WHO ရဲ့ ဗိုင်းရပ်စ်မူလအစ စုံစမ်းစစ်ဆေးမှုကို နိုင်ငံရေးသဘောသက်ဝင်အောင်မလုပ်ဖို့ အမေရိကန်ကို တရုတ်သတိပေး 

WHO ရဲ့ ဗိုင်းရပ်စ်မူလအစ စုံစမ်းစစ်ဆေးမှုကို နိုင်ငံရေးသဘောသက်ဝင်အောင်မလုပ်ဖို့ အမေရိကန်ကို တရုတ်သတိပေး 
Photo - AFP

ဇန်နဝါရီ  ၂၉ 

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့မူလအစကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  က ပညာရှင်အဖွဲ့ဟာ ကြာသပတေးနေ့မှာ ဝူဟန်မြို့ ဟိုတယ်ကွာရန်တင်းကနေ စတင်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်လည်း အဆိုပါစုံစမ်းမှုကို အားသွန်ခွန်စိုက်နဲ့ ပြတ်ပြတ်သားသားလုပ်ဖို့ တိုက်တွန်းထားပါတယ်။  

WHO ကစုံစမ်းရေးပညာရှင်အဖွဲ့ဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက်ကူးစက်မှု စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာတာဖြစ်ပြီး နှစ်ပတ်ကြာ ဟိုတယ်ကွာရန်တင်းဝင်နေခဲ့တာပါ။ 

နှာခေါင်းစည်းတွေတပ်ဆင်ထားတဲ့ WHO စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဇန်နဝါရီ ၂၈ ရက်က ကွာရန်တင်းရက်ပြည့်သွားလို့ နောက်ထပ်ဟိုတယ်တစ်လုံးကို  ပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့စုံစမ်းစစ်ဆေးမှုကိုတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ စမလဲဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။ 

ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေကနေ ကူးစက်တယ်လို့ ယူဆထားကြပြီး တောရိုင်းတိရစ္ဆာန်တွေကို အစာအဖြစ်ရောင်းချတဲ့ ဝူဟန် သားငါးနဲ့ပင်လယ်စာဈေးကနေ ကနဦးပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ 

ကမ္ဘာတစ်ဝန်းမှာ လူပေါင်း နှစ်သန်းကျော်ကို သေစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူကို ဘယ်လိုမျိုးကူးစက်ခဲ့လဲဆိုတာ ဒီခရီးစဉ်က စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ WHO က အခိုင်အမာပြောဆိုထားပါတယ်။ 

အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ဗိုင်းရပ်စ်ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံးကို ဘယ်လိုကူးစက်ပျံ့နှံသွားတယ်ဆိုတာ ရှာဖွေဖော်ထုတ်ဖို့ အလွန်အရေးကြီးကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

တရုတ်ရဲ့ တချို့သောသတင်းရင်းမြစ်တွေက အချက်အလက်အမှားတွေအပေါ်လည်း စိုးရိမ်ပူပန်မိကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုကို အားသွန်ခွန်စိုက်နဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့လည်း ဂျန်ဆာကီက တိုက်တွန်းလိုက်ပါတယ်။ 

တရုတ်ကလည်း အမေရိကန်အနေနဲ့ အချက်အလက်၊ သိပ္ပံပညာရပ်နဲ့  WHO ကျွမ်းကျင်ပညာရှင်တွေရဲ့ ကြိုးစားမှုကို လေးစားဖို့ ကြာသပတေးနေ့က ပြန်လည်သတိပေးပြောဆိုခဲ့ပါတယ်။  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက WHO စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုကင်းစွာနဲ့ လုပ်ခွင့်ပေးထားရမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  

တရုတ်အာဏာပိုင်တွေရဲ့ နှောင့်နှေးကြန့်ကြာမှုနဲ့ မရှုပ်ရှုပ်အောင်လုပ်နေတဲ့ဖြစ်ရပ်တွေပြီးမှ ပေါက်ပေါက်လာတဲ့ ဒီမစ်ရှင်မှာ ကျွမ်းကျင်ပညာအဖွဲ့ကို ဘယ်အရာတွေကို ကြည့်ရှုခွင့်ပေးမလဲဆိုတာ မသိရသလို ကပ်ရောဂါဖြစ်ပြီးတစ်နှစ်ကြာတဲ့အချိန်ကျမှ ဘယ်လိုမျိုးအသုံးဝင်တဲ့ သက်သေသာဓကတွေ ကျန်ရှိနေဦးမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။  

ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ WHO စုံစမ်းရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ တောင်းဆိုနေကြပြီး စုံစမ်းရေးအဖွဲ့ရောက်လာကတည်းက သူတို့ဟာ တာဝန်ရှိသူတွေရဲ့ နှောင့်ယှက်တားဆီးမှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။  

တရုတ်နိုင်ငံရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ  နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄ ၆၃၆  ဦးရှိပြီး ဝူဟန်မြို့က ၃ ၉၀၀ နီးပါး သေဆုံးခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required