ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုပိုင်းတွင် မက္ကဆီကိုက အိန္ဒိယကို ကျော်ပြီး ကမ္ဘာ့တတိယအမြင့်ဆုံး ဖြစ်လာ

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုပိုင်းတွင် မက္ကဆီကိုက အိန္ဒိယကို ကျော်ပြီး ကမ္ဘာ့တတိယအမြင့်ဆုံး ဖြစ်လာ

ဇန်နဝါရီ ၂၉

မက္ကဆီကိုနိုင်ငံသည် ယခုအခါ အိန္ဒိယကို ကျော်တက်ပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ကမ္ဘာ့တတိယ အများဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း ရိုက်တာ၏ တရား၀င် စာရင်းအချက်အလက်များအရ သိရသည်။

မက္ကဆီကိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြုလူနာသစ် ၁၈,၆၇၀ ဦးနှင့် ထပ်တိုးသေဆုံးသူ ၁,၅၀၆ ဦး ရှိခဲ့ဟု ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ အဆိုပါ လက်တင်အမေရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၁,၈၂၅,၅၁၉ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၅,၁၄၅ ဦးအထိ ရှိလာစေခဲ့ခြင်း ဖြစ်သည်။

မက္ကဆီကို၏ လူဦးရေ ၁၂၆ သန်းထက် အဆပေါင်း ၁၀ ဆကျော် ပိုများသော လူဦးရေရှိနေသည့် အိန္ဒိယတွင် ကိုဗစ်-၁၉ ကြောင့်‌ သေဆုံးသူဦးရေက ၁၅၃,၈၄၇ ဦး ဖြစ်ကြောင်း ရိုက်တာ၏ စာရင်းအရ သိရသည်။

နိုင်ငံလူဦးရေ အလိုက် သေဆုံးမှုနှုန်းကို ကိုက်ညှိနှိုင်းယှဥ်ပါက မက္ကဆီကို၏ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းသည် ယူကေ၊ ချက်သမ္မတနိုင်ငံ၊ အီတလီ၊ အမေရိကန်၊ ပီရူး နှင့် စပိန်တို့အပါအ၀င် အခြားသော နိုင်ငံအချို့၏ နှုန်းများအောက် လျော့ကျနေကြောင်း Johns Hopkins တက္ကသိုလ်မှ ထုတ်ပြန်ဖော်ပြသော ဒေတာများက ပြသနေသည်။

မက္ကဆီကိုတွင် သေဆုံးမှုနှုန်း မြင့်တက်မှုက ယင်းနိုင်ငံတွင် ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေး ရုန်းကန်နေရမှုကို ပြသနေသည်။ အဆိုပါနိုင်ငံတွင် သွားလာလှုပ်ရှားမှုနှင့် ကုန်သွယ်မှုအပေါ် အစိုးရက ကန့်သတ်မှုများ လုပ်ထားသော်ငြား ကပ်ရောဂါကူးစက်ဖြစ်ပွားမှုက ဆိုးဝါးနေသည်။

မက္ကဆီကိုစီးတီးရှိ ‌ဆေးရုံများတွင် ၀င်ဆံ့လက်ခံနိုင်မှု ပမာဏကို နီးကပ်နေပြီး အောက်ဆီဂျင်အိုး ပြတ်လပ်မှုကလည်း လူနာများကို ကုသမှုပိုင်းကို ခက်ခဲထားစေခဲ့သည်။

မက္ကဆီကို သမ္မတ အန်ဒရီစ် မန်နူရယ် လိုပက်ဇ် အိုဘရာဒိုသည်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ ၎င်းသည် အခြေအနေတိုးတက်ကောင်းမွန်နေသည်ဟု ကျန်းမာရေးဒု၀န်ကြီး ဟူဂို လိုပက်ဇ် ဂက်တဲလ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“သမ္မတက လက်တွေ့အားဖြင့်တော့ ရောဂါလက္ခဏာ မပြသပါဘူး၊ သူ တော်တော့်ကို တက်တက်ကြွကြွ ရှိနေပါတယ်” ဟု ဂက်တဲလ်က ပြောသည်။

အသက် ၆၇ နှစ်ရှိ မက္ကဆီကို သမ္မတ လိုပက်ဇ် အိုဘရာဒိုသည် ဗိုင်းရပ်စ်ကူးစက်ခံရ၍ သီးခြားခွဲနေထိုင်နေခဲ့သော်လည်း အလုပ်တာ၀န်များကို ဆက်လုပ်နေကြောင်း တာ၀န်ရှိသူများက ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly