အင်ဒိုနီးရှားမှာ ရထားတွဲတွေကို ကိုဗစ်-၁၉ အရေးပေါ် ဆေးကုသဆောင်တွေအဖြစ် ပြောင်းလဲ

အင်ဒိုနီးရှားမှာ ရထားတွဲတွေကို ကိုဗစ်-၁၉ အရေးပေါ် ဆေးကုသဆောင်တွေအဖြစ် ပြောင်းလဲ
Photo - AFP

ဇန်နဝါရီ ၂၇

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း မာဒီအွန်မြို့က အာဏာပိုင်တွေဟာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတဲ့ကြားမှာ ရထားတွဲဆိုင်း ၂၄ ဆိုင်းကို ကိုဗစ်-၁၉ လူနာတွေအတွက် အရေးပေါ်ဆေးကုသဆောင်တွေအဖြစ် ပြောင်းလဲအသုံးပြုလာပါတယ်။

မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းထားကို လျှော့ချနိုင်ရေးအတွက် ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားမှာ ကမ္ဘာ့အကြီးဆုံးထဲ အပါအဝင်ဖြစ်တဲ့ ကာကွယ်ဆေး ထိုးနှံရေး စီမံချက်ကို စတင်ဆောင်ရွက်နေချိန်မှာပဲ အင်္ဂါနေ့မှာဆိုရင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူဦးရေဟာ တစ်သန်းကျော်ထက်မနည်းအထိ ရှိလာခဲ့ပါတယ်။

လူဦးရေ သန်း ၂၇၀ နီးပါးရှိတဲ့ အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၁၂၃၅၀ ဦး ရှိပြီး သေဆုံးသူက ၂၉၀၀၀ နီးပါး ရှိကြောင်း တရားဝင်အချက်အလက်တွေအရ သိရပါတယ်။ ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုနှုန်း နည်းပါးတာကြောင့် အမှန်ကူးစက်သူဦးရေဟာ ခန့်မှန်းနှုန်းထားထက် အတော်လေး ပိုများနေနိုင်မယ်လို့လည်း ယူဆထားကြပါတယ်။

အာရှမှာ ကိုဗစ်-၁၉ ကပ်ဘေးကို အဆိုးဝါးဆုံး ခံစားနေရတဲ့ ဒီ နိုင်ငံအတွင်းမှာ လူနာဦးရေ များပြားလွန်းတာကြောင့် ဆေးရုံအချို့ဟာ ဝန်ပိလျက် ရှိနေပြီလို့ ကျန်းမာရေးပညာရှင်တွေကလည်း သတိပေးထားတာ ဖြစ်ပါတယ်။

“တော်တော်လေး ကြာကတည်းက နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ တစ်သန်းကျော်နေလိမ့်မယ်လို့ ကျွန်တော်တော့ ယူဆတယ်။”လို့ အင်ဒိုနီးရှားတက္ကသိုလ်က ရောဂါဗေဒပညာရှင် ပန်ဒူရီယိုနိုက ပြောပါတယ်။

“ကူးစက်နှုန်းက ဆက်လက်မြင့်တက်နေတုန်းပဲ၊ ဘယ်ကာလမှာ အထွဋ်အထိပ်ထိ မြင့်တက်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး၊ နှုန်းထား တက်မဆုံး ရှိနေတော့တာပဲ။”လို့ သူက ဆိုပါတယ်။

လူနာတွေကို အထူးကုသဆောင်နဲ့ သီးခြားအခန်းတွေမှာ မထားနိုင်တော့လောက်အောင်ဖြစ်နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပြီး မာဒီအွန်မြို့မှာတော့ ခုလို ရထားတွဲတွေကို ကိုဗစ်-၁၉ အရေးပေါ်ကုသဆောင်တွေအဖြစ် ပြောင်းလဲအသုံးပြုလာရတော့တာပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ ကမ္ဘာမှာ လူ နှစ်သန်းကျော်ထက်မနည်း သေဆုံးရပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို အစောပိုင်းက လျော့ပေါ့ပြောဆိုခဲ့တာအတွက် ကျယ်ကျယ်ပြန့်ပြန် ဝေဖန်ခံရသလို လူအသေအဆုံးများတဲ့ ဒီ ဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းဖို့ မဟာဗျူဟာ ချို့တဲ့တာအတွက်လည်း ပြစ်တင်ဝေဖန်ခံနေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly