ဟောင်ကောင်နေ ဗြိတိန်နိုင်ငံသား(ပြည်ပရောက်) ပတ်စ်ပို့ကို တရုတ်က အသိအမှတ်မပြုဆို၍ ဆန္ဒပြမှု ဖြစ် 

ဟောင်ကောင်နေ ဗြိတိန်နိုင်ငံသား(ပြည်ပရောက်) ပတ်စ်ပို့ကို တရုတ်က အသိအမှတ်မပြုဆို၍ ဆန္ဒပြမှု ဖြစ် 
Photo - AFP

ဇန်နဝါရီလ ၃၀ ၊ ၂၀၂၁

ဟောင်ကောင်မှာ နေထိုင်သူတွေအတွက် ဗြိတိန်နိုင်ငံသား(ပြည်ပရောက်) BNO ပတ်စ်ပို့ကို ရေရှည်မှာ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ပြောလိုက်တဲ့နောက်မှာ ဟောင်ကောင်က ဗြိတိန်ကောင်စစ်ဝန်ရုံးရှေ့ သောကြာနေ့မှာ ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။  

ဟောင်ကောင်မှာ တရုတ်က လုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဖြိုခွင်းတာတွေ လုပ်ဆောင်လာတဲ့နောက်မှာ ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်နေပြည်သူ သန်းပေါင်းများစွာကို ဗြိတိန်ဟာ သူ့နိုင်ငံမှာ လက်ခံဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။  

ဟောင်ကောင်ကနေ ထွက်ခွာလာလိုသူတွေကို ကာလရှည်နေထိုင်ခွင့် ပေးမယ်လို့ ဗြိတန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်အစိုးရက ကတိပေးလိုက်ပြီးနောက်မှာ တရုတ်ဟာ အခု BNO ပတ်စ်ပို့ကို ရေရှည်အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုပြီး ပြောလာခဲ့တာလည်း ဖြစ်ပါတယ်။  

၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို လက်လွှဲပေးခဲ့ရချိန်မှာ ကျန်ရစ်တဲ့ အမွေအနှစ်တစ်ရပ်ဖြစ်နေတဲ့ BNO ပတ်စ်ပို့ ကိုင်ဆောင်သူတွေအနေနဲ့ ဗြိတိန်မှာ ငါးနှစ် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကို တနင်္ဂနွေနေ့ကစပြီး လျှောက်ထားနိုင်တော့မှာဖြစ်ကာ နောက်ဆုံးမှာ နိုင်ငံသားဖြစ်ခွင့်ပါ လျှောက်ထားနိုင်ကြမှာ ဖြစ်ပါတယ်။  

“ကျွန်တော်တို့ နိုင်ငံမှာ ဟောင်ကောင်က BNO ပတ်စ်ပို့ ကိုင်ဆောင်သူတွေကို နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ အခြေချခွင့် ပေးရမှာအတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။”ဆိုပြီး ထုတ်ပြန်ချက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က ဆိုထားပါတယ်။  

BNO ပတ်စ်ပို့ ကိုင်ဆောင်သူတွေအနေနဲ့ အရင်ကဆို ဗြိတိန်မှာ ခြောက်လထဲ လည်ပတ်ခွင့် ကန့်သတ်သတ်မှတ်ခံရတာဖြစ်ပြီး အလုပ်လုပ်ခွင့်နဲ့ အခြေချခွင့်လည်း ရှိခဲ့တာ မဟုတ်ပါ။  

ဗြိတိန်က ခုလို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပါ ပေးလာတဲ့ အပြောင်းအလဲ ဖော်ဆောင်လာတာကို တရုတ်ဟာ သောကြာနေ့မှာ တန်ပြန်တုံ့ပြန်လာခဲ့ပါတယ်။  

“ဇန်နဝါရီ ၃၁ ရက်ကစလို့ တရုတ်နိုင်ငံအနေနဲ့ BNO ပတ်စ်ပို့ကို ခရီးသွားမှတ်တမ်းမှတ်ရာနဲ့ မှတ်ပုံတင်မှတ်တမ်းမှတ်ရာအဖြစ် အသိအမှတ်ပြုတော့မှာ မဟုတ်ပါ။”ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျို့လီကျန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  

“ဗြိတိန်နိုင်ငံဟာ ဟောင်ကောင်က နေထိုင်သူ တော်တော်များများကို ဒုတိယတန်းစား ဗြိတိန်နိုင်ငံသားအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာပဲ။ ဗြိတိန်အပေါ် တရုတ်က ယုံကြည်ခဲ့မိတာအတွက်လည်း ခံပြင်းစရာကောင်းတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။”ဆိုပြီး သူက ပြောခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly