အမေရိကန်ဒုသမ္မတဟောင်း မိုက်ပန့်စ် တာ၀န်ပြီးဆုံးခဲ့ပြီးနောက် ပြန်စရာ အိမ်မရှိ ဖြစ်နေဟု ဆို

အမေရိကန်ဒုသမ္မတဟောင်း မိုက်ပန့်စ် တာ၀န်ပြီးဆုံးခဲ့ပြီးနောက် ပြန်စရာ အိမ်မရှိ ဖြစ်နေဟု ဆို

ဇန်န၀ါရီ ၂၈

အမေရိကန်ဒုသမ္မတဟောင်း မိုက်ပန့်စ်သည် တာ၀န်သက်တမ်း ကုန်ဆုံးခဲ့၍ ၀ါရှင်တန်ရှိ ရေတပ် စောင့်ကြည့်လေ့လာမှု အဆောက်အအုံ၀င်းရှိ ၎င်းနေထိုင်ရာအဆောက်အအုံကနေ ထွက်ခွာလာခဲ့ပြီးနောက် ၎င်းတွင် အမြဲတမ်း နေထိုင်စရာ နေရာတစ်ခု မရှိဘဲ ဖြစ်နေကြောင်း သတင်းများက ဖော်ပြသည်။

မိုက်ပန့်စ်သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ တာ၀န်ထမ်းမှု နောက်ဆုံးနေ့ရက်များအတွင်း ထရမ့်၏ ဖိအားပေးမှုကို ငြင်းဆန်ပြီး ဘိုင်ဒင်၏ ရွေးကောက်ပွဲအနိုင်ရမှုကို လွှတ်တော်၌ အတည်ပြုခဲ့ခြင်းအားဖြင့် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သူ ဖြစ်သည်။

နွေရာသီတွင် မွေးရပ်မြေ အင်ဒီးယားနားပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့မည့်အကြောင်း မစ္စတာပန့်စ်က ၎င်း၏ နှုတ်ဆက်မိန့်ခွန်းတွင် ပြောခဲ့သော်လည်း ၎င်းနှင့် ဇနီးသည် ကာရန် ပန့်စ် တို့ ပြောင်းရွှေ့နေထိုင်မည့် နေရာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောခဲ့ခြင်း မရှိပေ။

ထို့ပြင် ယခုအခါ အမေရိကန်ဒုသမ္မတဟောင်းနှင့် ဇနီးတို့သည် အင်ဒီယားနားရှိ အရာရှိများ၏ နေအိမ်များတွင် ခေတ္တ တည်းခိုနေထိုင်လျက် ရှိကြောင်း Business Insider က ဖော်ပြသည်။

မိုက်ပန့်စ် နှင့် ဇနီးတို့သည် အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး အီရစ် ဟိုလ်ကုမ့်ဘ် အေးအေးလူလူ နားနေရာနေရာအဖြစ် အသုံးပြုသည့် သစ်သားအိမ်ငယ်တစ်လုံးတွင် နေထိုင်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက သတင်းဌာနကို ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒုသမ္မတဟောင်းနှင့် ဇနီးတို့သည် ကိုလမ်ဘတ်စ်မြို့ရှိ ပန့်စ်၏ အကိုဖြစ်သူ၏နေအိမ်တွင် နေထိုင်နေခဲ့ကြောင်း မိုက်ပန့်စ်နှင့် နီးစပ်သည့် ရီပတ်ဘလစ်ကန်နှစ်ဦးက ပြောသည်။

ကိုလံဘတ်စ်တွင် ကြီးပြင်းခဲ့သည့် မစ္စတာ ပန့်စ်သည် အနည်းဆုံး ပြီးခဲ့သည့် ရှစ်နှစ်အတွင်း အင်ဒီယားနားတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားခြင်း မရှိခဲ့ဟု အေပီသတင်းဌာနက ဖော်ပြသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၃ အကြား အင်ဒီယားနား ကွန်ဂရက်အမတ်အဖြစ် လည်းကောင်း၊ ၂၀၁၃ မှ ၂၀၁၇ အကြား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း ရွေးကောက်ခံခဲ့ရစဥ် မိုက်ပန့်စ်သည် အင်ဒီယာနာပိုလစ်ရှိ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး နေအိမ်တွင် နေထိုင်ခဲ့သည်။ ထို့နောက် ၎င်းသည် ၂၀၁၇ တွင် ၀ါရှင်တန်ရှိ အမေရိကန် ရေတပ် စောင့်ကြည့်လေ့လာမှု ဆိုင်ရာ ၀င်းအတွင်းရှိ ဒုသမ္မတ နေအိမ်သို့ ပြောင်းရွှေ့ခဲ့သည်။

မစ္စတာ ပန့်စ်၏ တရား၀င်အတည်တကျ နေထိုင်ရာနေရာနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ဆိုင်ရာ မရှင်းမလင်း ဖြစ်မှုသည် မကြာသေးခင်ကာလအတွင်းက ကက်ပီတယ် လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွမှုကြောင့် ထွက်ပေါ်ထားခဲ့သည့် ၎င်း၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကြောင့်ဖြစ်သည်ဟု ရီပတ်ဘလစ်ကန်အချို့က Business Insider ကို ပြောသည်။

ဇန်န၀ါရီ ၆ ရက်က ကက်ပီတယ်လွှတ်တော် အဆောက်အအုံကို ၀င်‌ရောက်မွှေနှောက်သောင်းကျန်းခဲ့သည့် လူအုပ်သည် မစ္စတာ ပန့်စ်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ ကို သတ်ရန် ဆန္ဒရှိခဲ့ကြောင်း ဒီမိုကရက်တစ် ကွန်ဂရက်အမတ် ဂျေမီ ရက်စ်ကင်က ယခုလထဲ CNN နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

အမှန်တကယ်အားဖြင့် ကက်ပီတယ် အဆောက်အအုံ စီးနင်းစဥ်အတွင်း အဓိကရုဏ်းတွင် ပါ၀င်ခဲ့သူများသည် မိုက်ပန့်စ်နှင့် ပေ ၁၀၀ ခန့်ထိ အနီးဆုံး ရောက်ခဲ့ကြပြီး တစ်ချို့က “ မိုက်ပန့်စ် ဘယ်မှာလဲ” ၊ “ မိုက်ပန့်စ်ကို ကြိုးပေးလိုက်” ဆိုပြီး အော်ဟစ်ခဲ့ကြသည်။

မိုက်ပန့်စ်နှင့် ဇနီးတို့သည် ၀ါရှင်တန်ပြင်ပ နေအိမ်တစ်လုံးတွင် အခြေချသည့်အခါ ၎င်းတို့အနေဖြင့် အထူးလုံခြုံရေးအဖွဲ့၏ အကာအကွယ်ကို နောက်ထပ် ခြောက်လကြာ ယူထားရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required