အာဖဂန်မှာ စစ်စခန်းကို အသေခံကားဗုံးခွဲလို့ လုံခြုံရေးတပ်သား ၈ ဦး သေဆုံး

အာဖဂန်မှာ စစ်စခန်းကို အသေခံကားဗုံးခွဲလို့ လုံခြုံရေးတပ်သား ၈ ဦး သေဆုံး
Photo - AFP

ဇန်နဝါရီ ၃၁

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းက စစ်စခန်းတစ်ခုဆီ စနေနေ့က ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစ်စီး မောင်းဝင်လာပြီး အသေခံဗုံးခွဲတာကြောင့် လုံခြုံရေးတပ်သား ရှစ်ဦး သေဆုံးပြီး အခု တိုက်ခိုက်မှုကို တာလီဘန်က ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ ကြေညာထားပါတယ်။

တာလီဘန်တွေက အစိုးရတပ်တွေကို ပစ်မှတ်ထားပြီး မကြာခဏ တိုက်ခိုက်မှုတွေ ကျူးလွန်နေတာကြောင့် တည်ငြိမ်မှု ကင်းမဲ့နေတဲ့ နန်ဂါဟာပြည်နယ်မှာ အရုဏ် မတက်ခင်က အခု အသေခံကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားတာပါ။

ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ ဖြန်ဖြေမှုနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီမှုက ကတိကဝတ်တွေကို တာလီဘန်တွေက မလိုက်နာဘူးဆိုပြီး ပင်တဂွန်က ပြောဆိုခဲ့ပြီး နှစ်ရက်မြောက်မှာ အခု တိုက်ခိုက်မှု ဖြစ်တာပါ။ အဆိုပါ သဘောတူညီချက်မှာ တာလီဘန်တွေအနေနဲ့ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ အယ်လ်ခိုင်ဒါတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ရေး စတဲ့ ကတိကဝတ်တွေ ပါဝင်တာ ဖြစ်ပါတယ်။

ဟမ်းဗီးဂျစ်ကားနဲ့ ဗုံးခွဲသူဟာ စစ်စခန်းကို ဝင်တိုက်ပြီး ဖောက်ခွဲတာကြောင့် ရှစ်ဦး သေဆုံးတယ်လို့ နန်ဂါဟာ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပါတယ်။

နန်ဂါဟာပြည်နယ်ကောင်စီ ဒုတိယ အကြီးအကဲ အက်ဂျမယ်အိုမာက တိုက်ခိုက်မှု ဖြစ်ပွားတာကို အတည်ပြုပေမဲ့ သေဆုံးစစ်သား ၁၅ ဦး ရှိပြီး ဒဏ်ရာရသူ ငါးဦး ရှိတယ်လို့ ပြောပါတယ်။

ဒီ တိုက်ခိုက်မှုကို မိမိတို့ အုပ်စု လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ဆိုပြီး တာလီဘန် ပြောခွင့်ရသူ ဇာဘီဟူလက်ရှ်က ဆိုပါတယ်။

နန်ဂါဟာပြည်နယ်ရဲ့ ဂျာလာလာဘတ် မြို့တော်နားမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ နောက်ထပ်ကားတစ်စီးကို လုံခြုံရေးတပ်တွေ ဖမ်းဆီးမိတယ်လို့ အစိုးရရုံးက ထုတ်ပြန်ပါတယ်။

နန်ဂါဟာပြည်နယ်မှာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ကလည်း လူအသေအဆုံးများတဲ့ တိုက်ခိုက်မှုတွေ မကြာသေးခင်က ကျူးလွန်ထားခဲ့ပါတယ်။

သီးခြားအနေနဲ့ မြို့တော် ကဘူးလ်မှာ စနေနေ့ကပဲ လမ်းဘေးဗုံး နှစ်လုံး ပေါက်ကွဲမှုဖြစ်ပေမဲ့ သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

စက်တင်ဘာလအတွင်း တာလီဘန်တွေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်လာချိန်မှာပဲ အာဖဂန်နိုင်ငံအနှံ့ တိုက်ခိုက်မှုတွေ တိုးပြီး ဖြစ်ပွားလာခဲ့ပါတယ်။ ဆွေးနွေးပွဲတွေဟာလည်း အောင်မြင်မှု တစ်စုံတစ်ရာ ရရှိသေးခြင်း မရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly