ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ) ပြင်ဖို့ တိုက်ရိုက် မဆုံးဖြတ်ပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ) ပြင်ဖို့ တိုက်ရိုက် မဆုံးဖြတ်ပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဝါရှင်တန်ပို့စ် သတင်းစာမှ Senior Associate Editor ဖြစ်သူ Lally Weymouth တို့၏ တွေ့ဆုံမေးမြန်းမှုကို Senior General Min Aung Hlaing  လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားမှုကို ပြန်လည် ဖေါ်ပြခြင်းဖြစ်သည်။

ဤတွေ့ဆုံမေးမြန်းမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ဗိုလ်ချုပ်မှူးကြီး၏ သဘောထားကို မေးမြန်းရာတွင် အချိန်မကျသေးဟု ပြန်လည် ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံပါ ၅၉(စ) နှင့် ပတ်သက်သည့် အမြင်၊ ငြိမ်းချမ်းရေး အခြေအနေတို့ကို ဖတ်ရှုရမည်ဖြစ်သည်။

 

Washington Post- မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလို မဟုတ်ဘဲ တပ်မတော်နဲ့ အရပ်သား အစိုးရကြား အာဏာကို ခွဲဝေသုံးစွဲနေရတယ်လို့ ပြောလို့ရနိုင်မလား။ အမေရိကန် နိုင်ငံမှာဆိုရင်တော့ တပ်က အရပ်သား အစိုးရရဲ့  ကွပ်ကဲမှု အောက်မှာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့သဘောထားကို သိချင်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာပဲ မူတည်ပြီးတော့ ပြောရလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အစိုးရရဲ့ဖွဲ့စည်းပုံနဲ့ နောက်တစ်ခါ လုပ်ငန်း တာဝန်တွေ ခွဲခြားထားပါတယ်။ တပ်မတော် အတွက်လည်း သတ်မှတ် ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒီသတ်မှတ်ပြဋ္ဌာန်း ထားတာနဲ့ပဲ လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ သီးခြားလုပ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အစိုးရရဲ့အောက်မှာ၊ အစိုးရ စီမံခန့်ခွဲမှု အောက်မှာ လုပ်ရတဲ့လုပ်ငန်းရပ်တွေလည်း အများကြီးရှိတယ်။ ကျွန်တော်က တပ်မတော်မှာ အကြီးအကဲ ဆိုပေမယ့်လည်း နိုင်ငံရဲ့ အကြီးအကဲက သမ္မတရှိပါတယ်။

Washington Post - တပ်မတော်ရဲ့အောက်မှာ ဝန်ကြီးဌာန ၃ ခုရှိပါတယ်။ နယ်စပ်ရေးရာ၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ဖြစ်ကြတယ်။ အလားတူ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာရှိပါတယ်။ ဒါကြောင့် အဆွေတော်ဟာ လွန်စွာသြဇာ အာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ထင်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး  - ဒါကတော့ဖွဲ့စည်းပုံအရ ကျွန်တော်တို့ ပေးထားတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည် စာရင်းတင်သွင်းတဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ဒီ ၃ ပါးကို တပ်မတော်က အမည်စာရင်း တင်သွင်းပြီးတော့ သမ္မတကနေ ညှိနှိုင်းပြီးတော့မှ ခန့်အပ်ပေးတာဖြစ်ပါတယ်။ 

Washington Post - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တော့လောက်များ တွေ့မှာပါလဲ။

ဗိုလ်ချုပ်မှူးကြီး - မကြာခင်မှာ တွေ့ဖို့ရှိပါလိမ့်မယ်။ လာမယ့် ဒီဇင်ဘာလောက် ဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာ လထဲမှာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် မှန်းတာကတော့ ကျွန်တော် ဒီ Election ကော်မရှင်က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ပြီးတယ်ဆိုရင်တော့ တွေ့မှာပါ။

