ပေကျင်းတွင် စအိုလမ်းကြောင်း တို့ဖတ်ယူသည့်နည်းကို အသုံးပြုပြီး ကိုဗစ်-၁၉ စစ်ဆေးမှု လုပ်ဆောင်

ပေကျင်းတွင် စအိုလမ်းကြောင်း တို့ဖတ်ယူသည့်နည်းကို အသုံးပြုပြီး ကိုဗစ်-၁၉ စစ်ဆေးမှု လုပ်ဆောင်
Photo - AFP

ဇန်နဝါရီ ၂၈

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြီးခဲ့သည့်အပတ်က အသက် ကိုးနှစ်အရွယ် ယောကျားလေးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ၎င်း၏ စာသင်ကျောင်းသည် ၀န်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူအားလုံးကို သွေးရည်ကြည် ပဋိပစ္စည်း စမ်းသပ်မှု၊ နှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ်နှင့် ယုတ်စွအဆုံး စအို တို့ဖတ် စမ်းသပ်မှုအပါအ၀င် စမ်းသပ်စစ်ဆေးမှုနည်းလမ်း အမျိုးစုံကို လုပ်ဆောင်ခဲ့သည်။

ထို့အတွက်ကြောင့် စအိုမှ တို့ဖတ်နမူနာယူ စမ်းသပ်စစ်ဆေးခြင်းက အခြားသော အစီအမံများထက်စာပါက ဗိုင်းရပ်စ်ကို စစ်ဆေးရာတွင် ပိုမို မှန်ကန်တိကျမှု ရှိနိုင်သလားဆိုပြီး လူအများ၏ သိချင်စိတ်ကို ဖြစ်ပေါ်စေခဲ့ကြသည်။

ပေကျင်းရှိ You’an ဆေးရုံမှ ကူးစက်ပြန့်ပွားလွယ်သော ‌‌ရောဂါများကုသရေးဆိုင်ရာ တာ၀န်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဒုတိယညွန်ကြားရေးမှူးတစ်ဦးဖြစ်သည့် လီ တုန်ဇန်က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် ခန္ဓာကိုယ်၏ အပေါ်ပိုင်း ကိုယ်တွင်းလမ်းကြောင်းများမှ ယူထားသည့် နမူနာများထက်စာရင် စအိုနှင့် မစင် တို့တွင် ပိုမိုရှည်ကြာစွာ ရှင်သန်နိုင်သည်ကို လေ့လာချက်များက ပြသထားကြောင်း ပြောခဲ့သည်။ တိတ်တဆိတ် ရောဂါပိုးသယ်ဆောင်သူများအတွက် ဆိုပါက ဗိုင်းရပ်စ်သည် ၎င်းတို့၏ လည်ချောင်းများ၌ သုံးရက်မှ ငါးရက်ကြာအထိ ရှိနိုင်သည့်အတွက် စမ်းသပ်စစ်ဆေးမှုတစ်ချို့တွင် မှားယွင်းပြီး ပိုးမရှိဆိုသည့် ရလဒ်များ ထွက်စေနိုင်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

စအိုမှ တို့ဖတ်နမူနာတစ်ခု ယူခြင်းက အဓိက အစုအဖွဲ့များတွင် မှန်ကန်တိကျမှုကို မြင့်တက်စေနိုင်ကြောင်း လီက တရုတ်ဗဟိုတယ်လီဗေးရှင်းနှင့် အင်တာဗျူးတစ်ခုတွင် မှတ်ချက်ပြုခဲ့သည်။ သို့သော် ထိုနည်းလမ်းက လည်ချောင်း သလိပ်နမူနာများလောက် အဆင်ပြေမှု မရှိဘဲ ယင်းကို ကွာရန်တင်း စင်တာများရှိ အဓိက လူအုပ်စုများတွင်သာ အသုံးချနိုင်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ထို စမ်းသပ်စစ်ဆေးမှုနည်းလမ်းက ပညာရှင်များအကြား အငြင်းပွားဖွယ် ဖြစ်နေခဲ့သည်။ ဗိုင်းရပ်စ်သည် အစာခြေစနစ်ထက်စာပါက အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်သည်ကို သက်သေပြသထားပြီး ဖြစ်သဖြင့် အထိရောက်ဆုံးသော စမ်းသပ်စစ်‌ဆေးမှုများက နှာခေါင်းနှင့်အာခေါင် တို့ဖတ် ယူပြီး စစ်ဆေးမှုများပင်ဖြစ်နေဆဲဖြစ်ကြောင်း ၀ူဟန်တက္ကသိုလ်ရှိ ရောဂ ပစ္စယ ဇီ၀ဗေဒ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ယန် ကျန်းချိုက ပြောသည်။

“လူနာတစ်ဦးရဲ့ မစင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေတာကို စစ်ဆေးတွေ့ရှိတာနဲ့ပတ်သက်တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အဲဒါက လူ့အစာခြေစနစ်ကနေတစ်ဆင့် ကူးစက်ထားခဲ့တယ်ဆိုတာကို ပြသတဲ့ အထောက်အထား မရှိပါဘူး” ဟု ယန်က ပြောသွားခဲ့သည်။

မြို့တော်၏ Daxing အရပ်ဒေသတွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် အစုအ‌ဝေးပုံစံ ကူးစက်မှုများတွင် ကူးစက်ပြန့်နှံ့မှု ကွင်းဆက်ကို ရှာဖွေရန် အားထုတ်သည့်အနေဖြင့် ပေကျင်းတာ၀န်ရှိသူတို့သည် ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်း တရုတ်၏ မြို့တော်သို့ ၀င်‌ရောက်ထားခဲ့သည့် ပြည်ပမှ ပြန်၀င်လာသော ခရီးသွားများအားလုံးအတွက် သွေးရည်ကြည် ပဋိပစ္စည်း စမ်းသပ်မှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပေကျင်းအစိုးရက သောကြာနေ့တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly