မိခင်၏ရုပ်အလောင်းကို အေးခဲသေတ္တာအတွင်း ၁၀ နှစ်ကြာ ဖွက်ထားခဲ့သည့် ဂျပန်အမျိုးသမီး ထိန်းသိမ်းခံရ

မိခင်၏ရုပ်အလောင်းကို အေးခဲသေတ္တာအတွင်း ၁၀ နှစ်ကြာ ဖွက်ထားခဲ့သည့် ဂျပန်အမျိုးသမီး ထိန်းသိမ်းခံရ

ဇန်နဝါရီ ၃၀

ဂျပန်အမျိုးသမီးတစ်ဦးသည် သေဆုံးမိခင်၏ ရုပ်အလောင်းကို ၎င်းတိုက်ခန်းရှိ အေးခဲသေတ္တာအတွင်း၌ ၁၀ နှစ်ကြာမျှ ဖွက်ထားခဲ့ပြီး သေဆုံးကြောင်းသိပါက အိမ်ရာမှနှင်ထုတ်ခံရမည်စိုးသဖြင့် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲများကို ပြောပြခဲ့သည်ဟု ဒေသမီဒီယာများက ဇန်နဝါရီ ၃၀ ရက်တွင်ဖော်ပြခဲ့ကြသည်။ 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တိုကျိုတိုက်ခန်းရှိ အေးခဲသေတ္တာအတွင်း၌ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် အသက် ၄၈ အရွယ် ယူမီယိုရှိနိုအား အလောင်းကို ဖွက်ထားမှု၊ စွန့်ပစ်မှု သံသယတို့ဖြင့် ထိန်းသိမ်းထားသည်ဟု ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ယိုရှိနိုသည် လွန်ခဲ့သော ၁၀ နှစ်က သူမ၏မိခင်သေဆုံးပြီးနောက် အိမ်ရာမှ နှင်ထုတ်ခံရမည်စိုးသဖြင့် အလောင်းကို ဖွက်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိခင်ဖြစ်သူသည် သေဆုံးသည့်အချိန်က အသက် ၆၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ၎င်းအမည်ဖြင့် မြူနီစီပယ်အိမ်ရာရှိ တိုက်ခန်းကို ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု Kyodo သတင်းဌာနက ဖော်ပြထားသည်။

ယိုရှိနိုသည် တိုက်ခန်းငှားရမ်းခများမပေးနိုင်တော့သည့်နောက်ပိုင်း ဇန်နဝါရီလလယ်က အဆိုပါတိုက်ခန်းမှ နှင်ထုတ်ခံခဲ့ရကာ စတိုခန်းငယ်အတွင်းဖွက်ထားသည့် အေးခဲသေတ္တာအတွင်းရှိ ရုပ်အလောင်းကို သန့်ရှင်းရေးသမားက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ရင်ခွဲစစ်ဆေးမှုအရ သေဆုံးရသည့်အကြောင်းရင်းနှင့်အချိန်ကို မဆုံးဖြတ်နိုင်သေးဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly