သိမ်းထားသောအာဏာကို ချက်ချင်းလွှတ်ရန် မြန်မာစစ်တပ်ကို ဂျိုးဘိုင်ဒင်က တောင်းဆို

သိမ်းထားသောအာဏာကို ချက်ချင်းလွှတ်ရန် မြန်မာစစ်တပ်ကို ဂျိုးဘိုင်ဒင်က တောင်းဆို

ဖေဖော်ဝါရီ ၂

မြန်မာစစ်တပ်သည် အာဏာသိမ်းစဉ်က သိမ်းယူခဲ့သော အာဏာကို စွန့်လွှတ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့က ပြောကြားလိုက်သည်။ အကယ်၍သာ မလုပ်ဆောင်ခဲ့ပါက  ၂၀၁၁ခုနှစ် ဒီမိုကရေစီသို့ ပထမဆုံးအကြိမ် အသွင်ပြောင်းပြီးချိန်မှစ၍ ဖယ်ရှားခဲ့သည့် ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ခြင်းအပါအဝင် “သင့်လျော်သော အရေးယူမှု”ပြုလုပ်ရလိမ့်မည်ဟု သတိပေးလိုက်သည်။

တနင်္လာနေ့ အစောပိုင်းတွင် တိုင်းပြည်၏စစ်တပ်က နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ပါလီမန်အမတ်နေရာများ ခွဲဝေပေးသော နိုဝင်ဘာလရွေးကောက်ပွဲနှင့် ပတ်သက်၍ မသမာမှုများရှိသည်ဟု စွပ်စွဲကာ တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အာဏာလွှဲပြောင်းပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်ဘက် ခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 “အမေရိကန်ပြည်ထောင်စုက ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဒီမိုကရေစီတိုးတက်မှုအပေါ် အခြေခံ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားခဲ့သည်” ဟု ဘိုင်ဒင်က   ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။ “ဒီတိုးတက်မှုကို ပြောင်းပြန်လုပ်လိုက်တာက ကျွန်တော်တို့ရဲ့ အရေးယူပိတ်ဆို့မှု ဥပဒေများနှင့် အာဏာပိုင်များကို ချက်ချင်းပြန်လည်သုံးသပ်ရန် လိုအပ်စေပြီး သင့်လျော်သော အရေးယူမှုများ ပြုလုပ်ရန်လိုအပ်သည်။”

“ဒေသတွင်းနှင့် ကမ္ဘာတလွှားရှိ ကျွန်ုပ်တို့၏ ပါတနာများနှင့်အတူ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုရန်သာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖြုတ်ချရန် တာဝန်ရှိသူများကို တာဝန်ခံစေရန်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။”ဟု ဘိုင်ဒင်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် NLD သည် အစိုးရဖွဲ့စည်းရန်လိုအပ်သော နေရာ ၃၂၂ နေရာထက်ကျော်လွန်၍ ၃၄၆ နေရာရရှိခဲ့သည်။ ဘိုင်ဒန်၏ သတိပေးချက်သည် ဒေသတွင်း တပ်မတော်ဟု လူသိများသော မြန်မာစစ်တပ်၏ လှုပ်ရှားမှုအား အာဏာသိမ်းယူရန် လှုပ်ရှားအပြီး နာရီအနည်းငယ်အကြာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ ပြစ်တင်ရှုတ်ချမှုတွင် မြင်နိုင်သည်။

ဘလင်ကင်သည် စစ်တပ်အား “အစိုးရအရာရှိများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များအားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီရွေးကောက်ပွဲတွင် ဖော်ပြသည့်အတိုင်း မြန်မာပြည်သူတို့၏ ဆန္ဒကို လေးစားရန်” တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး ရန်ကုန်သည် ၁၉၈၀ နှင့် ၂၀၀၀ ပြည့်နှစ်များတွင် ဆန္ဒပြမှုများဖြစ်ခဲ့ပြီး နောက်ဆုံးတွင် စစ်တပ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရေးကို သဘောတူခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အစိုးရ၏ အမှန်တကယ်ခေါင်းဆောင်ဖြစ်လာခဲ့သော်လည်း စစ်တပ်သည် ဝန်ကြီးဌာနသုံးခုကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် မစ်ချ် မက်ကောနယ်လ်က ဖမ်းဆီးမှုများသည် မြန်မာပြည်အတွက် “ထိတ်လန့်စရာ”နှင့် “နောက်ပြန်ဆွဲနေသောခြေလှမ်းတစ်ခု”ဟု ခေါ်ခဲ့သည်။

 “ဘိုင်ဒင်အစိုးရသည် ခိုင်မာတဲ့ရပ်တည်မှုရှိရမည်ဖြစ်ပြီး ကျွန်တော်တို့၏ ပါတနာများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနိုင်ငံအားလုံးက ဒီအာဏာရှင်စနစ် ထိုးစစ်ဆင်မှုကို ရှုတ်ချရန်လိုသည်” ဟု မက်ကောနယ်လ် ကပြောကြားခဲ့သည်။ “ဒီမိုကရေစီလမ်းကြောင်းဆီသို့ ဦးတည်နေသော မြန်မာပြည်သူများအား ကျွန်တော်တို့ ထောက်ခံအားပေးဖို့လိုတယ်။”

ရွေးကောက်တင်မြှောက်ခံ ခေါင်းဆောင်များကို မလွှတ်ပေးပဲ အစိုးရမှ ဖယ်ရှားခြင်း မပြုလျင် အမေရိကန်နှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံ၏ စစ်ရေးခေါင်းဆောင်မှုကို တင်းတင်းကျပ်ကျပ် စီးပွားရေးပိတ်ဆို့မှုများနှင့် အခြားစစ်ရေးအရ အရေးယူမှုများ ပြုလုပ်ရန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဌ ဖြစ်လာသော နယူးဂျာစီဒီမိုကရက်ပါတီ ရောဘတ် မန်နန်ဒက်ဇ်က ကြိုးပမ်းခဲ့သည်။

အောက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ ကော်မတီ၏ ဥက္ကဌဖြစ်သူ ကယ်လီဖိုးနီးယားဒီမိုကရက် အဒမ် ရှက်ဖ်ကလည်း “အာဏာသိမ်းမှုအတွက် တာဝန်ရှိသည့် အကြီးတန်း စစ်ခေါင်းဆောင်များအား” ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ အဖြစ်အပျက်များသည် ဘိုင်ဒင်အစိုးရ၏ ပထမဆုံး နိုင်ငံခြားရေးပေါ်လစီ စိန်ခေါ်မှုများဖြစ်ပြီး သမ္မတနှင့် တရုတ်နိုင်ငံနှင့် စတင်ဆက်ဆံလာသည်နှင့်အမျှ အရေးကိစ္စသစ်တစ်ခု ဖြစ်လာသည်။

ဝါရှင်တန်၏ ရှေးရိုးစွဲ အကြံပေးအဖွဲ့ဖြစ်သော ဝါရှင်တန် အမွေအနှစ်ဖောင်ဒေးရှင်း၏ အာရှလေ့လာရေးဌာနမှ ဒါရိုက်တာ ဝေါ်လ်တာ လော့ရှ်မန်က “မြန်မာအပေါ် သိပ်ပြီးမတင်းကျပ်နိုင်ဘူးလို့ ပြောတဲ့သူတချို့ရှိလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါကတရုတ်အတွက် ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဖို့ နေရာပေးနိုင်တာကြောင့် ဖြစ်တယ်။ အမှန်ကတော့ ပေကျင်းမှာ ဝေးဝါရှင်တန်ထက် သာလွန်တဲ့ ဆက်ဆံရေးရှိပါတယ်”ဟု ပြောကြားခဲ့သည်။

“အိုဘားမားအစိုးရမှ ဖယ်ရှားပေးခဲ့သည့် သို့မဟုတ် ရုပ်သိမ်းပေးခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ရန် အမေရိကန်အနေဖြင့် ယခုအခါပြန်လည်စတင်သင့်သည်။ ၎င်းတို့ကို မြန်မြန်ဆန်ဆန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဖယ်ရှားခဲ့ပြီး မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်အတွက် အမြဲတမ်း ငြင်းခုံခဲ့ကြသည်။”ဟု  လော့ရှ်မန်က ပြောကြားခဲ့သည်။

၎င်း၏အကြီးအကဲ ကာ့တ်ကင်ဘဲလ် ပါအဝင် ဘိုင်ဒင်၏ အာရှပေါ်လစီ များစွာသောအဖွဲ့များသည် ဘားရက်အိုဘားမားအစိုးရတွင် အလုပ်လုပ်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးကို အဓိက နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုအဖြစ် အဆုံးသတ်ရန် ကြိုးပမ်းခဲ့ကြသည်။

 ထိုအစိုးရ၏ ဒုတိယသမ္မတ ဘိုင်ဒင်သည် ယခင်သမ္မတ ဒေါ်နယ်ထရမ့်၏ မကြာခဏ “အမေရိကပထမ” ချဉ်းကပ်မှုနှင့် မတူဘဲ အဓိက အပြည်ပြည်ဆိုင်ရာ စိန်ခေါ်မှုများအပေါ် မဟာမိတ်များနှင့်အတူ နီးကပ်စွာအလုပ်လုပ်ရန် ကတိပေးကာ ဇန်နဝါရီလ ၂၀ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ဘက်ပေါင်းစုံဖြေရှင်းမှုများအတွက် ဘိုင်ဒင်၏ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly