အင်ဒိုနီးရှားမှာ ရှာရီယာဥပဒေအရ လိင်တူချစ်သူစုံတွဲကို လူလယ်ခေါင် ကြိမ်ဒဏ်ပေး 

အင်ဒိုနီးရှားမှာ ရှာရီယာဥပဒေအရ လိင်တူချစ်သူစုံတွဲကို လူလယ်ခေါင် ကြိမ်ဒဏ်ပေး 

ဇန်နဝါရီလ ၂၉ ၊ ၂၀၂၁

အင်ဒိုနီးရှားနိုင်ငံက ရှေးရိုးစွဲ အာချေးပြည်နယ်မှာ လိင်တူချစ်သူစုံတွဲတစ်တွဲကို ကြာသပတေးနေ့က ကြိမ်ဒဏ်အပြစ် ပေးခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ပြောပြီး ဒီ လုပ်ရပ်ကို လူ့အခွင့်အရေးအုပ်စုတွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြပါတယ်။ 

အာချေးပြည်နယ်မှာ အစ္စလာမ္မစ်ဥပဒေအရ တရားမဝင်ဖြစ်တဲ လိင်တူဆက်ဆံတာအတွက် အမျိုးသားနှစ်ဦးကို တစ်ဦးကို ကြိမ်ဒဏ် အချက် ၈၀ လောက် ရိုက်နှက်အပြစ်ပေးခဲ့တာပါ။ 

မျက်နှာဖုံးစွပ်ထားတဲ့ ရှာရီယာဥပဒေအရာရှိတစ်ဦးက သူတို့နှစ်ဦးရဲ့ ကျောပြင်ကို ကြိမ်နဲ့ ရိုက်နှက်နေချိန်မှာ နာကျင်ရှုံ့မဲ့နေပြီး ဆက်မရိုက်ဖို့ တောင်းပန်ကြပါတယ်။ 

မည်သူမည်ဝါ မသိစေတဲ့ အသက် ၂၀ ဝန်းကျင် အဲဒီ အမျိုးသားနှစ်ဦးကို ကြိမ်ဒဏ်ပေးတာ ခဏနားပြီး ရေသောက်ခွင့်ပေးကာ ဆက်ရိုက်နှက်တာ ဖြစ်ပါတယ်။ 

ရိုက်နှက်ခံရသူထဲက တစ်ဦးရဲ့ မိခင်ဖြစ်သူဟာ သူသား ရိုက်နှက်ခံနေရတာကို မြင်တွေ့ရပြီး သတိလစ်မေ့မျောသွားခဲ့ပါတယ်။ 

“အစ္စလာမ္မစ် ရှာရီယာဥပဒေဟာ အသက်ဝင်ရမယ်၊ ဘယ်သူပဲဖြစ်ဖြစ် ဒီ ဥပဒေအောက်မှာ ရှိရမယ်။ ခရီးသွားဧည့်သည်တွေတောင် ဌာနေစံနှုန်းတွေကို လေးစားလိုက်နာကြရမယ်။”လို့ အများပြည်သူ ဥပဒေစိုးမိုးရေး အရာရှိ ဟီရူက အေအက်ဖ်ပီကို ပြောပါတယ်။ 

အခု အမျိုးသားနှစ်ဦးဟာ အိမ်ငှားနေထိုင်ကြတာဖြစ်ပြီး နိုဝင်ဘာအတွင်းက အိမ်ရှင်ဖြစ်သူဟာ သူတို့နှစ်ဦးကို အခန်းထဲ အပေါ်ပိုင်း ကိုယ်ဗလာနဲ့ အတူတွေ့တဲ့အချိန်မှာ ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။ 

အင်ဒိုနီးရှားရဲ့ ဘယ်နေရာမဆိုမှာ လိင်တူဆက်ဆံတာဟာ တရားမဝင်ဖြစ်ပြီး အာချေးပြည်နယ်ဟာ ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံ အင်ဒိုနီးရှားမှာ ရှာရီယာဥပဒေကို ကျင့်သုံးတဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။ 

ဆူမတြားကျွန်း မြောက်ပိုင်းအငူက အာချေးပြည်နယ်မှာ လောင်းကစားခြင်း၊ အရက်သောက်စားခြင်းနဲ့ အိမ်ထောင်ရေးဖောက်ပြန်တာ စတဲ့ ပြစ်မှုတွေကို လူလယ်ခေါင် ကြိမ်ဒဏ်ပေးပြီး အပြစ်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ 

ခုလို လူလယ်ခေါင်မှာ ကြိမ်ဒဏ်အပြစ်ပေးတာဟာ ရက်စက်ကြမ်းကြုတ်မှုပဲ ဖြစ်တယ်ဆိုပြီး လူ့အခွင့်အရေးအုပ်စုတွေက ပြစ်တင်ရှုတ်ချထားသလို သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ဒါကို အဆုံးသတ်ဖို့အတွက် တိုက်တွန်းတောင်းဆိုထားပါတယ်။ 

ဒါပေမဲ့ ရှာရီယာဥပဒေကို အာချေးပြည်သူ တော်တော်များများက အပြည့်အဝ ထောက်ခံလျက် ရှိနေတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly