ပုသိမ်မြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုမည်

ပုသိမ်မြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုမည်
ဓာတ်ပုံ - မင်းထက်

ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဟစ်တိုင်ကွင်းအတွင်း ဇန်နဝါရီလ ၂၅ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော တပ်မတော်ထောက်ခံပွဲ၌ ဦးဆောင်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်တရားစွဲဆိုသွားမည်ဟု ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေးကပြောသည်။

"စုစုပေါင်း ၄ယောက်ပါပါတယ်ဗျ။ ဦးဆောင်သူနှစ်ဦး ရယ် ၊လှုံ့ဆော်ဟောပြောတဲ့သူနှစ်ဦးရယ် ကိုတရားစွဲဆိုသွားမှာပါ ။ အဲ့ဒီနေ့မှာပဲ ကျွန်တော်တို့က အစည်းအဝေးထိုင်တယ်။ ထိုင်ပြီးတော့ အစိုးရအဖွဲ့ကိုတင်ပြတယ်။ အစိုးရအဖွဲ့က အစည်းအဝေးထိုင်ဆုံးဖြတ်ပြီး ဥပဒေ ပုဒ်မနဲ့ ပြန်ချပေးလိုက်တာပါ။" ဟု ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေးကပြောသည်။

ဓာတ်ပုံ - မင်းထက်

ဦးဆောင်ကျင်းပသည့်သူ ၂ဦး နှင့် လှုံ့ဆော်ဟောပြောသည့် သူ ၂ဦး မှာ ဦးဝင်းရွှေဦး၊ဦးလှဌေး၊ဦးတင်ငြိမ်း နှင့် ဦးကျော်လှိုင်ထွေးတို့ဖြစ်ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့၏မှတ်တမ်းများအရသိရသည်။

တပ်မတော်ထောက်ခံပွဲတွင် ဦးဆောင်သူများမှ လူအင်အား ၂၉ဦးဖြင့်ပြုလုပ်မည်ဟုတင်ပြခဲ့သော်လည်း အမှန်တကယ် ကျင်းပသည့်အချိန်တွင် လူဦးရေ ၃၀၀ကျော်ဖြင့်ပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲဆိုသည်ဟု ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီ၏ Online (အွန်လိုင်း) စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ဒါ့အပြင် ကိုဗစ် ၁၉ ညွှန်ကြားချက်များအပေါ်လိုက်နာမှုမရှိပဲဖောက်ဖျက်ခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီမှသိရသည်။

ပုသိမ်မြို့နယ်တွင် ယခုကဲ့သို့အလားတူ လူစုလူဝေးဖြစ်စဉ်များမှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ၅ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly