အငြင်းပွား ယာစူကူနီဂူဗိမာန်တွင် ဗုံးပေါက်ကွဲမှုဖြစ်

အငြင်းပွား ယာစူကူနီဂူဗိမာန်တွင် ဗုံးပေါက်ကွဲမှုဖြစ်

ဂျပန်နိုင်ငံက အငြင်းပွားစရာဖြစ်နေသည့် သူရဲကောင်းဂူဗိမာန် ယာစူကူနီဂူဗိမာန်တွင် ပေါက်ကွဲမှုငယ်တစ်ရပ်ဖြစ်ပွားသည်။ ပေါက်ကွဲမှုမှာ ဂူဗိမာန်အတွင်းရှိ အများသုံးရေအိမ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရထိခိုက်သူမရှိသော်လည်း ရေအိမ်မျက်နှာကြက်များ၊ ကြမ်းခင်းများနှင့် နံရံများ ပျက်စီးသွားကြောင်း ဌာနေသတင်းများတွင် ဖော်ပြသည်။

ပေါက်ကွဲသည့် ရင်းမြစ်ကို စုံစမ်းလျက်ရှိဆဲဖြစ်သည်။ ပေါက်ကွဲရာတွင် ဘတ္တရီနှင့် ဝါယာကြိုးများကို တွေ့ရှိပြီး ဂူဗိမာန်ကို ဦးတည်ဖောက်ခွဲခြင်းဖြစ်နိုင်သည်ဟု ရဲက ပြောသည်။

မီးသတ်သမားများ၊ ရဲအရာရှိများနှင့် ဗုံးရှင်းလင်းရေးရဲတပ်ဖွဲ့များ အခင်းဖြစ်ရာသို့ ရောက်ရှိပြီး ဗုံးလက်ကျန်ရှိမရှိ စစ်ဆေးရှာဖွေကြသည်။

ပေါက်ကွဲမှုကြောင့် ၃၀ စင်တီမီတာ အပေါက်တစ်ပေါက် ဖြစ်သွားကြောင်း NHK သတင်းတွင် ဖော်ပြသည်။

ဂျပန်တွင် အားလပ်ရက်နှင့် ကြုံကြိုက်နေခြင်းကြောင့်လည်း နိုဝင်ဘာ ၂၃ ရက် နံနက်က ဂူဗိမာန်သို့ လာရောက်သူ ခါတိုင်းထက်များခဲ့သည်။

ယာစူကူနီဂူဗိမာန်သည် ဂျပန်စစ်တွင်းကျဆုံးစစ်သည်တော်များကို အထိမ်းအမှတ်အဖြစ် မြုပ်နှံရာဖြစ်ပြီး စစ်တွင်းရန်ဖက်ဖြစ်ခဲ့သည့် တရုတ်နှင့် ကိုရီးယားနှစ်နိုင်ငံတို့၏ ကန့်ကွက်မှုများဖြင့် အငြင်းပွားဂူဗိမာန်တစ်ခုဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly