ရှိဆဲ ခြိမ်းခြောက်မှုတွေကြောင့် ဝါရှင်တန်မှာ အမျိုးသားအစောင့်တပ်ကို မတ်လအထိ တပ်ချထားမည် 

ရှိဆဲ ခြိမ်းခြောက်မှုတွေကြောင့် ဝါရှင်တန်မှာ အမျိုးသားအစောင့်တပ်ကို မတ်လအထိ တပ်ချထားမည် 
Photo - AFP

ဇန်နဝါရီလ ၃၀ ၊ ၂၀၂၁

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်းဟာ ဝါရှင်တန်ဒီစီက လွှတ်တော်ရေးရာအဆောက်အအုံ Capitol မှာ တပ်ချထားတဲ့ အမျိုးသားအစောင့်တပ်တွေဆီ လာရောက်လည်ပတ်ခဲ့ပါတယ်။ 

အဲဒီလို လာရောက်လည်ပတ်ရာမှာ ဝန်ကြီး အော်စတင်းက “ခုနေမှာ အိမ်ပြန်ဖို့ မလွယ်သေးဘူး၊ ဒီကနေ ထွက်ခွာလို့ မဖြစ်သေးဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ဟာ ဒီနိုင်ငံကိုယ်စား ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နေကြရတာ ဖြစ်တယ်။”ဆိုပြီး စစ်သားတွေကို ပြောခဲ့ပါတယ်။ 

သမ္မတ ကျမ်းသစ္စာဆိုပွဲအတွက် တပ်ဖြန့်ထားတဲ့ ထောင်နဲ့ချီတဲ့ အမျိုးသားအစောင့်တပ် တပ်သားတွေကို ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုပြီး FBI ရဲ့ သတင်းပေးချက်အရ မတ်လအထိ ဆက်လက်တပ်စွဲထားမယ်လို့ ပင်တဂွန်က ဆိုပါတယ်။ 

ခြိမ်းခြောက်မှုတွေ ဖြစ်နိုင်တယ်လို့ ပင်တဂွန်တာဝန်ရှိသူတွေက ပြောပေမဲ့ အသေးစိတ်တော့ မဆိုဘဲ FBI ရဲ့ သတင်းပေးချက်အရသာ ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေဟာ ဇန်နဝါရီ ၆ ရက်က လွှတ်တော်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာဖို့ ရှိနေတာနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ စိုးရိမ်ပူပန်မှုတွေ ဆက်ပြီး ရှိနေဆဲ ဖြစ်ပါတယ်။ 

ဒါအပြင် ဖေဖော်ဝါရီ ၈ ရက်ကစပြီး ထရမ့်ကို အပြစ်ရှိကြောင်း စွဲချက်တင်ဖို့ စတင်မယ့် အကြိုကာလလည်း ဖြစ်နေပါတယ်။ 

လာမယ့် သီတင်းပတ်တွေမှာ ဝါရှင်တန်မှာ ပြုလုပ်မယ့် အခမ်းအနားပွဲအချို့မှာ ဆူပူမှုဘေးတွေလည်း ဖြစ်နိုင်ခြေရှိနေတယ်လို့ ယာယီစစ်တပ်အတွင်းဝန် ဂျွန်ဝှိုက်လေးက ပြောပါတယ်။ 

ဆန္ဒပြမှုတွေကို မလိုမုန်းထားသူတွေက ဆင်နွှဲလာမှာ အခြား ပြဿနာတွေ ဖန်တီးလာမှာကို လုံခြုံရေးတာဝန်ရှိသူတွေက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ 

လူ ငါးဦးသေဆုံးခဲ့ရတဲ့ Capitol အဆောက်အအုံကို စီးနင်းတိုက်ခိုက်မှုကို ဆူပူအုံကြွမှု လုပ်ရပ်အဖြစ် သတ်မှတ်ပြီး ဒီ တိုက်ခိုက်မှုကြောင့် စစ်တပ်ဟာ ဂျိုးဘိုင်ဒင်ရဲ့ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာဆိုပွဲအတွက် အမျိုးသားအစောင့်တပ် အင်အားကို ၂၅၀၀၀ အထိ တိုးမြှင့်တပ်ချခဲ့တာပဲ ဖြစ်ပါတယ်။ 

ဇန်နဝါရီ လကုန်အထိ အမျိုးသား အစောင့်တပ် အင်အား ၇၀၀၀ အထိကို ဝါရှင်တန်မှာ ဆက်လက်ချထားမှာ ဖြစ်ပြီး မတ်လလယ်အထိ အင်အား ၅၀၀၀ အထိ တစ်ဖြည်းဖြည်း လျှော့ချပြီး တပ်ချသွားမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required