တောင်သူများ အစာငတ်ခံဆန္ဒပြစဉ် အိန္ဒိယအာဏာပိုင်များက နယူးဒေလီအနီး အင်တာနက် ပိတ်

တောင်သူများ အစာငတ်ခံဆန္ဒပြစဉ် အိန္ဒိယအာဏာပိုင်များက နယူးဒေလီအနီး အင်တာနက် ပိတ်

ဇန်နဝါရီ ၃၁

အိန္ဒိယတွင် စိုက်ပျိုးရေး ဥပဒေသစ်များကို ဆန့်ကျင်သောအားဖြင့် ရာနှင့်ချီသော တောင်သူများသည် တစ်ရက်တာ အစာငတ်ခံဆန္ဒပြမှုကို လုပ်ဆောင်နေစဉ် နယူးဒေလီဝန်းကျင်၌ မိုဘိုင်းအင်တာနက် ဝန်‌ဆောင်မှုများကို အာဏာပိုင်တို့ ပိတ်ပင်ဖြတ်တောက်ထားခဲ့သည်။

“အများပြည်သူ ဘေးကင်းရေး ထိန်းသိမ်းရန်” အတွက် မြို့တော် အစွန်အဖျားရှိ နေရာသုံးခုတွင် အင်တာနက် ဝန်ဆောင်မှုများကို ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီအထိ ရပ်ဆိုင်းထားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

အိန္ဒိယ အာဏာပိုင်များသည် ဆူပူအုံကြွမှု ဖြစ်မည်ဟု ၎င်းတို့ ယုံကြည့်သည် အချိန်များတွင် ပြည်တွင်း အင်တာနက် ဝန်ဆောင်မှုများကို မကြာခဏ ပိတ်ပင်လေ့ ရှိသည်။ သို့သော် မြို့တော်တွင် ယခုကဲ့သို့ ပိတ်ပင်မှုက တစ်မူထူးခြားနေသည်။

လူများ ပိုမိုစု‌ဝေးလာနိုင်မှုကနေ တားဆီးရန် အစိုးရက အင်တာနက် ပိတ်ထားခဲ့ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဘဟာဗက်ရှ် ယာဒက်ဗ်က ပြောသည်။

“ဒီ ဆန္ဒပြနေရာမှာ လူတွေ တိုးလာနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို ထောက်ခံပံ့ပိုးဖို့အတွက် လူတွေ ထပ်ခေါ်လို့ မရနိုင်တော့အောင်လို့ အစိုးရက ဒီလိုမျိုး လုပ်ရပ်ကို လုပ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

“ဒါက ဒီမိုကရေစီကို သတ်နေတာပါ၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ဖိနှိပ်ခံနေရပါတယ်၊ ကျွန်တော်တို့စု‌ဝေးရာ အရပ်ကို လူတွေ ထပ်ပြီး ခေါ်ယူစုဝေးဖို့ဆိုတာက ကျွန်တော်တို့ရဲ့ အခွင့်အရေးပါ၊ ဒါပေမယ့် နိုင်ငံရဲ့ ကျန်တဲ့နေရာအသီးသီးက လူတွေ ဒီကို ရောက်လာမှာကို ကြောက်လို့ အစိုးရက အင်တာနက် ဖြတ်ပြီး ခုလို ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးပမ်းနေတာပါ” ဟုလည်း ၎င်းက ပြောခဲ့သည်။

အိန္ဒိယတွင် တောင်သူလယ်သမားများသည် နှစ်လကျော်ကြာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပြီး ထိုဆန္ဒပြပွဲများသည် ၂၀၁၄ ခုနှစ်က စတင် အာဏာရထားခဲ့သော ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ အစိုးရအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာနေခဲ့သည်။

၎င်းတို့သည် ယမန်နှစ် စက်တင်ဘာက ပါလီမန်က အတည်ပြုခဲ့သော စိုက်ပျိုးရေးဥပဒေများ ပြန်လည် ရုပ်သိမ်းရေးအတွက် တောင်းဆို ဆန္ဒပြနေကြခြင်း ဖြစ်သည်။ အစိုးရ၏ ထိုဥပဒေများက အရွယ်အစားကြီး ကော်ပိုရေးရှင်းများကို အခွင့်အရေးပေးထားပြီး တောင်သူ အများအပြား၏ ဝင်ငွေရရှိမှုအပေါ် အကြီးအကျယ် ထိခိုက်စေလိမ့်မည်ဟု တောင်သူများက ‌ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly