန်သွယ်မှု ဆိုင်ရာ အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန် ပုဂ္ဂလိက ကဏ္ဍ နှင့် ပူးပေါင်းလုပ်ဆောင်ရန် ကုန်သွယ်ရေးမူ၀ါဒနှင့် မဟာဗျူဟာ ရုံးကိုလည်း ညွှန်ကြားထားသည်။

ဂျပန်၊ မြန်မာနှင့် ထိုင်းအကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် ထား၀ယ် အထူးစီးပွားရေးဇုန် (DSEZ) ၏ ဖွံ့ဖြိုးရေး ပရောဂျက်များအပေါ် မြန်မာနိုင်ငံရှိ အာဏာသိမ်းမှုက ထိခိုက်သက်ရောက်မည်လား ဆိုသည်ကို ပြောနိုင်ရန် အလွန် စောလွန်းနေသေးကြောင်း ဘဏ္ဍာရေး ၀န်ကြီး အာခွန် တမ်အစ်တေယာပိုင်ဆစ်သ်က ပြောသည်။

DSEZ တွင် လုပ်ငန်း လုပ်ပိုင်ခွင့် သဘောတူညီချက် ခုနစ်ခု အဆုံးသတ်ရပ်ဆိုင်းခြင်း နှင့်ပတ်သက်ပြီး ထိုင်းစတော့အိတ်စ်ချိန်း (SET) စာရင်း၀င် အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ (ITD) ကို မည်သို့ အကြောင်းကြား အစီရင်ခံထားသလဲ ဆိုသည်နှင့်စပ်လျဥ်း၍ ထိုင်း တာ၀န်ရှိသူများနှင့် ITD တို့သည် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာဖွေရန် မြန်မာမှ အဆင့်တူ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းသွားမည်ဟု မစ္စတာ အာခွန်က ပြောသည်။

သို့သော် လက်ရှိအချိန်အထိ ညှိနှိုင်းဆွေးနွေးမှုများကို မစတင်ထားရသေးဟု ၎င်းက ပြောသည်။

ထား၀ယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ITD တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်မှုပါ၀င်သော စီမံကိန်းကုမ္ပဏီ ငါးခုထံသို့ DSEZ ရှိ လုပ်ငန်း လုပ်ပိုင်ခွင့် သဘောတူညီချက်ခုနစ်ခု ရုပ်သိမ်းကြောင်း နို့တစ်စာကို ပေးပို့ခဲ့ပြီးနောက် ITD သည် ပြီးခဲ့သည့် ဇန်န၀ါရီလက အစိုးရ အကူအညီ တောင်းခံသည့် ပန်ကြားချက်တစ်ခုကို ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာထံ တင်ပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly