အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထုတ်လုပ်သွားရန် စီစဉ်ထားဟု ဝန်ကြီးချုပ်မိုဒီ ပြော

အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထုတ်လုပ်သွားရန် စီစဉ်ထားဟု ဝန်ကြီးချုပ်မိုဒီ ပြော

ဇန်နဝါရီ ၂၉ 

ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်မျိုးကို ပြည်ပနိုင်ငံများသို့ပို့ဆောင်ပေးလျက်ရှိသော အိန္ဒိယသည် ကာကွယ်ဆေးများကို ထပ်မံဖြည့်ဆည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ကြာသပတေးနေ့တွင် ပြောလိုက်သည်။ 

မိုဒီက "ဒီနေ့အချိန်ထိ အိန္ဒိယထုတ် ကာကွယ်ဆေးနှစ်မျိုးကို ကမ္ဘာ့နိုင်ငံတွေကို တင်ပို့ပြီးသွားပါပြီ။ အနာဂတ်မှာလည်း ကာကွယ်ဆေးတွေကို ထပ်မံထုတ်သွားဦးမှာပါ" ဟု အွန်လိုင်းမှတစ်ဆင့်ကျင်းပသော ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘူတန်၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့်မြန်မာ၊ အိန္ဒိယသမုဒ္ဒရာနိုင်ငံများဖြစ်သည့် ဆေးရှဲနှင့် မောရစ်ရှနိုင်ငံ၊ ဘရာဇီးနှင့် မော်ရိုကိုနိုင်ငံတို့ဆီ ရောက်ရှိပြီး ရက်ပိုင်းအကြာတွင် မိုဒီက ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ဒေသတွင်းပြိုင်ဘက် တရုတ်သည် ၎င်း၏ကိုယ်ပိုင်ကာကွယ်ဆေး သံခင်းတမန်ခင်းနည်းလမ်းကို ကျင့်သုံးနေစဉ် တောင်အာဖရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တခြားသော နိုင်ငံများသည် အိန္ဒိယမှ ကာကွယ်ဆေးများကို ဝယ်ယူရန် ကြိုးပမ်းနေကြသည်။ 

"ဒီကာကွယ်ဆေးတွေဟာ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေကို ပိုမိုလျင်မြန်စွာနဲ့  အတိုင်းအတာပမာဏများများ ထောက်ပံ့ပေးရာမှာ အကူအညီဖြစ်မှာပါ" ဟု မိုဒီက ဆိုသည်။ 

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးမှုအစီအစဉ်အဖြစ် ဇန်နဝါရီ ၁၆ ရက် ကမ်ပိန်းစတင်ကတည်းက ၁၂ ရက်အတွင်း ကျန်းမာရေးဝန်ထမ်းပေါင်း ၂.၃ သန်းကျော်ကို ကာကွယ်ဆေးထိုးပြီးခဲ့ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၂၅.၅ သန်းကျော်ရှိသည့်အမေရိကန်ပြီးလျှင် ၁၀.၇ သန်းကျော်ဖြင့် ကမ္ဘာပေါ်၌ ကပ်ရောဂါကူးစက်မှုကို ဒုတိယအဆိုးဆုံးခံစားရသော အိန္ဒိယသည် ပထမအဆင့်အနေဖြင့် ကျန်းမာရေးရေးဝန်ထမ်းပေါင်း ၁၀ သန်းခန့်နှင့် ရဲနှင့်စစ်တပ်အပါအဝင် ရှေ့တန်းမှတာဝန်ထမ်းဆောင်သူပေါင်း သန်း ၂၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်သည်။ 

ဒုတိယဦးစားပေးအဆင့်တွင် ဆီးချို၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောရောဂါများခံစားနေရသောသူများနှင့်အတူ အသက် ၅၀ ကျော်ရှိ ပြည်သူပေါင်း သန်း ၂၇၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်သည်။ မိုဒီအစိုးရသည် ဇူလိုင် သို့မဟုတ် ဩဂုတ်လ၌ လူပေါင်း သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးပြီးရန် သန္နိဋ္ဌာန်ပြုထားသည်။ 

အိန္ဒိယ၏ ဆေးဝါးဆိုင်ရာအာဏာပိုင်အဖွဲ့သည် ယခုလအစောပိုင်းက အရေးပေါ်အသုံးပြုရန်အတွက် ကာကွယ်ဆေး နှစ်မျိုးကို အတည်ပြုပေးခဲ့သည်။ AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်မှ တီထွင်ပြီး အိန္ဒိယ Serum Institute မှ ထုတ်လုပ်သော Covishield နှင့် Bharat Biotech မှ ထုတ်သော ပြည်တွင်းဖြစ် Covaxin ကာကွယ်ဆေးတို့ ဖြစ်သည်။ ကာကွယ်ဆေးတစ်မျိုးစီသည် ၂၈ ရက်ခြား၍ နှစ်ကြိမ်စီ ထိုးရမည်ဖြစ်ပြီး အပူချိန် ၂ ဒီဂရီစဲလ်စီယပ်စ်မှ ၈ ဒီဂရီစဲလ်စီယပ်စ်အတွင်း သိုလှောင်သိမ်းဆည်းထားရန်လိုအပ်သည်။ 

ကာကွယ်ဆေးပေါင်း မြောက်မြားစွာထုတ်လုပ်နိုင်သော ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ Serum Institute သည် ကာကွယ်ဆေးများ ပိုမိုထုတ်လုပ်နိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။ နောက်ထပ် အိန္ဒိယဆေးဝါးကုမ္ပဏီဖြစ်သည့် Hetero သည် ရုရှားထုတ် Sputnik V ကာကွယ်ဆေးကို ဒေသတွင်း၌ထုတ်လုပ်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။ 

အိန္ဒိယသည် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ၎င်းတို့ပြည်သူများကို ထိုးပေးရုံသာမကဘဲ အဆိုပါကာကွယ်ဆေးများကို နိုင်ငံများစွာသို့လည်း ပို့ဆောင်ပေးပြီး နိုင်ငံသားများ၏အသက်ကို ကယ်တင်ပေးနေသည်ဟု မိုဒီက မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

"ကိုရိုနာဗိုင်းရပ်စ် စဖြစ်တော့ ကျွန်တော်တို့ဟာ နှာခေါင်းစည်းတွေ၊ PPE ဝတ်စုံတွေနဲ့ ရောဂါစမ်းသပ်ရေးကိရိယာတွေကို ပြည်ပကနေ ဝယ်ယူရပါတယ်။ ဒီနေ့အချိန်မှာတော့ ပြည်တွင်းလိုအပ်ချက်ကိုသာ ဖြည့်ဆည်းပေးနိုင်ရုံမကဘဲ တခြားနိုင်ငံတွေကိုပါ ပေးပို့နေနိုင်ပါပြီ။ အိန္ဒိယဟာ ကိုယ့်အားကိုယ်ကိုးဆိုတဲ့ ကတိကဝတ်နဲ့ ရှေ့ကို ချီတက်နေပြီး ဒီရည်မှန်းချက်ဟာ ကမ္ဘာလုံးဆိုင်ရာဝါဒကို နည်းလမ်းသစ်နဲ့ ခိုင်မာအောင်လုပ်သွားမှာပါ" ဟု ဝန်ကြီးချုပ်မိုဒီက ပြောသည်။

"ကိုယ့်ကိုယ်ကို မှီခိုအားထားမှုမစ်ရှင်ဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေး (Industry 4.0) အားဖြင့် များစွာအကျိုးကျေးဇူးရှိလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်" ဟု မိုဒီက ဆိုသည်။ စတုတ္ထမြောက်စက်မှုတော်လှန်ရေးတွင် ဆက်သွယ်မှု၊ လူအစား အလိုအလျောက် စက်ကိရိယာကိုအသုံးပြုခြင်း၊ ဉာဏ်ရည်တုနည်းပညာ (AI) သို့မဟုတ် အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်းနှင့် အချိန်နှင့်တစ်ပြေးညီ အချက်အလက်များ ရရှိခြင်း စသော အဓိကသော့ချက် လေးချက်ပါရှိမည်ဖြစ်ကာ အိန္ဒိယသည် ကဏ္ဍအားလုံးတွင် ဦးဆောင်သွားမည်ဟု မိုဒီက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly