ထရမ့်ကိုသတိရစေမဲ့ တရုတ်နှင့်ပတ်သက်သော လုပ်ဆောင်ခဲ့မှု

By မောင်မြသာ
27 January 2021
ထရမ့်ကိုသတိရစေမဲ့ တရုတ်နှင့်ပတ်သက်သော လုပ်ဆောင်ခဲ့မှု

ဇန်နဝါရီ ၂၇

ထရမ့်အစိုးရအာဏာလွှဲပြောင်းမှုမပြုခင် နောက်ဆုံးထိုးနှက်ချက်ကတော့  ဝီဂါမွတ်စလင်များအပေါ် တရုတ်အစိုးရ၏ ဖိနှိပ်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက လူနည်းစုများအပေါ် ထားရှိသော တရုတ်ကွန်မြူနစ်ပါတီ၏ အပြုအမူအား နာဇီပါတီနှင့် နှိုင်းယှဉ်ပြီး ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။ အများပြည်သူလူထူအကြား မည်သူသည် ဝီဂါ တိုင်းရင်းသား လူမျိုးစုဝင်ဖြစ်သည်ကို အလိုအလျောက် ခွဲခြားသတ်မှတ်ရေးအတွက် မျက်နှာအသိအမှတ်ပြု နည်းပညာကို တရုတ်က တီထွင်ရန် ကြိုးပမ်းနေသည့် သက်သေအထောက်အထားများထွက်ပေါ်လာခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ပွမ်ပီယို၏ပြောဆိုမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
 
ထုတ်ပြန်ကြေညာချက်တွင် တရုတ်က ဝီဂါမွတ်စလင်များအား ညှင်းပန်းနှိပ်စက်ခြင်း၊ ထောင်ချခြင်း၊ အတင်းအဓ္မ သားကြောဖြတ်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။ တရုတ်ကွန်မြူနစ်ပါတီ CCP ၏ မူဝါဒများသည် ဝီဂါလူမျိုးများကို ခွဲခြားရန် စနစ်တကျ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုးကွယ်ခွင့်နှင့် စုဝေးခွင့် စသည့် အခြေခံ လူ့အခွင့်အရေးများကို ငြင်းပယ်ထားသည်။ တရုတ်သည် ဝီဂါ အမျိုးသမီးများကို ကိုယ်ဝန်ဖျက်ချစေရုံသာမက ဝီဂါကလေးငယ်များအား ၎င်းတို့၏ မိသားစုများနှင့် ခွဲခြားထားသည်။ ထုတ်ပြန်ကြေညာချက်အဆုံးပိုင်းတွင် ဝီဂါလူမျိုးများအား နှိပ်စက်ညှင်းပန်းမှုကို အဆုံးသတ်ရန်အတွက် CCP ကို တောင်းဆိုထားသည်။ ထို့အပြင် ၎င်းသည် တရားစီရင်ရေးအဖွဲ့များ အနေဖြင့် အမေရိကန်၏ ဤလူမျိုးတုံးသတ်ဖြတ်မှုအား ဆန့်ကျင်တိုက်ခိုက်မှုတွင် ပါဝင်ရန်လည်း တောင်းဆိုခဲ့သည်။
 
အမှားများကို လက်ခံခြင်းနှင့် ယုံကြည်ရသော အစီရင်ခံစာများကို ဂရုပြုခြင်းထက် ထိပ်တန်း CCP အဖွဲ့ဝင်များကမူ ဝီဂါများသည် ၎င်း”ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်များ” တွင် ဆန္ဒအလျောက် ပါဝင်နေသည်ဟု ကောက်ချက်ချပြီး ထိုဖြစ်ရပ်ကို လှည့်ဖျားရန် ကြိုးစားခဲ့ကြသည်။ ရှင်ကျန်းဒေသအား အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ အဓိကနေရာဟု ခေါ်ဆိုပြီး ၎င်း၏ ပြင်းထန်သော လုပ်ရပ်များအား တရားမျှတစေရန် ကြိုးစားသည်။  

အစိုးရအပြောင်းအလဲများရှိသည့်တိုင် တရုတ်၏အဓမ္မလုပ်ဆောင်မှုများကိုဆန့်ကျင်မှု ဆက်လက်ဖြစ်ပွားနေမည်ကို ကြေညာချက်က ရှင်းလင်းစွာ ဖော်ပြနေသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။  နိုင်ငံခြားရေး ဝန်ကြီးသစ် အန်တိုနီဘလင်ကန်က တွေ့ရှိချက်များကို သဘောတူသည်ဟု ပြောကြားခဲ့သည်။

ကြေညာချက်က တရုတ်ကို ဖိအားပေးရန်နှင့် အုပ်ချုပ်ရေးအသစ်အတွက် စီစဉ်ပေးရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပုံပေါ်သည်။ ထို့အပြင် ဘိုင်ဒန်အစိုးရအနေဖြင့် တူညီသော ပြဿနာအပေါ် တရုတ်နိုင်ငံအား ကိုင်တွယ်ရန် တိကျသည့် မူဝါဒကို ကြေညာရမည်ဖြစ်ကြောင်း လမ်းညွှန်ပေးခဲ့သလိုဖြစ်စေသည်။  တရုတ်သည် လူနည်းစုများကို ဖိနှိပ်ခြင်းအတွက် ပြင်းထန်သည့် အပြည်ပြည်ဆိုင်ရာ အရေးယူဆောင်ရွက်မှုကို ရင်ဆိုင်ရပါလိမ့်မည်။
 
ထရမ့်အစိုးရသည် ပြည်တွင်း၌ ၎င်း၏ လုပ်ရပ်အမျိုးမျိုးအတွက် ပြင်းထန်သော ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသော်လည်း ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်း၊ ထိုင်ဝမ်နှင့် ဆက်ဆံရေး ပိုမိုတိုးတက်လာခြင်း၊ ကိုဗစ်ကူးစက်ရောဂါအတွက် တရုတ်အား တာဝန်ယူစေခြင်း၊ ရှင်ကျန်းတွင် တရုတ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာသို့ ချပြခြင်းအားဖြင့် အစိုးရ၏ နောက်ဆုံးနေ့ရက်တိုင် အပြီးသတ် ထိုးနှက်ခြင်းတို့ အပါအဝင် တရုတ်အား အထိနာစေရန် ပြင်းပြင်းထန်ထန်တောင်းဆိုမှုများအတွက် ယင်းအစိုးရကို သတိရနေပါလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly