ထိုင်း၌ အသုဘအတု ချပြီး စီးပွားတက်အောင် ကြိုးစား

ထိုင်း၌ အသုဘအတု ချပြီး စီးပွားတက်အောင် ကြိုးစား

ဇန်နဝါရီလ ၂၈ ၊ ၂၀၂၁

ဘန်ကောက်မြို့ပြင်ရှိ ဘုရားကျောင်းတစ်ကျောင်းသို့ ရိုးရာဓလေ့ယုံကြည်သူများ နေ့စဉ် လာရောက်ကြပြီး ဘုန်းတော်ကြီးများက ရွတ်ဖတ်သရဇ္ဈယ်နေချိန် ပန်းခိုင်ကို ကိုင်လျက် အသုဘခေါင်းတလားထဲ ဝင်ရောက်လှဲလျောင်းပြီး အပေါ်က အဝတ်ဖြူအလွှမ်းခံကာ အသုဘတု အချခံကြသည်။

ထိုသို့ အသုဘတု ချခြင်းဖြင့် စီးပွားဥစ္စာ တိုးပွားကာ ဘဝသစ်၊ လမ်းကြောင်းသစ်များ ပွင့်လန်းစေသည် ယုံကြည်လျက် မြို့တော်ဘန်ကောက်က ဝတ်ဘန်နာနိုင်း ဘုရားကျောင်းသို့ အသုဘတု လာရောက်ချသူပေါင်းမှာ နေ့စဉ် ၁၀၀ ကျော်ထက်မနည်း ရှိနေသည်။

အချို့သော သူများအတွက် ကပ်ဘေးအတွင်း ဘဝ၏ ဖိစီးမှုများကြောင့် အရေးတကြီး လုပ်ဆောင်ရမည်အဖြစ် ယခုကဲ့သို့ အသုဘတု ချခြင်းကို ဆောင်ရွက်ကြခြင်းများ ရှိနေသည်။

“ကပ်ဘေးကြောင့် ကျွန်တော် ဝင်ငွေနည်းသွားတာမို့ စိတ်ဖိစီးမှုတွေ ဖြစ်လာရတာကို ကျွန်တော် ဝန်ခံရမှာပါပဲ။ အားလုံးလည်း ဒီလိုပဲ ခံစားနေကြရမယ်လို့ ကျွန်တော် ပြောရဲတယ်။”ဟု အသုဘတု လာချသူ အစားအစာအရောင်းဆိုင်ပိုင်ရှင် အသက် ၅၂ နှစ်အရွယ် စီဟတ်က ပြောသည်။

ထိုသို့ အသုဘအချခံရန်အတွက် ပါဝင်သူများသည် ပန်း၊ ဖယောင်းတိုင်နှင့် အဝတ်အထည်တို့အတွက် ဘတ်ငွေ ၁၀၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀ ဒေါ်လာ) ပေးပြီး လုပ်ဆောင်ကြခြင်း ဖြစ်သည်။

၎င်းတို့က ဘုန်းကြီးများ၏ ညွှန်ကြားချက်များကို လိုက်နာကြပြီး ပထမတွင် မြေမြုပ်မည့် ရုပ်အလောင်းများကို ထားသည့် ပုံစံအတိုင်း အနောက်အရပ်သို့ ခေါင်းတည်ပြီး အခေါင်းထဲဝင် လှဲလှောင်းရသည်။ ယင်းနောက် ပြန်လည်မွေးဖွားလာသည် သင်္ကေတလက္ခဏာအဖြစ်နှင့် ဘေးဖက်သို့ လှဲချပစ်ကြရသည်။

“ကျွန်တော် တစ်ဖန်ပြန် မွေးဖွားလာတယ်လို့ ခံစားရတယ်။ ဘဝသစ် ပြန်ရပြီး လူသစ်စိတ်သစ် ဖြစ်သွားတယ်။”ဟု စီဟတ်က ဆိုသည်။

အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည့် နီမီမန်ဝေဆိုသူကလည်း သူတွင် အသက်အန္တရာယ်ရှိသည်ဟု ဗေဒင်ဆရာမက ဟော၍ ယခုကဲ့သို့ အသုဘတုချ ယတြာလာရောက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောသည်။

“ဟောကိန်းကြောင့် ကျွန်မ စိတ်ဖိစီးရတယ်။ ဒါကြေင့် ဒီနေ့မှာ ဒီကို ကျွန်မ ရောက်လာတာပဲ။ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ နေချင်တယ်လေ။”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင်းက များစွာသော ဘုရားကျောင်းများတွင် ယခုကဲ့သို့ အသုဘတု ချသည့် ယတြာများ ပြုလုပ်ပေးကြသည်။ ထိုသို့ ပြုလုပ်ပေးသည့် ဘုန်းကြီးတစ်ပါးဖြစ်သော ပရာပတ်က ယခု ဓလေ့ထုံးစံကို အွန်လိုင်းတွင် ဝေဖန်မှုများ ရှိနေသော်လည်း သူ့အနေဖြင့်တော့ မရဏတရားကို ဆင်ခြင်မိစေသည့် အရေးပါသည့် ဓလေ့ပဲ ဖြစ်သည်ဟု ပြောခဲ့သည်။

“ဒါက လူတွေကို တစ်နေ့မှာ သေရမယ်ဆိုတာကို သတိပေးနေတာ ဖြစ်တယ်။ ဒါကြောင့် ဘယ်လို အသက်ရှင်သွားကြမလဲဆိုတာကို ဂရုစိုက်မိစေတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly