ပြင်သစ်မှာ လုံခြုံရေးဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲက မီးသတ်ပိုက်တွေသုံး ဖြိုခွင်း

ပြင်သစ်မှာ လုံခြုံရေးဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲက မီးသတ်ပိုက်တွေသုံး ဖြိုခွင်း
Photo - AFP

ဇန်နဝါရီ ၃၁

ပြင်သစ်နိုင်ငံမှာ အဆိုပြုထားတဲ့ ‘ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဥပဒေ’ ကို ဆန့်ကျင်ပြီး ပါရီက ပဲလေ့စ်ဒီလာရီ ပြည်သူ့ရင်ပြင် စုရုံးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲပါတယ်။ ဆန္ဒပြပွဲအသွင်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ ရဲနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။

ရဲတွေရဲ့ လူမဆန်တဲ့ ပြုမူမှုတွေကို ဗီဒီယိုရိုက်တာ၊ ဓာတ်ပုံရိုက်တာတွေကို ကန့်သတ် ချုပ်ချယ်တာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဆိုကြတဲ့ အခု လုံခြုံရေးဥပဒေကြမ်းအပေါ်  ပြင်သစ်မြို့မှာ ဒါဇင် တော်တော်များများမှာလည်း စနေနေ့က ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။ ဒါတင်မကဘဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေကိုလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ဒီလို ပူးပေါင်းဆန္ဒပြမှုတွေမှာ လွန်ခဲ့တဲ့ တစ်နှစ်က နိုင်ငံနဲ့အဝန်း အရှိန်အဟုန်နဲ့ ပေါ်ပေါက်ခဲ့တဲ့ စီးပွားရေး ညီမျှရေးအတွက် လှုပ်ရှားမှုဖြစ်တဲ့ အင်္ကျီအဝါရောင်ဝတ် လှုပ်ရှားမှုက တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အင်္ကျီဝါဝတ် လှုပ်ရှားမှုဟာ ကပ်ဘေးကြောင့် အကြီးစား ဆန္ဒပြတာတွေကို တားမြစ်ပိတ်ပင်မိန့်တွေ ပြဋ္ဌာန်းလိုက်တဲ့နောက်မှာ အရှိန်သေသွားခဲ့ရတဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

အချို့ဆန္ဒပြသူတွေကတော့ ကိုရိုနာ‌ဗိုင်းရပ်စ် မပျံ့နှံ့အောင် ပြဋ္ဌာန်းထားတဲ့ တားမြစ်ချက်တွေကြောင့် နေ့စဉ်လူမှုဘဝတွေ ကန့်သတ်ခံရတာအပေါ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကြား လူငယ်အုပ်စုတွေက ပါတီပွဲတွေ ကျင်းပခွင့်ကို တောင်းဆိုကြပါတယ်။

“ကျွန်တော်မှာ အကြောင်းပြချက် နှစ်ချက်ပဲ ရှိတယ်။ တစ်ခုက ဒီ လုံခြုံရေးဥပဒေကို ကန့်ကွက်ဖို့နဲ့ နောက်တစ်ခုကတော့ ထုံးစံမပျက်တဲ့ လူမှုဘဝ ရရှိဖို့အတွက် ဖြစ်တယ်” ဆိုပြီး အသက် ၂၄ နှစ်ရှိ အစိုးရအလုပ်သင် ဝန်ထမ်းဖြစ်တဲ့ ကင်က ဆိုပါတယ်။

“စတိုးဆိုင်တွေ တော်တော်များများ ပြန်ဖွင့်နေပြီ၊ မြေအောက်ရထားတွေလည်း ပြန်ပြေးဆွဲနေပြီပဲ။ ဒါပေမဲ့ ပွဲလမ်းသဘင်တွေကိုတော့ ပိတ်ထားဆဲ ဖြစ်တယ်။ ကျွန်မတို့တွေ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ပါတယ်ဆိုတဲ့ ကြားကပဲ ပိတ်ထားတာ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

ဆန္ဒပြသူတွေ အနေနဲ့ကတော့ ရဲတွေရဲ့ ပြုမူလုပ်ဆောင်ချက်တွေကို ဗီဒီယို၊ ဓာတ်ပုံရိုက်တာကို တားမြစ်ပိတ်ပင်လိမ့်မှာ ဖြစ်တဲ့ ဥပဒေကြမ်းအပေါ်  ကန့်ကွက်ဆန္ဒပြနေကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ပါရီက စတူဒီယိုတစ်ခုမှာ ဂီတထုတ်လုပ်သူ လူမည်းတစ်ဦးကို လူဖြူရဲက ရိုက်နှက်နေတဲ့ ဗီဒီယို ထွက်ပေါ်ခဲ့ပြီးနောက်မှာ စိတ်ဆိုးဒေါသထွက်ကြပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly