ရနောင်းမှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ခန့်ကို ထိုင်းက ပြန်ပို့ 

ရနောင်းမှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ခန့်ကို ထိုင်းက ပြန်ပို့ 
ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံး၏ ကွာရန်တင်း စင်တာတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဇန်နဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြနေစဉ် (ဓာတ်ပုံ - The Nation)

ဇန်နဝါရီ ၂၈၊ ၂၀၂၁ 

ထိုင်း-မြန်မာ နယ်စပ် ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဂိတ်မှတစ်ဆင့် ထိန်းသိမ်းထားသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၅၉ ဦးကို ပြန်ပို့နေကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗြူရို (IB) က ပြောသည်။ 

ယနေ့ ဇန်နဝါရီ ၂၈ ရက်တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၅၉ ဦးကို ပြန်ပို့မည်ဟု ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗြူရို ကော်မရှင်နာမင်းကြီး ဆွန်ပွန် ချင်ဒေါင်းက ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။ 

ရနောင်းမြို့တွင် ထိန်းသိမ်းထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄၀၂ ဦးရှိပြီး အသုတ်လိုက်ခွဲ၍ ပြန်ပို့မည်ဟု ရနောင်း အုပ်ချုပ်ရေးမှူး ဆွမ်ကီရတ် ဆီဆာနတ်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် The Nation သတင်းစာသို့ ပြောခဲ့သည်။ 

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၂ ဦးသည် နယ်စပ်ဖြတ်ကျော် တားမြစ်မှုအပါအဝင် တားမြစ်ချက်များကို ဖောက်ဖျက်သောကြောင့် ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံး၏ ကွာရန်တင်း စင်တာတွင် ၂ လမှ ၅ လကြာအထိ အသီးသီး ထိန်းသိမ်းခံထားရသူများ ဖြစ်ကြောင်း သိရသည်။ 

ဇန်နဝါရီလ ၂၆ ရက်နေ့က ယင်းထိန်းသိမ်းရေးစင်တာတွင် မြန်မာရွှေ့ပြောင်းလုပ်သားများက ဖမ်းချုပ်ရက် ပြည့်သွားသော်လည်း မြန်မာနိုင်ငံ ပြန်မပို့သည့်အတွက် ဆန္ဒပြခဲ့ကြသည်။ 

ထိုင်းတာဝန်ရှိသူများကမူ မြန်မာအစိုးရဘက်က ကိုဗစ်ရောဂါ အခြေအနေကြောင့် လုပ်သားများအား ပြန်လည် လက်ခံရန် အဆင်သင့် မဖြစ်သေးသောကြောင့်သာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 

ထိန်းသိမ်းခံ မြန်မာလုပ်သားများက မြန်မာနိုင်ငံပြန်ရေး လုပ်ငန်းစဉ် မြန်ဆန်စေရေး မြန်မာသံရုံးသို့ ဆက်သွယ်ပေးရန် ရနောင်းပြည်နယ် အုပ်ချုပ်ရေးမှူးကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် မြန်မာသံရုံးတို့ ဆွေးနွေးပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သား ပထမအသုတ်ကို ယနေ့တွင် စတင် ပြန်ပို့ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required