ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် ငုယင်ဖူးကျောင့်ကို ပြန်လည် ရွေးကောက်တင်မြှောက်  

ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် ငုယင်ဖူးကျောင့်ကို ပြန်လည် ရွေးကောက်တင်မြှောက်  

 ဇန်နဝါရီ ၃၁ 

ဗီယက်နမ်နိုင်ငံ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲအဖြစ် ငုယင်ဖူးကျောင့်ကို တနင်္ဂနွေနေ့မှာ ပြန်လည် ရွေးကောက် တင်မြှောက်လိုက်တာကြောင့် ဒီလို ရွေးကောက်ခံ အောင်ပွဲဆင်နိုင်တာဟာ သူ့အတွက် ဆယ်စုနှစ်များစွာအတွင်းမှာ ဩဇာအကြီးဆုံး ခေါင်းဆောင် ဖြစ်စေပါတယ်။  

ဒါပေမဲ့ နိုင်ငံတွင်းမှာ ဆိုးဆိုးဝါးဝါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အခြေအနေက သူ့ရဲ့ အောင်မြင်မှုကို အရိပ်ဖုံးလွှမ်းထားပါတယ်။  

အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်ပြီး တရုတ်ကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ် တစ်ဦးဖြစ်တဲ့ ငုယင်ဖူးကျောင့်ဟာ ကျန်းမာရေး ဆိုးဝါးနေတယ်ဆိုပြီး ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာပါ။ ဆယ်နှစ်မှာ နှစ်ကြိမ် ကျင်းပတဲ့ ကွန်မြူနစ်ပါတီ ညီလာခံ တံခါးပိတ် အစည်းအဝေးတွေ သီတင်းပတ်ကြာ ကျင်းပအပြီးမှာ ခုလို ပြန်လည် ရွေးကောက်ခံရတာမို့ သူ့အနေနဲ့ ပါတီ အကြီးအကဲအဖြစ် တတိယမြောက် သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပြီး ခေတ်သစ် ဗီယက်နမ်မှာ မကြုံဖူးတဲ့ ဖြစ်စဉ်လည်းပဲ ဖြစ်ပါတယ်။  

“တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကွန်မြူနစ်ပါတီဝင် ရဲဘော် ငုယင်ဖူးကျောင့်ကို (၁၃) ကြိမ်မြောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပါတယ်” ဆိုပြီး Vietnam News Agency သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။  

ငုယင်ဖူးကျောင့်အတွက် ထိပ်တန်းရာထူးက နောက်ထပ် တာဝန်ကြီးတစ်ရပ်ကတော့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ထပ်ပြီးအရှိန်မြှင့် ဖော်ဆောင်သွားဖြစ်ဖို့ ရှိနေတာပါ။ ‘ချစ်ချစ်တောက် မီးပြင်းဖို’ လို့ တရားဝင် အမည်ပေးထားတဲ့ အဲဒီ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပါတီတွင်း၊ ရဲဌာနနဲ့ စစ်တပ်ကြားမှာ ဆောင်ရွက်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။  

“ငုယင်ဖူးကျောင့်ဟာ သူ့ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု နယူးဆောက်သ်ဝေးလ် တက္ကသိုလ်က အငြိမ်းစား ပါမောက္ခနဲ့ ဗီယက်နမ်အရေး ကျွမ်းကျင်သူ ကားလ်တေယာက ပြောပါတယ်။  

နိုင်ငံအနှံ့က နယ်ပယ်စုံ ကဏ္ဍတိုင်းလိုမှာ အကျင့်ပျက်ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေချိန် ငုယင်ဖူးကျောင့်ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ဟာ ဗီယက်နမ်ပြည်သူတွေနဲ့ ပါတီဝင်တွေကြားမှာ အများထောက်ခံတဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။  

ဒါပေမဲ့ အစိုးရကို ဆန့်ကျင်သူတွေအတွက်က ပြီးခဲ့တဲ့ ငါးနှစ်တာဟာ အတိုက်အခံတွေကို အရှိန်မြှင့် နှိပ်ကွပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကာလတွေပဲ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သုတေသီတွေက ပြောပြပါတယ်။   

ငုယင်ဖူးကျောင့်ဟာ သူရဲ့ အခု တတိယသက်တမ်းမှာ သဘောထား ကွဲလွဲသူတွေကို ဖြိုခွင်းမှုတွေ ရှေ့တိုး လုပ်ဆောင်လာနိုင်တယ်လို့လည်း ၎င်းတို့က သတိပေးကြပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly