ဗိုင်းရပ်စ်ဇာစ်မြစ်ရှာမဲ့ WHO စုံစမ်းရေးအဖွဲ့ ဝူဟန်ဆေးရုံသို့ စတင်ကွင်းဆင်းလေ့လာ 

ဗိုင်းရပ်စ်ဇာစ်မြစ်ရှာမဲ့ WHO စုံစမ်းရေးအဖွဲ့ ဝူဟန်ဆေးရုံသို့ စတင်ကွင်းဆင်းလေ့လာ 
Photo - AFP

ဇန်နဝါရီ ၃၀  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့မူလအစကို စတင်ကွင်းဆင်းလေ့လာတဲ့အနေနဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ဒုတိယမြောက် ဝူဟန်ဆေးရုံတစ်ရုံဆီ ထပ်မံသွားရောက်ခဲ့ကြပါတယ်။  

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သောကြာနေ့က တရုတ်တာဝန်ရှိသူတွေနဲ့  တွေ့ဆုံခဲ့ပြီး ဝူဟန်မြို့က ကိုဗစ်-၁၉ ပထမဆုံးလူနာတွေကို ထားရှိခဲ့ရာ ဆေးရုံတစ်ရုံကို ပထမဦးဆုံးအနေနဲ့ ကွင်းဆင်းလေ့လာခဲ့ကြတာပါ။ 

WHO ရဲ့ စုံစမ်းစစ်ဆေးမှုဟာ နှောင့်နှေးမှုများစွာနဲ့ ကြန့်ကြာနေခဲ့ပြီး ဝူဟန်မြို့မှာ ဗိုင်းရပ်စ်စတင်တွေ့ရှိပြီး တစ်နှစ်အကြာကျမှ စတင်စုံစမ်းရတာဖြစ်လို့ သက်သေအထောက်အထားတွေရဲ့ ခိုင်မာမှုနဲ့ တွေ့ရှိနိုင်မဲ့ အခွင့်အလမ်းအပေါ်လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။  

WHO အဖွဲ့ ကွင်းဆင်းကြည့်ရှုမဲ့ နေရာတွေထဲမှာ ကိုဗစ်-၁၉ အရင်ဆုံးဖြစ်ပွားခဲ့တဲ့လူနာအချို့ကို ထားရှိခဲ့ရာ ဟူပေပြည်နယ်က တရုတ်နဲ့အနောက်တိုင်းဆေးပညာဆေးရုံလည်း ပါဝင်ပါတယ်။  

WHO အဖွဲ့အနေနဲ့ နောက်ပိုင်းမှာ ဝူဟန်ရောဂါပိုးမွှားဗေဒအင်စတီကျု၊ ဟွမ်နန်ဈေး၊ ဝူဟန် CDC ဓာတ်ခွဲခန်းတွေဆီကိုလည်း သွားရောက်ပြီး ကွင်းဆင်းလေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။ 

ကူးစက်ရောဂါကာကွယ်ရေးကို အလေးထားလုပ်ဆောင်တဲ့ EcoHealth Alliance ရဲ့ ဥက္ကဋ္ဌ ဒက်ဇက်က သူတို့အဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ပထမဆုံးလူနာအချို့ကိုကုသရာ ဝူဟန်ဆေးရုံတစ်ရုံကို ရောက်နေပြီဖြစ်ကြောင်းနဲ့ လက်တွေ့လုပ်ဆောင်ခဲ့တဲ့ ဆရာဝန်တွေ၊ ဝန်ထမ်းတွေနဲ့တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ လုပ်ဆောင်ပုံအသေးစိတ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ မနေ့က တွစ်တာမှာ ရေးသားခဲ့ပါတယ်။  

ဗိုင်းရပ်စ်ဟာ လူဆီဘယ်လိုကူးစက်သွားသလဲဆိုတာ စုံစမ်းမှုပြုလုပ်သွားမှာဖြစ်တယ်လို့ WHO က အခိုင်အမာပြောဆိုထားပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းကတော့ WHO အဖွဲ့ရဲ့ခရီးစဉ်ဟာ စုံစမ်းစစ်ဆေးမှုမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာသုတေသနရဲ့အစိတ်အပိုင်းဖြစ်တယ်လို့  သောကြာနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

WHO ရဲ့ အကြီးအကဲ တက်ဒရော့စ်အက်ဒါနမ် ဂေဘရီယေဆွတ်က လိုအပ်တဲ့ အထောက်အပံ့တွေ၊ အချက်အလက်တွေ ရယူနိုင်ဖို့နဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြည့်အဝ ပူးပေါင်းကြဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါဝင်တဲ့ နိုင်ငံတကာသိပ္ပံပညာရှင်တွေကို မှာကြားထားတယ်လို့ ပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required