ထိုင်၀မ်အပေါ် တရုတ်၏ စစ်ပွဲသတိပေးချက်က ‘ကောင်းကျိုးဖြစ်မည်မဟုတ်’ ဟု ပင်တဂွန် ပြော

ထိုင်၀မ်အပေါ် တရုတ်၏ စစ်ပွဲသတိပေးချက်က ‘ကောင်းကျိုးဖြစ်မည်မဟုတ်’ ဟု ပင်တဂွန် ပြော

ဇန်န၀ါရီ ၂၉

ထိုင်၀မ်၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအပေါ် ကူညီသွားရမည့် တာ၀န်၀တ္တရားများ အမေရိကန်တွင် ရှိကြောင်းနှင့် ကာလကြာကိုင်ဆွဲထားခဲ့သော မူ၀ါဒများကို အစိုးရသစ်က ထပ်လောင်းပြောဆိုမှုအပေါ် တရုတ်အနေဖြင့် လွန်လွန်ကဲကဲ တုံ့ပြန်မှုမျိုး မလုပ်သင့်ကြောင်း အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာန ‌ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီက ကြာသပတေးနေ့က သတင်းထောက်များကို ပြောခဲ့သည်။

အစောပိုင်း ရက်က တရုတ်သည် ထိုင်၀မ်နှင့်ပတ်သက်၍ ယင်း၏ စကားအသုံးအနှုန်းကို ခက်ထန်ထားခဲ့ပြီး “လွတ်လပ်ရေးဆိုသည်မှာ စစ်ပွဲဟု အဓိပ္ပါယ်ထွက်သည်” ဟု သတိပေးခဲ့ပြီးနောက် ကာဘီ၏ မှတ်ချက်စကားများ ထွက်ရှိလာခြင်းဖြစ်သည်။

“ထိုင်၀မ် ဆက်ဆံရေး အက်ဥပ‌ဒေအပြင် ထိုင်၀မ်နဲ့ပတ်သက်တဲ့ တရား၀င်ကြေညာချက်သုံးခု အပေါ်မှာ ထားတဲ့ အမေရိကန် ကာကွယ်‌ရေး၀န်ကြီးဌာနရဲ့ ကတိက၀တ်အာမခံချက်တွေက ဘာမှ ပြောင်းလဲမထားခဲ့ပါဘူး” ဟု ၎င်းက ပင်တဂွန် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“ဒါက ဆယ်စုနှစ်များကြာ ပါတီနှစ်ရပ်ပါ၀င်တဲ့ နည်းလမ်းတစ်ခုနဲ့ ထောက်ခံထားခဲ့တဲ့ အရာ ဖြစ်ပါတယ်” ဟု ကာဘီက ပြောသည်။ ကာကွယ်ရေး၀န်ကြီးသစ် လွိုက် အော်စတင်၏ လက်အောက်တွင်လည်း ဌာနအနေဖြင့် အလားတူ တူညီသော ထောက်ခံပံ့ပိုးမှုကို ဆက်လုပ်သွားမည်ဟု ၎င်းက ပြောသည်။ “ထိုင်၀မ်ရဲ့ သူ့ကိုယ်သူ ခုခံကာကွယ်မှုနဲ့ပတ်သက်လို့ ကူညီပေးဖို့ တာ၀န်တွေ ကျွန်တော်တို့မှာ ရှိပါတယ်၊ ပြီးတော့ အဲဒီအတိုင်း ဆက်သွားမှာကို ခင်ဗျားတို့ မြင်ရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ပွဲနှင့်ပတ်သက်၍ တရုတ်၏ မှတ်ချက်စကားများနှင့်စပ်လျင်း၍ ကာဘီက “ထိုင်၀မ်နဲ့ပတ်သက်တဲ့ တင်းမာမှုတွေက ထိပ်တိုက်ရင်ဆိုင်မှုလိုမျိုး အခြေအနေတစ်ခုခုဆီ ဘာကြောင့် ဦးတည်သွားဖို့ လိုသလဲ ဆိုတာအတွက် အကြောင်းပြချက်မျိုးကို အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနက မတွေ့မိပါဘူး၊ ပြီးတော့ တရုတ်ရဲ့အဲဒီလို မှတ်ချက်မျိုးက မသင့်လျော်ဘူးလို့ဘဲ ကျွန်တော်တို့ ယူဆပါတယ်၊ အဲဒါက ထိုင်၀မ် ဆက်ဆံရေးအက်ဥပဒေအောက်က ကျွန်တော်တို့ရဲ့ တာ၀န်၀တ္တရားတွေအတိုင်း ဖြည့်ဆည်းမယ့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေနဲ့ သေချာပေါက် အချိုး မညီပါဘူး” ဟု ပြောခဲ့သည်။

တရား၀င်ထုတ်ပြန်ကြေညာချက် သုံးခုသည် ၁၉၇၂ ၊ ၁၉၇၉ နှင့် ၁၉၈၂ ခုနှစ်တို့တွင် အမေရိကန်နှင့် တရုတ်တို့ လက်မှတ်ထိုးခဲ့သည့် စာရွက်စာတမ်းများဖြစ်ပြီး ယင်းတို့က ဆက်ဆံရေး ပုံမှန်ဖြစ်ရေးအတွက် အခြေခံတစ်ခုကို ဖွဲ့စည်းထားခဲ့သည်။ ယင်းတို့အပေါ် အခြေတည်လျက် ၀ါရှင်တန်သည် ပေကျင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကို တစ်ခုတည်းသော တရား၀င် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုကာ တရုတ်တစ်နိုင်ငံတည်း ရှိပြီး ထိုင်၀မ်က ယင်း၏ အစိတ်အပိုင်းဖြစ်သည်ဆိုသော တရုတ်၏ သဘောထားရပ်တည်ချက်ကို လက်ခံခဲ့သည်။

အမေရိကန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ၁၉၇၉ တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန် တိုင်ပေကို ကျွန်းအတွက် ယင်းဘာသာ ခုခံကာကွယ်နိုင်စေရန် လုံလောက်သည့် လက်နက်များ ၀ါရှင်တန်ဘက်က ရောင်းချနိုင်ရန် ရည်ရွယ်၍ အမေရိကန် ကွန်ဂရက်သည် ထိုင်၀မ် ဆက်ဆံရေး အက်ဥပ‌ဒေကို အတည်ပြုခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရသစ်ကို စမ်းသပ်လိုသည့် သဘောအဖြစ် တရုတ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထိုင်၀မ်၏ အနောက်တောင်ဘက် လေကြောင်း ကာကွယ်ရေး ကိုယ်စားပြု ဇုန်ထဲသို့ တိုက်လေယာဥ်များနှင့် ဗုံးကြဲလေယာဥ်များကို ပျံသန်းစေခဲ့သည်။ ယင်းနောက်တွင် “ထိုင်၀မ်အပေါ် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖိအားပေးမှုများ ရပ်စဲရန်” ပေကျင်းကို တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်စောင်နှင့်အတူ အမေရိကန် နိုင်ငံခြား‌ရေး၀န်ကြီးဌာနက တုံ့ပြန်ခဲ့သလို ထိုင်၀မ်နှင့်ပတ်သက်ပြီး အမေရိကန်၏ ကတိအာမခံချက်က “ကြံ့ခိုင်တည်ငြိမ်သည်” ဟု ပြောခဲ့သည်။

လေတပ်၏ မကြာသေးခင်က လုပ်ခဲ့သော လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးမြန်းခံရစဥ် တရုတ် ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀ူချန်းက ထိုင်၀မ်သည် တရုတ်၏ ခွဲထုတ်၍ မရသော အပိုင်းဒေသတစ်ခု ဖြစ်သည်ဟု ပြောခဲ့သည်။

“ထိုင်၀မ် ရေလက်ကြားမှာ တရုတ် ပြည်သူ့လွတ်မြောက်ရေးစစ်တပ်က လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေကတော့ အမျိုးသားဆိုင်ရာ အချုပ်အချာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ထိုင်၀မ် ရေလက်ကြားမှာ လက်ရှိ လုံခြုံရေး အခြေအနေကို ကိုင်တွယ်ဖို့ အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်” ဟု ၀ူက ပြောခဲ့သည်။

“ဒါတွေက ပြင်ပ ၀င်ရောက်စွက်ဖက်မှုနဲ့ ထိုင်၀မ် လွတ်လပ်ရေး အင်အားစုတွေရဲ့ ရန်စမှုတွေအပေါ် ခိုင်မာတည်ကြည်တဲ့ တုံ့ပြန်မှုတစ်ခု လုပ်တာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ထိုင်၀မ်ရှိ လူ “အနည်းငယ်” သည် လွတ်လပ်ရေး ကြိုးပမ်းနေခဲ့ကြသည်ဟုလည်း ဝူက ပြောခဲ့သည်။

“ ‘ထိုင်၀မ် လွတ်လပ်ရေး’ အတွက် ကြိုးပမ်းနေတဲ့ လူစုကို ကျွန်တော်တို့ သတိပေးချင်တာက သူတို့ဟာ မီးနဲ့ ကစားနေပြီး အဲဒါက သူတို့ကိုယ်တိုင်ကိုပဲ လောင်ကျွမ်းစေမှာ ဖြစ်တယ်ဆိုတာပါပဲ၊ ထိုင်၀မ်လွတ်လပ်ရေးက စစ်ပွဲလို့ အဓိပ္ပါယ်ထွက်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

တရုတ် ကျူးကျော်မှု ရန်မှ ထိုင်၀မ်ကို ကာကွယ်ပေးရန် အမေရိကန်အနေဖြင့် ပြင်ဆင်နေခဲ့သလားဆိုပြီး ပင်တဂွန်တွင် မေးခွန်းမေးမြန်းခံခဲ့ရစဥ် ကာဘီက “စိတ်ကူးသက်သက် အရာတွေမှာ ကျွန်တော် ပါ၀င်ပတ်သက်မှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သလို “အမေရိကန်စစ်တပ်အနေနဲ့ ဒေသမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေး ကတိက၀တ်တွေကို ကိုက်ညီစေဖို့အတွက် အင်္ဂါရပ်အားလုံးမှာ ဆက်ပြီး အသင့်ရှိနေပါတယ်” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required