Washington Post - ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့များစွာ ကွာခြား နေပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ NLD က အောင်မြင်မှု ရရှိခဲ့ပေမယ့် အောင်မြင်မှုရဲ့ အဝေးကို ရောက်ရှိ သွားခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ အဆွေတော်အနေနဲ့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို အသိအမှတ်ပြုရခြင်း အကြောင်းရင်းကို သိလိုပါတယ်။ ဘာကြောင့်များ ပါလဲ။ ဘာများ ကွာခြားမှုရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ပါတီစုံစနစ်ကို သွားတဲ့ ရွေးကောက်ပွဲပဲ ပြုလုပ်တာဖြစ်တယ်။ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲက ကျွန်တော်တို့ ၂၀၁၀ ပြည့်နှစ်က လုပ်ခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အစိုးရ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ အစိုးရ၊ ဒီအစိုးရ ကနေပြီးတော့မှ ဒီမိုကရေစီစနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဒုတိယအကြိမ် သက်တမ်း အတွက် သွားခြင်းဖြစ်တယ်။ ရလဒ်ချင်း မတူပါဘူး။ အဓိပ္ပာယ်ချင်း မတူပါဘူး။ 

Washington Post - အမေရိကန်အပါအဝင် နိုင်ငံရပ်ခြားက လူတွေပြောခဲ့တာက အခုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ ပြောနိုင်မယ် ဆိုတာ ကျွန်မထင်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး - Free and Fair Election ကတော့ မှန်တယ်။ ပထမအကြိမ်က ၂၀၁၀ ပြည့်နှစ်က လုပ်ခဲ့ပြီးသား။ 

Washington Post - ၂၀၁၀ တုန်းက သမ္မတကြီးက ဆိုလို့ရှိရင်လည်း ယူနီဖောင်းဝတ်တာတွေ ပထမဦးဆုံး ပြောင်းသလို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း ပြောင်းလာတယ်။ USDP တစ်ပါတီ တည်းနဲ့ ဆောင်ရွက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒါကို Democracy System များ ခေါ်လို့ ရပါသလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ပြောပြပါမယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက USDP ပါတီအပြင် တခြားပါတီတွေ အများကြီး ဝင်ပြိုင်ကြတယ်။ USDP ပါတီ တစ်ခုတည်း မဟုတ်ဘူး။ တခြား ပါတီတွေလည်း အများကြီး ဝင်ပြိုင်ကြတယ်။ အဲတော့ သမ္မတကြီးဦးသိန်းစိန်က ယူနီဖောင်း ချွတ်ပြီးတော့ ဒီဘက်မှာပါတယ် လို့ပြောတယ်။ သူတို့က ယူနီဖောင်းချွတ်ပြီးတော့မှ နိုင်ငံရေး လမ်းကြောင်းတွေကို ပြောင်းဝင်သွားကြတာ။ အဲဒီပါတီထဲ ဝင်သွားကြပြီးတော့မှ ရွေးကောက်ပွဲ ဝင်ကြတယ်။ ရွေးကောက်ပွဲဝင်တဲ့ အခါမှာ ရွေးကောက်ပွဲ အရွေးခံရတဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတော့မှ သူတို့ အစိုးရဖွဲ့နိုင်တဲ့အထိ သူတို့ဖြစ်လာခဲ့တာ။ ဒါ ပါတီစုံ ဒီမိုကရေစီစနစ်ကို စပြီးသွားခဲ့တာပဲ။

ဒီရွေးကောက်ပွဲမှာတော့ အင်အားကြီးတဲ့ ပါတီကတော့ ခင်ဗျားတို့ ခုနက ပြောတဲ့ USDP ပါတီက ပါတာတော့မှန်တယ်။ ဒါပေမဲ့ တခြားပါတီတွေ အများကြီး ဝင်ပြိုင်ကြတာလည်း ရှိပါတယ်။ ဒီမှာ ယူနီဖောင်းဝတ်တဲ့ လူတစ်ယောက်က အငြိမ်းစားယူပြီးလို့ရှိရင် နိုင်ငံရေးလုပ်ပိုင်ခွင့်က သူ့ရဲ့ အခွင့်အရေးရှိပါတယ်။ ယူနီဖောင်းဝတ်ထားတဲ့ လူတစ်ယောက်က နိုင်ငံရေး မလုပ်ရဘူးလို့ဆိုတာ ပြဋ္ဌာန်းချက် မရှိပါဘူး။ ကမ္ဘာမှာလည်း ယူနီဖောင်းချွတ်ပြီးလို့ နိုင်ငံရေးလောက ဝင်တဲ့သူတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ 

Washington Post - အဆွေတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအောင်မြင်တဲ့ အောင်မြင်မှု ရရှိနေတဲ့အချိန်မှာ ဒီ ပုဒ်မ-၅၉(စ)ကို ပြောင်းဖို့အစီအစဉ် ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး -  ဒါကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တယ်ဆိုတာကတော့ နံပါတ်တစ် အချက် လွှတ်တော်မှာ အရင်စပြီးတော့ ဆွေးနွေးမှာပေါ့။ လွှတ်တော်ကနေ လက်ခံတယ်ဆိုရင် သူ့ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)မှာ သူ့ရဲ့ပြင်ဆင်ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီဥပဒေကပဲ သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ တိုက်ရိုက် ဆုံးဖြတ်ပေးလို့ မရပါဘူး။ 

Washington Post -  အဆွေတော်မှာက လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း လွှတ်တော် ကိုယ်စားလှယ် ရှိနေပါတယ်။ ဒီအတွက်ကြောင့်မို့လို့ ဒီဟာနဲ့ပတ်သက်ပြီး လုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ လက်ရှိမှာလည်း NLD အဖွဲ့အနေနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူ့ရဲ့ အောင်မြင်မှုအရ ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်လိုတဲ့ဆန္ဒ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ တစ်ဖက်က ကြည့်ရင်တော့ မှန်တာပေါ့။ ဒါပေမဲ့ နိုင်ငံကျတော့ နိုင်ငံရဲ့ တည်ရှိမှု အနေအထားနဲ့ သမိုင်းကြောင်း အနေအထားပေါ် သေသေချာချာ ချိန်ဆပြီးတော့ မှ ကျွန်တော်တို့က လုပ်ရပါတယ်။ ဒီပုဒ်မကို ပြင်နိုင်ဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ရင် ဒီဟာကလည်း တစ်နိုင်ငံလုံးရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ နောက်တစ်ခုကလည်း ဥပဒေဆိုတာ လူတစ်ယောက်တည်းပေါ် မူတည်ပြီး ရေးခြင်းမဟုတ်ဘူး။ ကျွန်တော်တို့ လူအားလုံးအတွက် စဉ်းစားပြီးတော့ရေးတဲ့ဥပဒေဖြစ်တယ်။ ခင်ဗျားတို့ နိုင်ငံမှာလည်း လူတစ်ယောက်ပေါ် မူတည်ပြီး ရေးတဲ့ဥပဒေ မရှိဘူးဆိုတာ ကျွန်တော်တို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း ဥပဒေပြဋ္ဌာန်းတဲ့ အခါမှာ လူတစ်ယောက် အပေါ်မူတည်ပြီးတော့ ရေးတဲ့ ဥပဒေဆိုတာ မရှိပါဘူး။ အားလုံးကို ခြုံပြီးတော့မှပဲ၊ တစ်နိုင်ငံလုံးရဲ့ အခြေအနေပေါ်မူတည်ပြီး တော့မှပဲ ကျွန်တော်တို့ ရေးပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ဆိုတာကတော့သူ့ Procedure အတိုင်းပဲ သွားတာ ပိုကောင်းပါလိမ့်မယ်။ 

Washington Post - အဆွေတော် ပြောချင်တာက မလုပ်ချင်ဘူး၊ သမ္မတ မဖြစ်စေချင်ဘူးဆိုတဲ့ အဓိပ္ပာယ်လား။

ဗိုလ်ချုပ်မှူးကြီး - သူ့ကိုတော့ သမ္မတမဖြစ်စေချင်ဘူး ပြောတာ မဟုတ်ပါဘူး။ ဥပဒေအတိုင်း သွားတာ ပိုကောင်းပါလိမ့်မယ်လို့ ကျွန်တော်ပြောလိုတယ်။

Washington Post - အဆွေတော်အနေနဲ့ အဆွေတော်လက်အောက်မှာ ထိန်းချုပ်ထားတာတွေ အများကြီးရှိပါတယ်။ လက်ရှိလွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာလည်း ၆ ဦးက အဆွေတော်ဘက်ကဖြစ်တယ်။ ၅ ဦးက သူတို့ဘက်က ဖြစ်တယ်။ အလားတူပဲ ဝန်ကြီး ၃ ပါးကိုလည်း အဆွေတော ်ခန့်အပ်နိုင်တယ်။ အဆွေတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းလုပ်ဆောင်မှာလား။ ဒါဆိုရင်ဥပဒေအရဖြစ်နိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ လုပ်တဲ့လုပ်ဆောင်ချက်ပေါ်မှာပဲ အများကြီးတည်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့သည် တကယ်တမ်း ပြောလို့ရှိရင် နိုင်ငံရဲ့အကျိုးပေါ်မှာလည်း မူတည်ပြီးတော့မှ လုပ်ရပါလိမ့်မယ်။ ကျွန်တော့်ဘာသာ ၆ ယောက်ပဲရှိရှိ၊ ၇ယောက်ပဲရှိရှိ၊ ၈ ယောက်ပဲရှိရှိ၊ ခင်ဗျားဘက်မှာ ၊ Majority ပဲ ရှိရှိ ဘာပဲပြောပြော တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စ ရေရှည်အတွက် အကျိုးရှိမယ့်ကိစ္စ ဒါမျိုးဆိုရင်တော့ ဥပဒေနဲ့အညီပဲ ကျွန်တော်တို့ သွားမှာပါ။ ကျွန်တော်တို့က အပေးအယူလုပ်ပြီးတော့မှ လုပ်မယ်ဆိုတာကတော့ နေရာတကာတိုင်း မဖြစ်နိုင်ဘူး။

Washington Post - ဒါဆိုရင်အဆွေတော်က သူနဲ့တွဲပြီးအလုပ်လုပ်နိုင်မယ်လို့ ယူဆထားပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဘာလို့မရရမှာလဲ။

Washington Post - ယုံကြည်မှုရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး -  တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်မယ်ဆိုလို့ရှိရင် ဘာမှ မယုံကြည်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ဒါတွေ အားလုံးကတော့ သူ့ရဲ့စည်းနဲ့ကမ်းနဲ့ ညီညီညွတ်ညွတ်နဲ့ ဖြစ်ရင် ပိုကောင်းတာပေါ့။ တစ်ယောက်တည်းရဲ့  ဆန္ဒကိုလိုက်ပြီးတော့မှ လုပ်နေလို့မရဘူး။ ကျွန်တော်ရဲ့ဆန္ဒကို အတင်း တောင်းဆိုပြီးတော့မှ ဒါကတော့ လုပ်ပါ၊ ပြုပါလို့ သွားပြောလို့ မရဘူး။ ရှေ့နောက် ဒီလိုချိန်ဆပြီးတော့မှ လုပ်တာ ပိုကောင်းလိမ့်မယ်။ ထို့အတူပဲ ခင်ဗျား ဘက်ကလည်း ခင်ဗျားလိုချင်တဲ့ဟာကို အတင်းအဓမ္မ ဇွတ်တရွတ် ပြောလို့တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါကတော့နှစ်ယောက် တကယ်ကောင်းမယ် ဆိုတဲ့ဟာကို ညှိနှိုင်းပြီး လုပ်လို့ရတယ်။ နည်းလမ်း တွေ အများကြီး ရှိပါတယ်။ ဒီဟာ ထွက်ပေါက်တစ်ခုတည်း မဟုတ်ပါဘူး။ ထွက်ပေါက် တွေက အများကြီး ရှိပါတယ်။

Washington Post - ဒါနဲ့ပတ်သက်ပြီး ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်လား။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ဟာကတော့ ပူးပေါင်း မလုပ်လို့၊ သူလည်း ကဏ္ဍကောစ လုပ်လို့မရပါဘူး။ ကျွန်တော်လည်း ကဏ္ဍကောစ လုပ်လို့မရပါဘူး။ ဒါအတူတူ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှ ဖြစ်နိုင်မှာပါ။

Washington Post -  ကျွန်မက သူနဲ့ နှစ်ကြိမ်တွေ့ဖူးပါတယ်။ တော်တော်ဆုံးဖြတ်ချက် ခိုင်မာတဲ့သူ တစ်ယောက်လို့ ကျွန်မ သုံးသပ်မိပါတယ်။ သူ့မှာလည်း သူ့အမြင်တွေရှိသလို အဆွေတော်မှာလည်း အဆွေတော်အမြင်တွေ ရှိပါတယ်။ အဆွေတော်တို့နှစ်ယောက် ဆွေးနွေး ညှိနှိုင်းကြဖို့တော့ ခက်လိမ့်မယ် ထင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - အကျိုးရှိတဲ့ဟာဆိုရင်တော့ ကျွန်တော်တို့ ညှိနှိုင်းပြီးလုပ်မှာပေါ့။

Washington Post - လက်ရှိအခြေအနေအရ ဒီတပ်နဲ့ပတ်သက်တဲ့ဟာဆိုရင် အမေရိကန် နိုင်ငံဟာဆိုရင် အမေရိကန်နိုင်ငံသမ္မတက တပ်နဲ့ပတ်သက်ပြီးတော့ သူကလုပ်ပိုင်ခွင့်ရှိတယ်။ အမေရိကန် နိုင်ငံရဲ့သမ္မတဟာ တပ်ရဲ့ စစ်သေနာပတိအဖြစ် ဆောင်ရွက်ပြီးတော့ တပ်မှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီရွေးကောက်ပွဲပြီးလို့ နောက်ပိုင်း ဒီဘက်ကာလတွေမှာ အဆွေတော် အနေနဲ့ Civilian အရပ်ဖက်ကို Power တွေ လျှော့ချပေးသွားဖို့ အစီအစဉ် ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ ဒီမှာလည်း ခုနကပြောတဲ့ ကျွန်တော်တို့ကျတော့လည်း အလုပ် တစ်ခု လုပ်မယ်ဆိုရင် တပ်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်ဆိုပြီးတော့ ကျွန်တော် တို့ရဲ့ ထုတ်ပြန် ထားတဲ့ ဥပဒေပေါ်မှာပဲ မူတည်ပြီးတော့ ဒီဥပဒေပေါ်မှာ ကျွန်တော်တို့လုပ်ရ၊ ကိုင်ရမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒီမှာကတော့ အဲဒါတွေ ပြောရလို့ရှိရင်လည်း တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာလည်း တည်ပြန်ပါတယ်။ အခုချိန်မှာကတော့ ချက်ချင်းကြီး ဒီလိုဒီလိုတော့ သွားမယ်ဆိုတာကတော့ ဘယ်နေရာမှာမှ မဖြစ်နိုင်သေးပါဘူး။ တဖြည်းဖြည်း ချိန်ဆပြီးတော့မှ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့သွားတာက ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း သွားတာပါ။ ဒါပြည်သူကသွားတဲ့ လမ်းကြောင်းပါ။ ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေချင်ပါတယ်။ ခိုင်ခိုင်မာမာနဲ့ စနစ်တကျ ဖြစ်စေချင်ပါတယ်။ ဒီလိုစနစ်တကျ ဖြစ်သွားမယ်ဆိုရင် သင့်တော်တဲ့ တစ်ချိန်ချိန်ကျရင် ခင်ဗျားပြောတဲ့ အဓိပ္ပာယ်ကို ရောက်သွားနိုင်ပါတယ်။

Washington Post - အဆွေတော်ပြောတာကို ကျွန်မပြန်ပြီး မှားမှာစိုးလို့ပြောရရင် တစ်နေ့ တိုင်းပြည် အခြေအနေတည်ငြိမ်ပြီး စနစ်တကျရှိမယ်ဆိုရင် Civilian Power ပိုပေးမယ်ဆိုတာကို ဖြေတာပါလား။

ဗိုလ်ချုပ်မှူးကြီး - ဒီအတိုင်းပါပဲ။

Washington Post - တိုင်းပြည်တည်ငြိမ်ဖို့အတွက် တိုင်းတာရာမှာ အဆွေတော်မှာ အတိုင်း အတာတော့ ရှိမှာပါ။ ဘယ်လိုအခြေအနေမျိုးကို ဆိုလိုပါသလဲ။ Cease-fire ကို ပြောတဲ့ အခြေအနေမျိုးလား။ ဒါလေးကိုသိချင်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး - အများကြီးပါပဲ။ နံပါတ်တစ် အချက်ကတော့ ခင်ဗျားခုနကပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာတွေ တကယ်ကို အေးချမ်းသွားဖို့ လိုပါတယ်။ တကယ်လည်း ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့မှာ ပါတီစုံဒီမိုကရေစီ အတွေ့အကြုံလည်း မရှိပါဘူး။ မရှိတဲ့အခါကျတော့ ဒီအပေါ်မှာလည်း ကျွန်တော်တို့ တကယ်ကိုနားလည်ပြီးတော့ တကယ်လိုလားတဲ့ဟာတွေ ဖြစ်ဖို့လိုပါတယ်။

ကျွန်တော်တို့အခု ဖြတ်သန်းလာရတဲ့ ၅ နှစ်လောက်အတွင်းမှာ ကျွန်တော်ကြည့်တဲ့အချိန်မှာ တကယ်တမ်းတော့ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို တကယ်ကို မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်တဲ့ အနေအထား မျိုးကတော့ ကျွန်တော်တို့စိတ်ချလက်ချ ကျွန်တော်မတွေ့ဘူး။ နံပါတ်နှစ် အချက်ပေါ့။

နောက်နံပါတ်သုံး အချက် ကတော့ တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ ဒီတစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်လွဲမှားမှုတွေ လည်းရှိတယ်။ ခင်ဗျားပြောတဲ့ လက်နက်ကိုင် ပဋိပက္ခတွေတင်မဟုတ်ဘူး တိုင်းရင်းသားတွေ စိတ်ထဲမှာလည်း တချို့ တိုင်းရင်းသားတွေက အားငယ်တဲ့စိတ်တွေရှိတယ်။ တချို့တိုင်းရင်းသားကျ တော့လည်း ဒီလိုမျိုး မဟုတ်ဘူးပေါ့။ အားငယ်တဲ့စိတ်တွေမဟုတ်ဘဲနဲ့ တချို့ဆိုရင် အစိုးရပေါ်မှာလည်း မကောင်းတဲ့အမြင်လေး တွေ မြင်တာလည်းရှိတယ်။

 ဒါတွေ ကျွန်တော်တို့က အကုန်လုံး မှန်မှန်ကန်ကန်နဲ့ မျှမျှတတနဲ့ ရှိနေတယ် ဆိုတဲ့ဟာကို အခြေအနေရောက်အောင် ကျွန်တော်တို့ ထိန်းပေးဖို့လိုပါတယ်။ ဒီလိုမျိုး အဆုံးစွန်လုပ်ရမယ် ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ သို့သော်လည်း သူတို့လက်ခံနိုင်တဲ့ အခြေအနေမျိုးအထိ ကျွန်တော်တို့ ရောက်ဖို့လည်းလိုတယ်။ အဲဒါမျိုးဆိုလို့ရှိရင် တိုင်းပြည်က ခုနကပြောသလို တည်ငြိမ်အေးချမ်းမှုရှိပြီလို့ ကျွန်တော်ပြောလို့ရပါတယ်။

Washington Post -  အစိုးရနဲ့ Ethnic Group တွေကြားထဲမှာလား၊ Ethnic Group အချင်းချင်း ကြားထဲမှာ နားလည်မှုမရှိတာလား။

ဗိုလ်ချုပ်မှူးကြီး- Ethnic Group အချင်းချင်းမှာလည်း နားလည်မှု မရှိတာလည်းပါတယ်။ အစိုးရနဲ့ နိုင်ငံတော်အပေါ်မှာလည်း နားလည်မှု မရှိတာလည်း ပါတယ်။ အကုန်လုံးပါတယ်။

 

Washington Post-  Peace Process နဲ့ပတ်သက်ပြီး ဆိုလိုတာပါလား။

ဗိုလ်ချုပ်မှူးကြီး- Peace Process လည်းပါပါတယ်။ အများကြီးပါပဲ။ ဒါကြောင့် ခုနက ပြောတယ်။ အကြောင်းအရာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူးလို့ ကျွန်တော် ပြောတာပါ။ 

Washington Post - ကျန်တဲ့အဖွဲ့တွေရော ပါဝင်မှုရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ပါဖို့လည်း လိုပါတယ်။ ကျန်တဲ့ ၈ ဖွဲ့လည်းပါဖို့လိုပါတယ်။ ဒါ့အပြင် အခြား တိုင်းရင်းသားတွေ အကုန်လုံးက နားလည်မှုရှိဖို့လည်း လိုပါတယ်။

Washington Post - ကျန်တဲ့အဖွဲ့တွေရော အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လာဖို့ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဒါလည်း အဓိကလိုပါတယ်။ 

Washington Post - ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေအပေါ် ဘယ်လိုမြင်ပါသလဲ။ အမေရိကန် မှာတော့ ရိုဟင်ဂျာတွေကို နိုင်ငံမဲ့တွေလို့ ပြောနေကြတယ်။ မြန်မာနိုင်ငံမှာလည်း သူတို့ကို ဒုက္ခသည်စခန်း တွေမှာ ပို့ထားတယ်။ အခုလို ပြုလုပ်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ အမြင်ကို သိပါရစေ။

ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ်အချက် ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဘင်္ဂါလီ ပဲရှိတာ။ ကျွန်တော်တို့ ရိုဟင်ဂျာ အသိအမှတ်မပြုပါဘူး။ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာ ဆိုတာမရှိဘူး။ သို့သော်လည်းပဲ ဒီဟာတွေကို သူတို့ဘာသာသူတို့ ရိုဟင်ဂျာလို့ သတ်မှတ် ထားတာပေါ့။ ဒီလူတွေဟာ ကျွန်တော်တို့နိုင်ငံ တိုင်းရင်းသားတွေ မဟုတ်ဘူး။ အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံလို့ ခေါ်တဲ့ နိုင်ငံကနေ ၁၈၂၄ ခုနှစ် ရခိုင်ဒေသ အင်္ဂလိပ်ရဲ့ ကိုလိုနီဖြစ်တဲ့ နောက်ပိုင်းမှာ ရောက်လာတဲ့အများစုဖြစ်ပါတယ်။ အားလုံးကို ကျွန်တော် မဆိုလိုဘူး။ ဒါပေမဲ့အများစုက အဲလိုဖြစ်ပါတယ်။

ဒါတွေက အရင်တုံးက ပြောရင်လည်း အရှေ့ဘင်္ဂလားနယ်လိုခေါ်တာပေါ့။ အဲဒီလူတွေက ဒီမှာလာပြီးတော့မှ ပေါက်ဖွားလာတဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေရှိတယ်။ နိုင်ငံသားဥပဒေနဲ့ ကျွန်တော်တို့ စိစစ်ပြီးလို့ရှိရင် သူရဲ့နိုင်ငံသားအနေနဲ့ လျှောက်ထား ပိုင်ခွင့် ရှိတဲ့သူတွေကတော့ နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိပါလိမ့်မယ်။ ဒီဥပဒေအရ လက်ခံမယ်လို့ ကျွန်တော်တို့ပြောပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကို မစစ်ဆေး ရသေးတဲ့အချိန်မှာတော့ သူတို့နဲ့ သင့်တော်တဲ့ တစ်နေရာမှာ စုစည်းထားပါတယ်။

ကျွန်တော်တို့ ကောင်းကောင်းသူတို့ကို ကျွေးမွေးထားပါတယ်။ ကျွန်တော်တို့ဘာမှလည်း သူတို့ကိုနှိပ်စက် ညှဉ်းပန်းခြင်းမရှိဘူး။ တကယ်လို့များ ခင်ဗျားတို့ အကြောင်းညီညွတ်လို့ ရောက်ခဲ့တယ်ဆိုရင်လည်း ခင်ဗျားတို့တွေ့ပါလိမ့်မယ်။ အဲဒီလူတွေအခြေအနေ ခင်ဗျားတို့ တွေ့ပါလိမ့်မယ်။ မြန်မာနိုင်ငံအနှံ့ တစ်နိုင်ငံလုံးမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ သူတွေ အများကြီးရှိပါတယ်။ သူတို့ဒီဟာလေးတင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတယ်။ နေပြည်တော်မှာ လည်းရှိတယ်။ ရန်ကုန်မှာလည်းရှိတယ်။ မန္တလေးမှာလည်းရှိတယ်။ ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ဘာမှ ခွဲခြားထားတာမရှိပါဘူး။ သို့သော်ဒီစည်းကမ်းနဲ့မညီတဲ့ ဟာကိုတော့ ကျွန်တော်တို့စိစစ်ဖို့တော့လိုတယ်။ စိစစ်ဖို့အတွက် ဒီလိုထားခိုင်းတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly